ဆွာရက်ဇ်ရဲ့ဟက်ထရစ်နဲ့ El Clasico ပွဲစဉ်မှာ ဂိုးပြတ်နိုင်တဲ့ ဘာစီလိုနာ

ဆွာရက်ဇ်ရဲ့ဟက်ထရစ်နဲ့ El Clasico ပွဲစဉ်မှာ ဂိုးပြတ်နိုင်တဲ့ ဘာစီလိုနာ
Published 29 October 2018

ဒီတစ်ပတ်ရဲ့စိတ်အဝင်စားဆုံးပွဲဖြစ်တဲ့ El Clasico ပွဲမှာတော့ ဘာစီလိုနာအသင်းက ဆွာရက်ဇ်ရဲ့ဟက်ထရစ်ဂိုးနဲ့အတူ ရီးယဲလ်အသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ရီးယဲလ်အသင်းကို အိမ်ကွင်းမှာ ပြိုင်ပွဲစုံ (၄)ပွဲဆက် အနိုင်မကစားနိုင်ခဲ့မှုကို အဆုံးသတ်လိုက်နိုင်တာလည်းဖြစ်တယ်။

ဘာစီလိုနာရဲ့ဂိုးတွေကို ကော်တင်ဟို(၁၁ မိနစ်)၊ ဆွာရက်ဇ်(၃၀ မိနစ် ပယ်နယ်တီ၊ ၇၅ မိနစ်၊ ၈၃ မိနစ်)၊ ဗီဒယ်လ်(၈၇ မိနစ်)တို့က သွင်းယူခဲ့တာဖြစ်ပြီး ရီးယဲလ်ရဲ့နှစ်သိမ့်ဂိုးတစ်ဂိုးကို မာဆယ်လိုက (၅၀)မိနစ်မှာ ပြန်သွင်းခဲ့တာပါ။

ကော်တင်ဟိုသွင်းယူတဲ့ အဖွင့်ဂိုးဟာ ဘောလုံးပေးပို့မှု အကြိမ်(၃၀)ရှိခဲ့ပြီး ဘာစီလိုနာအသင်း Tiki-taka ကစားဟန်ကို စအသုံးပြုတဲ့ ၂၀၀၅-၀၆ ရာသီကစတင်ကာ ဂိုးတစ်ဂိုးအတွက် အများဆုံးဘောလုံးပေးပို့ရမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆွာရက်ဇ်ရဲ့ဟက်ထရစ်က El Clasico ပွဲမှာ ၁၉၉၄ မှာ ရိုမာရီယို သွင်းယူပြီးနောက်ပိုင်း ပထမဆုံးဖြစ်ခဲ့ပါတယ်။

မာဆယ်လိုကတော့ ရီးယဲလ်ကစားသမားဘဝ ပထမဆုံးအဖြစ် (၃)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးသွင်းခွင့်ရရှိမှုတွေမှာ (၂)သင်းအကြား ကွာဟချက်သိပ်မရှိပေမယ့် ဘာစီလိုနာအသင်းက အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်ခဲ့လို့ ဂိုးပြတ်သွားခဲ့တာပါ။

အခုနိုင်ပွဲကြောင့် ဘာစီလိုနာအသင်း ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး အဓိကပြိုင်ဘက် ရီးယဲလ်ကို (၇)မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။

 

Most Read

Most Recent