အရပ်ဘက်အဖွဲ့အစည်းများ ပြုလုပ်ခွင့်ရှိသည့် အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ဒုတိယအကြိမ်) နေပြည်တော်တွင် ပြုလုပ်

အရပ်ဘက်အဖွဲ့အစည်းများ ပြုလုပ်ခွင့်ရှိသည့် အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ဒုတိယအကြိမ်) နေပြည်တော်တွင် ပြုလုပ်
Published 3 January 2018

ဇန်နဝါရီ ၂ ရက်က နေပြည်တော်ရှိ MICC-2 တွင်ပြုလုပ်သော အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်မျိုး)

အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ သို့မဟုတ် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို ဇန်နဝါရီ ၂ ရက်က နေပြည်တော်ရှိ MICC-2 ခန်းမတွင် စတင်ပြုလုပ်ခဲ့သည်။

အဆိုပါဖိုရမ်ကို ဇန်နဝါရီ ၂ ရက်မှ ၃ ရက်အထိ နှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့၌ ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်ခဲ့သော အကြိုဖိုရမ်မှရရှိခဲ့သည့် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မူဝါဒအကြံပြုချက်စာတမ်းနှင့် ဖက်ဒရယ်အခြေခံမူဝါဒဆိုင်ရာ အကြံပြုစာတမ်း စသည့်စာတမ်းနှစ်စောင်ကို ဖတ်ကြားမည်ဖြစ်ကြောင်း၊ ယင်းနောက် စာတမ်းနှစ်စောင်ကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုဖိုရမ်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပါ လမ်းညွှွန်ချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံနှင့်အပြိုင် ကျင်းပသော ဖိုရမ်ဖြစ်ကြောင်း၊ ကျင်းပရသည့်ရည်ရွယ်ချက်မှာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပြီး ငြိမ်းချမ်းသာယာဝပြောသော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်နိုင်ရေးဖြစ်စဉ်တွင် အားလုံးပိုင်ဆိုင်ပြီး အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စေရန်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ (UCCPF) မှ ကော်မတီဝင် ဦးနော်ထွဲက ပြောကြားသည်။

“ရည်ရွယ်ချက်နဲ့အညီ ပြည်နယ်နှင့် တိုင်းအသီးသီးမှ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များကလည်း လွန်ခဲ့တဲ့ငါးရက်အတွင်း ပြုလုပ်ခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းများ အကြိုဖိုရမ်မှာ စာတမ်းနှစ်စောင်ကို အင်တိုက်အားတိုက် ဆွေးနွေးပြီး သဘောတူညီမှုရခဲ့ပါတယ်။ ဒီနေ့နဲ့မနက်ဖြန် နှစ်ရက်တာအတွင်း ပြုလုပ်သွားမယ့် ဒီဖိုရမ်မှာ အဆိုပါစာတမ်းနှစ်စောင်ကို ဖတ်ကြားတင်သွင်းသွားမှာဖြစ်ပြီး ပြည်သူ့အသံကို ကိုယ်စားပြုတဲ့ ဒီမူဝါဒစာတမ်းနှစ်စောင်ကို UPDJC ကနေတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအထိ တင်သွင်းသွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ဦးနော်ထွဲက ပြောကြားသည်။

ဖက်ဒရယ်နှင့်ပတ်သက်ပြီး မူဝါဒပေးထားခြင်းမရှိသော်လည်း ပြည်သူများ၏ တင်ပြပေးစေလိုသည်များကို အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် တင်ပြပေးရခြင်းဖြစ်ကြောင်း၊ UPDJC အနေဖြင့် လက်မခံခြင်းများလည်းရှိလာနိုင်ပြီး အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နည်းပညာဆပ်ကော်မတီမှ ကိုဝင့်ထည်ကောင်းမြတ်က ပြောကြားသည်။

