ဘိုင်ယန်မြူးနစ်ကစားသမားများအနေဖြင့် ဘောလုံးအခြေခံများကို ပြန်လေ့ကျင့်ရမည်ဟု နည်းပြ နီကိုကိုဗက် ပြောကြား

ဘိုင်ယန်မြူးနစ်ကစားသမားများအနေဖြင့် ဘောလုံးအခြေခံများကို ပြန်လေ့ကျင့်ရမည်ဟု နည်းပြ နီကိုကိုဗက် ပြောကြား
Published 3 October 2018

 

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နီကိုကိုဗက်က ၎င်းတို့အသင်းအနေဖြင့် ဘောလုံးအခြေခံများကို ပြန်လေ့ကျင့်ရမည်ဖြစ်ကြောင်း အေဂျက်စ်နှင့် (၁-၁) ဂိုးဖြင့်သရေကျခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။ အသက် (၄၆)နှစ်အရွယ်ရှိ ခရိုအေရှားလူမျိုးနည်းပြ နီကိုကိုဗက်သည် ဘိုင်ယန်မြူးနစ်အသင်းကို ယခုရာသီတွင် စတင်ကိုင်တွယ်ခဲ့သူ ဖြစ်သည်။

၎င်းစတင်ကိုင်တွယ်သည့် ရာသီအစ ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် အနိုင်ရရှိခဲ့သော်လည်း နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် (၃)ပွဲတွင် လုံးဝအနိုင်မရဘဲ ဘွန်ဒစ်လီဂါတွင် အော့စ်ဘတ်ကို (၁-၁)ဂိုးဖြင့် သရေ၊ ဟာ သာဘာလင်ကို (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ နောက်ဆုံးကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် အေဂျက်စ်အသင်းကို (၁-၁)ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းမှာ လက်ရှိတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဂျာမန်မီဒီယာများက ဝေဖန်ခဲ့ကြသည်။ အေဂျက်စ်အသင်းအား အိမ်ကွင်းတွင် သရေကျသည့်ပွဲစဉ်အပြီးတွင် ကိုဗက်က ဘိုင်ယန်မြူးနစ်ကစားသမားများအနေဖြင့် အေဂျက်စ်ကစားသမားများထံမှ သင်ယူသင့်သည်ဟု အသင်းသားများကို ဝေဖန်ပြောကြားခဲ့သည်။

ကိုဗက်က "ကျွန်တော်တို့အနေနဲ့ ဘောလုံးအခြေခံတွေကို ပြန်ပြီးလေ့ကျင့်ရမယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘောလုံးလုတာတို့၊ ဘောလုံးပေးပို့တာတို့ကိုပေါ့။ ဘောလုံးပေးပို့မှုတွေ မမှားအောင်ပေါ့ဗျာ။ ဒီနေ့ပွဲမှာဆိုရင် အေဂျက်စ်အသင်းက ကျွန်တော်တို့ကို ဘယ်လိုကစားသင့်တယ်ဆိုတာ သင်ပေးသွားတယ်။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ရာသီအစက (၇)ပွဲဆက်နိုင်ခဲ့သလို ပြန်လည်လုပ်ပြဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုဖြစ်မယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက ဘောလုံးပါ။ ဘောလုံးမှာ ဒီလိုအဖြစ်မျိုးတွေက ရှောင်လွဲလို့မရပါဘူး။ လဲကျရင် ပြန်ထဖို့ပဲ ရှိပါတယ်" ဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့မှုကြောင့် အမှတ်ပေးဇယားအဆင့် (၁)နေရာကို ဒေါ့မွန်အသင်းထံ ပေးလိုက်ရပြီး (၁)မှတ်အကွာ ရမှတ် (၁၃)ဖြင့် အဆင့် (၂)နေရာတွင် ရပ်တည်နေသည်။

Most Read

Most Recent