ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်း ပဲစင်းငုံစိုက်တောင်သူများ သီးနှံစတင်ရိတ်သိမ်းခြွေလှေ့နေပြီး အထွက်နှုန်းလျော့ကျခြင်းနှင့် ဈေးနှုန်းကျဆင်းခြင်းများကြောင့် စိုက်ပျိုးစရိတ်ဆုံးရှုံးမှု များပြား

ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်း ပဲစင်းငုံစိုက်တောင်သူများ သီးနှံစတင်ရိတ်သိမ်းခြွေလှေ့နေပြီး အထွက်နှုန်းလျော့ကျခြင်းနှင့် ဈေးနှုန်းကျဆင်းခြင်းများကြောင့် စိုက်ပျိုးစရိတ်ဆုံးရှုံးမှု များပြား
Published 29 December 2017

ပဲစင်းငုံ ရိတ်သိမ်းခြွေလှေ့နေသည့် မြိုင်မြို့နယ် အိုရင်းကျေးရွာမှ တောင်သူများအား ဒီဇင်ဘာ ၂၈ ရက်က တွေ့ရစဉ်

ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်း ပဲစင်းငုံ စိုက်တောင်သူများ ယခုဒီဇင်ဘာလကုန်ပိုင်းမှစ၍ သီးနှံစတင် ရိတ်သိမ်းခြွေလှေ့နေပြီး အထွက်နှုန်း လျော့ကျခြင်းနှင့် ဈေးနှုန်းကျဆင်းခြင်းများကြောင့် စိုက်ပျိုးစရိတ် ဆုံးရှုံးမှု များပြားနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

သီးနှံဖြစ်ထွန်းချိန်များတွင် မိုးကောင်းစွာမရရှိခြင်းနှင့် ဖျက်ပိုးကျခြင်းများကြောင့် သီးနှံအောင်မြင်မှု နည်းပါးခဲ့သည့်အတွက် ပုံမှန်အထွက်နှုန်းထက် ထက်ဝက်ခန့်လျော့ကျကြောင်း ပဲစင်းငုံရိတ်သိမ်း ခြွေလှေ့နေသည့် တောင်သူများထံက သိရသည်။

“ပဲစင်းငုံပင်တွေက အပင်ဖြစ်ပေမယ့် တချို့အသီးနည်းတယ်။ တချို့က အဖိုပင်တွေဖြစ်ပြီး လုံးဝအသီး မသီးတာတွေလည်းပါတယ်။ အထွက်နှုန်းကလည်း မနှစ်ကထက် တစ်ဝက်ကျော်လောက် လျော့မယ်။ အခုစိုက် ခင်းဆိုရင် သုံးဧကမှ အလွန်ဆုံးရ ခုနစ်တောင်းလောက်ပဲ။ လက်ရှိပဲဈေးက တစ်တင်း ကျပ် ၁၄၀၀၀ ဆိုတော့ လုပ်သားခလောက်ပဲရတယ်။ စိုက်ခနဲ့ မြေသြဇာဖိုးရှုံးတယ်။ နောက်နှစ်စိုက်ဖို့အတွက် ဒီအပင်တွေက မရိတ်လို့ လည်းမရဘူး” ဟု မြိုင်မြို့နယ် အိုရင်းကျေးရွာမှ ကိုဗညားက ပြောကြားသည်။

ပဲစင်းငုံရိတ်သိမ်းချိန် လုပ်သားရှားပါးမှုကြောင့် ပဲရိတ်သိမ်းခြွေလှေ့ရန် အလုပ်သမား ပြဿနာကြုံတွေ့ရသည့်အတွက် လက်ရှိတွင် လုပ်သားတစ်ဦး တစ်နေ့ ကျပ် ၆၀၀၀ ပေးချေ ခေါ်ယူနေရပြီး အထွက်နှုန်း နည်းပါးသည့် စိုက်ခင်းအချို့မှ ပိုင်ရှင်များမှာ သီးနှံမရိတ်သိမ်းတော့ဘဲ ဆိတ်၊ နွားများအား လွတ်ကျောင်းကာ တိရစ္ဆာန်စာ ပြုလုပ်ကြောင်း သိရသည်။

ပခုက္ကူသီးနှံဈေးကွက်အတွင်း ပဲစင်းငုံ အသစ်တစ်တင်း ကျပ် ၁၄၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိသည့်အတွက် တောင်သူများမှာ ဈေးနှုန်းမြင့်တက်လာခြင်းမရှိပါက သီးနှံရောင်းချခြင်းမပြုဘဲ တိရစ္ဆာန်အစာအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီတိုင်း တစ်တင်း ကျပ် ၁၄၀၀၀ ကတော့ သွားမရောင်းတော့ဘူး။ ရွာမှာပဲ နွားစာအနေနဲ့ ပြုတ်ကျွေးမယ်။ နောက်ဆိတ်မွေးတဲ့ သူတွေလာဝယ်လည်း ရောင်းမယ်။ ကိုယ့်ဟာကိုယ့်တော့ ကားခအရှုံးခံ မရောင်းတော့ဘူး။ လာမယ့်မိုးဦးကတော့ ပဲစင်းငုံကို လုံးဝမစိုက်တော့ဘူး။ တချို့လည်း ရှစ်မြောင်းခြားသီးညှပ် စိုက်မယ်။ ကြုံဖူးသမျှနှစ်တွေထဲ ဒီနှစ်အဆိုးဆုံးပဲ။ မြေပဲလည်းမကောင်း။ နှမ်းဈေးလည်း ခပ်သင့်သင့်။ ပဲစင်းငုံကတော့ လုံးလုံးရှုံးတယ်” ဟု  ပခုက္ကူမြို့နယ် ကိုင်းကျေးရွာမှ တောင်သူ ကိုသက်ခိုင်က ပြောကြားသည်။

စိုက်ပျိုးစရိတ် ချေးငွေရယူထားသည့် တောင်သူများမှာလာမည့် ဇန်နဝါရီ ၁ ရက် မှ ၁၅ ရက်အတွင်း ချေးငွေများပေးသွင်းရမည်ဖြစ်သည့်အတွက် လက်ရှိသီးနှံဈေးနှုန်းအရ အခက်အခဲများ ကြုံတွေ့ရပြီး ပြင်ပငွေ တိုးရှာဖွေ၍ စိုက်/ ပျိုးဘဏ်မှ ချေးငွေဆပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ပဲစင်းငုံအဓိက ဝယ်ယူရာ အိန္ဒိယနိုင်ငံမှ ပဲစင်းငုံပြန်လည် ဝယ်ယူမည်ဟု သတင်းထွက် ပေါ်လာသည့်အတွက် ပခုက္ကူသီးနှံဈေးကွက် အတွင်း ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ပဲစင်းငုံတစ်တင်း (အသစ်/ အဟောင်း) ကျပ် ၂၀၀၀ ခန့် ဈေးနှုန်းမြင့်လာပြီး ဒီဇင်ဘာ  ၂၈ ရက် ဈေးကွက်တွင် တစ်တင်း ကျပ် ၁၄၂၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Most Read

Most Recent