“အဓိကက အများပြည်သူက ဘာခေါင်းစဉ်ဆွေးနွေးချင်လဲဆိုတဲ့ ပြည်သူရဲ့အသံကို ကြားကနေ ဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ်။ UPDJC ရဲ့လုပ်ငန်းလမ်းညွှန် (TOR) မှာကတော့ ခေါင်းစဉ်သုံးခုကို ပေးဆွေးနွေးထားတယ်။ နိုင်ငံရေးနဲ့လုံခြုံရေးကတော့ ပေးဆွေးနွေးထားတဲ့အထဲမှာမပါဘူး။ ဒါပေမဲ့လည်း အရင်တစ်ခေါက် ပထမအကြိမ် CSO (အရပ်ဘက်လူ့အဖွဲ့အစည်းများ) ဖိုရမ်မှာ CSO TOR တစ်ခု ဝိုင်းဆွေးနွေးခဲ့ကြတယ်။ အဲဒီ CSO TOR မှာဆိုရင်တော့ ခေါင်းစဉ်ငါးခုလုံး ဆွေးနွေးမယ်ပြောတာမဟုတ်ဘူး။ ပြည်သူတွေက တင်သွင်းစေချင်တဲ့ခေါင်းစဉ်တွေကို ဒီငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့အနေနဲ့ ပြောပေးရမယ့်တာဝန်ရှိတယ်ဆိုပြီး ဆုံးဖြတ်ကြတယ်။ CSO TOR အရဆို ပြည်သူလူထုအနေနဲ့ ပြောစေချင်တဲ့ခေါင်းစဉ်တွေကို ကျွန်တော်တို့ဝိုင်းပြီး ပြောကြမယ်။ အဲဒီအတွက် သက်ဆိုင်ရာ UPDJC နဲ့လည်းညှိနှိုင်းပြီး ဆောင်ရွက်သွားမယ်။ အဓိကအားဖြင့် ဒါတွေသည် ပြည်သူလူထုအသံတွေဖြစ်တယ်။ UPDJC အနေနဲ့တော့ လက်ခံတဲ့အပိုင်းလည်း ရှိလာနိုင်တယ်။ လက်မခံနိုင်တဲ့အပိုင်းလည်း ရှိလာနိုင်တယ်။ ဒါကတော့ UPDJC က ဆုံးဖြတ်တဲ့အပိုင်းပေါ့။ ကျွန်တော်တို့ကတော့ ပြည်သူ့အသံကိုပေးတာပဲဖြစ်လို့ တင်ပို့သွားမှာပဲ ဖြစ်ပါတယ်” ဟု ကိုဝင့်ထည်ကောင်းမြတ်က ပြောကြားသည်။

အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ သို့မဟုတ် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က သတ်မှတ်ထားသည့်လုပ်ငန်းလမ်းညွှန် (TOR) နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများအကြားရှိ လုပ်ငန်းလမ်းညွှန် (TOR) တို့အကြား အမြင်မတူညီမှုများရှိကြောင်းလည်း အရပ်ဘက်လူ့အဖွဲ့အစည်းများက ပြောကြားထားသည်။ လက်ရှိတွင် ကယားပြည်နယ်မှာ ဒေသအခြေအနေအရ အဆင်သင့်မဖြစ်၍ မပါဝင်နိုင်ကြောင်း၊ နောက်ပိုင်းတွင် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်နယ်ကတော့ ကရင်နီပြည်နယ်က လောလောဆယ်မှာတော့ ဒေသအခြေအနေနဲ့ အဆင်သင့်မဖြစ်သေးလို့ မပါဝင်တာပဲရှိပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲအလုပ်လုပ်နေတဲ့ အပိုင်းတွေရှိပါတယ်။ ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်း ကော်မတီထဲမှာဆိုလို့ရှိရင်လည်း ကရင်နီပြည်နယ်ကလွှတ်ထားတဲ့ ကိုယ်စားလှယ်နှစ်ယောက်ကပါဝင်ပြီး ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ သူတို့အနေနဲ့ ဆွေးနွေးပွဲမလုပ်နိုင်သေးဘူးပေါ့။ ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေကြောင့် ဖြစ်ပါတယ်။ အဓိကအားဖြင့် ဒါကြီးကို အထူးတလည် ကန့်ကွက်တာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့အသံတွေကတော့ ပါမလာသေးဘူး။ နောက်ပိုင်းကျရင်ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာတွေရှိပါတယ်” ဟု ကိုဝင့်ထည်ကောင်းမြတ်က ဆိုသည်။

ပထမအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်တွင် ရှေ့ဆက်ပြုလုပ်မည့် ဖိုရမ်ပုံစံကို ဆွေးနွေးခြင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) များအနေဖြင့် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း အမျိုးသားရေးအသွင်အပြင် (Nation Building) တည်ဆောက်ရေးတို့အတွက် လိုအပ်သည့်အရာများကို CSO ရှုထောင့်မှတင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အဆိုပါဖိုရမ်မှရလဒ်များအား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တင်သွင်းခဲ့ခြင်းမရှိပေ။

အကြောင်းအရာအလိုက်ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ပထမအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်) တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝသယံဇာတ စသည့်ကဏ္ဍလေးခုအနက် လူမှုရေးကဏ္ဍမှ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍမှ ဖက်ဒရယ်စနစ်ဆိုင်ရာစီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ကဏ္ဍမှ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခွင့်ရရှိခဲ့သည်။

Most Read

Most Recent