မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ပါတီပေါင်းစည်းရေး ဆွေးနွေး

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ပါတီပေါင်းစည်းရေး ဆွေးနွေး
Published 3 January 2018

ပါတီပေါင်းစည်းရေးအတွက် ဆွေးနွေးခဲ့သည့် မွန်နိုင်ငံရေးနှစ်ပါတီမှ ခေါင်းဆောင်များကိုတွေ့ရစဉ်

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့မှ ပါတီထိပ်ပိုင်းခေါင်းဆောင်များသည် ဇန်နဝါရီ ၂ ရက်မွန်းလွဲပိုင်းက မော်လမြိုင်မြို့တွင် ပါတီပေါင်းစည်းရေးကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးခဲ့ကြောင်း သတင်းရရှိသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) တို့မှ ပါတီထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံခဲ့ကြကြောင်း၊ ယခင်နှစ်ပါတီကိုယ်စားလှယ်သုံးဦးစီ တွေ့ဆုံခဲ့စဉ်ကသဘောတူခဲ့ကြသည့် နှစ်ပါတီကိုယ်စားလှယ်သုံးဦးစီက တစ်လတစ်ကြိမ်တွေ့ဆုံရန်၊ ထူးခြားသည့်ကိစ္စများ ပေါ်ပေါက်လာပါက အချင်းချင်းဆက်သွယ်ပြီး တွေ့ဆုံကြရန်၊ နိုင်ငံရေးနှင့် ပတ်သက်သည့်ကိစ္စများကို AMDP နှင့် MNP တို့ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ပါတီပေါင်းစည်းရေးအတွက် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးသွားရန် စသည့်ပထမအကြိမ် နှစ်ပါတီအလွတ်သဘောတွေ့ဆုံစဉ် ကသဘောတူညီခဲ့သည်များကို အတည်ပြုခဲ့ကြကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအတွင်းရေးမှူး နိုင်စံတင်က The Daily Eleven သတင်းစာကို ပြောကြားသည်။

၎င်းက “နောက်ပြီးတော့ (၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် နှစ်ပါတီလုံးက ကြေညာချက်တွေ ထုတ်ပြန်ပါမယ်။ ဒီလအတွင်းမှာပြုလုပ်မယ့် မွန်နိုင်ငံရေးညီလာခံ (မွန်ပြည်သူ့ညီလာခံ) နဲ့ပတ်သက်ပြီးတော့ နှစ်ပါတီလုံးက ထုတ်ပြန်ကြေညာချက်ကို တစ်ရက်တည်းထုတ်ပြန်သွားဖို့ စဉ်းစားထားပါတယ်။ AMDP အနေနဲ့ အဲ့ဒီညီလာခံကိုတက်ဖြစ်၊ မတက်ဖြစ်တာနဲ့ပတ်သက်ပြီးလည်း ထုတ်ပြန်ချက်မှာပါဝင်ပါမယ်” ဟု ဆက်လက်ပြောကြားသည်။

“အခုလက်ရှိမှာနှစ်ပါတီလုံးရဲ့ ပါတီဖွဲ့စည်းပုံတွေကို အချင်းချင်းလဲလှယ်ပြီးတော့ လေ့လာသွားမှာဖြစ်ပါတယ်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ တတိယအကြိမ် ပင်လုံညီလာခံလည်းစတော့မယ်ဆိုတော့ အဲ့ဒီညီလာခံပြီးမှပဲ နှစ်ပါတီဆက်လက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု နိုင်စံတင်က ပြောကြားသည်။

အလားတူ မွန်အမျိုးသားပါတီမှ အတွင်းရေးမှူး (၂) နိုင်စိုးမြင့်က “မွန်နှစ်ပါတီပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး နှစ်ပါတီက သုံးဦးကိုယ်စားလှယ်ချင်းတွေ့ခဲ့တာ လေးကြိမ်ရှိခဲ့ပြီ။ ဒီတစ်ကြိမ်ကတော့ နှစ်ပါတီထိပ်သီးခေါင်းဆောင်တွေ တွေ့ကြတာပါ။ ဒီနေ့တွေ့ဆုံပွဲမှာအဓိကအားဖြင့် ရှေ့ဆက်ရမယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ နှစ်ပါတီတွဲလုပ်သွားနိုင်ဖို့ ဆိုတဲ့အချက်အပေါ်မှာ ဥပမာအားဖြင့် အမျိုးသားနိုင်ငံရေးအဆင့် ဆွေးနွေးပွဲတွေလုပ်ဆောင်သွားဖို့ နှစ်ပါတီလုံးက ပြင်ဆင်ထားပြီးသားပါ။ ရှေ့မကြာတဲ့အချိန်မှာ မွန်ပြည်သစ်ပါတီကလည်း ပါဝင်လာနိုင်ဖို့ နီးစပ်နေတဲ့အတွက်ကို အားလုံးလက်တွဲညီညီ ဆောင်ရွက်သွားနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ အချိန်လေးတစ်ခုစောင့်နေပါတယ်” ဟုပြောကြားသည်။

“မွန်နှစ်ပါတီပေါင်းစည်းရေး ဆောင်ရွက်နေတာကိုလည်း မွန်ပြည်သူတွေကို သိစေချင်ပါတယ်။ မွန်နိုင်ငံရေးပါတီ နှစ်ပါတီပေါင်းစည်းနိုင်ဖို့အတွက်လည်း လမ်းစပေါ်နေပါပြီလို့ ပြောလို့ရနေပါပြီ” ဟု နိုင်စိုးမြင့်က ဆက်လက်ပြောကြားသည်။

မွန်နိုင်ငံရေးပါတီ နှစ်ပါတီပေါင်းစည်းရေးအတွက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီကိုယ်စားလှယ်သုံးဦးနှင့် မွန်အမျိုးသားပါတီ ကိုယ်စားလှယ်သုံးဦးတို့ နိုဝင်ဘာ ၈ ရက်က ပထမဦးဆုံးအကြိမ်အဖြစ် မော်လမြိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပါတီပေါင်းစည်းရေးအတွက် အကြိမ်ကြိမ်ညှိနှိုင်းဆောင်ရွက်သွားရန်၊ နှစ်ဖက်ကိုယ်စားလှယ်သုံးဦးစီက တစ်လတစ်ကြိမ် တွေ့ဆုံသွားရန်နှင့် ကြားကာလအတွင်းမှာလည်း အရေးပေါ်ကိစ္စများရှိလာလျှင် ချိတ်ဆက်တွေ့ဆုံသွားရန်နှင့် အမျိုးသားရေးကိစ္စများကို အတူတကွပူးပေါင်းလုပ်ဆောင်သွားရန် စသည့်အချက်သုံးချက်ကို သဘောတူညီမှုရရှိခဲ့ကြကြောင်း သိရသည်။

မွန်ပြည်သူများ၏ ဆန္ဒသဘောထားများအပေါ်မူတည်ပြီး မွန်ပြည်သူများအကျိုးသယ်ပိုးနိုင်မည့် အင်အားကောင်း၍ ကိုယ်စားပြုမှုရှိသော မွန်နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွက်လာစေရေး ဆွေးနွေးအဖြေရှာရန် ရည်ရွယ်ကာ ရှိရင်းနိုင်ငံရေးပါတီများအပါအဝင် မွန်လူထုအလွှာအသီးသီးမှ စုံညီစွာပါဝင်မည့် မွန်ပြည်သူ့ညီလာခံတစ်ရပ်ကို မွန်ညီညွတ်ရေးအဖွဲ့က ကမကထပြုပြီး မွန်ပြည်သူများ၏အားဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်များတွင် မော်လမြိုင်မြို့ရှိ သာသနာ (၂၅၀၀) ဓမ္မာရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းတွင် မွန်ပြည်သူအပေါင်းတို့၏ အကျိုးစီးပွားအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ရယူဆောင်ရွက်ရာ၌ မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီများအနေဖြင့် စုစည်းညီညွတ်စွာဆောင်ရွက်နိုင်မှ အောင်မြင်မည်ဖြစ်ကြောင်း၊ အတွေ့အကြုံများအရ နားလည်သိရှိခဲ့ခြင်းကြောင့် တကွဲတပြားစီဖြစ်နေသော မွန်နိုင်ငံရေးအင်အားစုများကို တစ်စုတစ်ဖွဲ့တည်းဖြစ်လာစေရေး ညှိနှိုင်းဆောင်ရွက်နိုင်ရန် မွန်ညီညွတ်ရေးအဖွဲ့က ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်ဟု ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းနိုင်ရေးနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၂၈ ရက်က မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် ပြုလုပ်ခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် မွန်လူငယ်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် မွန်လူငယ်များက ဆန္ဒပြုလက်မှတ်ကောက်ခံခြင်းများပြုလုပ်ခဲ့ပြီး ဇန်နဝါရီလအတွင်းပြုလုပ်မည့် မွန်ပြည်သူ့ညီလာခံသို့ တင်သွင်းသွားမည်ဖြစ်သည်။

မွန်တိုင်းရင်းသားနိုင်ငံရေးပါတီဖြစ်သည့် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ကို ပူးပေါင်းရန် မွန်ဒီမိုကရေစီပါတီအား မွန်အမျိုးသားပါတီအဖြစ် ၂၀၁၄ ခုနှစ်တွင် အမည်ပြောင်းလဲကာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှပါတီ ပူးပေါင်းလိုသူများက မွန်အမျိုးသားပါတီသို့ ပါဝင်ခဲ့ကြသည်။

သို့ရာတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ပါတီပူးပေါင်းခြင်း မပြုလိုသူများက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား ဖျက်သိမ်းခြင်းမရှိဘဲ ပါတီအား ဆက်လက်ရပ်တည်ခဲ့သဖြင့် လက်ရှိတွင်လည်း မွန်တိုင်းရင်းသားနိုင်ငံရေးပါတီမှာ နှစ်ပါတီအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပြီး ပါတီပေါင်းစည်းရေးမှာလည်း ဆွေးနွေးနေဆဲဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၄ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော်သုံးနေရာ၊ အမျိုးသားလွှတ်တော်လေးနေရာနှင့် ပြည်နယ်လွှတ်တော် ကိုးနေရာရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မွန်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာသာ အနိုင်ရရှိခဲ့သည်။

မွန်အမျိုးသားပါတီအနေဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော်တစ်နေရာနှင့် ပြည်နယ်လွှတ်တော်နှစ်နေရာသာ အနိုင်ရရှိခဲ့သည်။

Most Read

Most Recent