လူငယ်ရေးရာမူဝါဒ ယခုလအတွင်း မိတ်ဆက်မည်

လူငယ်ရေးရာမူဝါဒ ယခုလအတွင်း မိတ်ဆက်မည်
Published 3 January 2018

လူငယ်ရေးရာမူဝါဒကို ယခုလအတွင်း မိတ်ဆက်ဖြန့်ချိသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားကို ဇန်နဝါရီ ၅ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့လည်း တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက လူငယ်မူဝါဒဖြစ်မြောက်ရေးဖြစ်စဉ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားပြု ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော မူကြမ်းရေးဆွဲရေးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီတို့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံသည့်အစည်းအဝေးတွင် လူငယ်ရေးရာမူဝါဒကို Final Draft အနေဖြင့် အတည်ပြုထားကြောင်း လူငယ်ရေးရာမူဝါဒဖြစ်မြောက်ရေး ဗဟိုကော်မတီဝင် ကိုသူရစိုးက ပြောကြားသည်။

ကိုသူရစိုးက “မူကြမ်းကတော့အတည်ပြုထားပြီးပြီ။ ဆိုတော့ ကျွန်တော်တို့ Final Draft ဖြစ်သွားပြီပေါ့။ အချောသပ်ထားတဲ့ဟာ ဖြစ်ပြီပေ့ါ။ အပြီးသတ်ပေါ့ လူငယ်ရေးရာမူဝါဒချပြတဲ့ဟာ ဖြစ်သွားပါပြီ” ဟုပြောကြားသည်။

ယင်းမူဝါဒအပေါ် လူငယ်များအနေဖြင့် ဝေဖန်အကြံပြုမှုများရှိလာပါက လူငယ်မူဝါဒတွင် ထည့်သွင်းခြင်းမပြုတော့ဘဲ မဟာဗျူဟာစီမံကိန်းရေးဆွဲသည့်အခါတွင် ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“ဒီမူဝါဒကတော့ ကျွန်တော်တို့အကောင်းဆုံး အပြည့်စုံဆုံးဖြစ်အောင်ဆိုတဲ့ အနေအထားတစ်ခုအထိ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ လိုအပ်ချက်တွေရှိမှာပဲဆိုတာကိုတော့ လုံးဝလက်ခံတယ်။ ပြောရရင် လူငယ်တွေအနေနဲ့လည်း ထွက်ရှိလာမယ့်မူဝါဒအပေါ်မှာ ပွင့်ပွင့်လင်းလင်းဝေဖန်လို့ရတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကိုယ်ကျိုးစီးပွားဆိုတာထက် တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားလူငယ်တွေအပါအဝင် လူငယ်အားလုံး ပါဝင်လွှမ်းခြုံနိုင်မယ့် ကိုယ်စားပြုနိုင်မယ့် လူငယ်မူဝါဒတစ်ခုကို ကြိုးစားလုပ်ဆောင်ထားခြင်းဖြစ်သည်။ ဝေဖန်အကြံပြုမှုတွေလုပ်လို့ရပါတယ်။ ကျွန်တော်တို့ မူဝါဒဖြစ်စဉ်ရေးဆွဲရေး ကာလတစ်လျှောက်လုံးမှာတော့ လူငယ်တွေရဲ့အသံတွေပါဝင်ဖို့ အမြဲတမ်းဖိတ်ခေါ်ကမ်းလှမ်းခဲ့တယ်။ ဒါတွေနဲ့ပဲ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်” ဟု ကိုသူရစိုးက ပြောကြားသည်။

ထွက်ရှိလာမည့် လူငယ်ရေးရာမူဝါဒအပေါ် အကြံပြုချက်များရှိလာပါက အဆိုပါမူဝါဒအတွင်း ပြင်ဆင်ဖြည့်စွက်တည်းဖြတ်ခြင်းများ မပြုလုပ်တော့ဘဲ မူဝါဒကိုအခြေခံ၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် မဟာဗျူဟာစီမံကိန်းတွင်သာ အကြံပြုချက်၊ ထင်မြင်ယူဆချက်များကို ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း ကိုသူရစိုးက ပြောကြားသည်။

ဆက်လက်၍ “ကျွန်တော်တို့က ဒီဖြစ်စဉ်ကို ပြန်လည်သုံးသပ်တာမျိုးတွေရှိမယ်။ တစ်နှစ်ကြာရင် ဒီမူဝါဒက တကယ်အသက်ဝင်ရဲ့လား။ တကယ်အသုံးပြုရဲ့လားဆိုတဲ့ ပြန်လည်သုံးသပ်ရမယ့် အစီအစဉ်တွေရှိမယ်။ ဒီလိုပဲ ငါးနှစ်ပြည့်သွားရင်လည်း ပြင်ဆင်ဖြည့်စွက်လို့ရတယ်ဆိုတဲ့ အပိုဒ်တွေကိုတော့ ထည့်သွင်းရေးဆွဲထားပါတယ်” ဟု ၎င်းကဆိုသည်။

လူငယ်ရေးရာမူဝါဒ မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရ၏ ရက် ၁၀၀ စီမံချက်တွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးမှ ကိုယ်စားပြုလူငယ်ကိုယ်စားလှယ်များရွေးချယ်ကာ ၂၀၁၆ မေ ၉ ရက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent