မန်ယူအသင်း၏ကစားပုံကိုမြင်ရသည်မှာ နာကျင်ခံစားရသည်ဟု ကန်တိုနာ ပြောကြား

မန်ယူအသင်း၏ကစားပုံကိုမြင်ရသည်မှာ နာကျင်ခံစားရသည်ဟု ကန်တိုနာ ပြောကြား
Published 27 October 2018

မန်ယူအသင်းတိုက်စစ်မှူးဟောင်း ကန်တိုနာက အသင်း၏လက်ရှိကစားပုံကို မြင်တွေ့ရသည်မှာ မိမိအား နာကျင်ခံစားရစေသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းအား အိမ်ကွင်း၌ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်း၏ကစားပုံအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

မန်ယူအသင်းနှင့်အတူ အောင်မြင်မှုများစွာရယူနိုင်ခဲ့သည့် ပြင်သစ်တိုက်စစ်မှူးဟောင်း ကန်တိုနာက နည်းပြ မော်ရင်ဟိုမှာ အသင်းအတွက် မှန်ကန်သည့်ရွေးချယ်မှုမဟုတ်ဘဲ ၎င်း၏နည်းစနစ်မှာလည်း လူငယ်ကစားသမားများအား မိမိကိုယ်ကို ယုံကြည်မှု ကင်းမဲ့စေသည်ဟု ဝေဖန်သုံးသပ်ခဲ့သည်။

အသက် (၅၂)နှစ်ရှိ ကန်တိုနာက '' ဒါကို ဥပမာပေးရရင် မိန်းမကောင်းတစ်ယောက်အတွက် မှန်ကန်တဲ့ယောကျ်ားတစ်ယောက်မဟုတ်ဘူးလို့ ဆိုရမှာပါ။ အသင်းရဲ့ကစားပုံကိုပဲပြောချင်ပါတယ်။ ဘောလုံးပွဲတွေဟာ ရှုံးနိုင်တယ်ဆိုသာ အားလုံးသိပြီးသားပါ။ဒါပေမဲ့ အိုးလ်ထရက်ဖို့ဒ်လိုနေရာမှာ ဂျူဗင်တပ်စ်ကို ဘောလုံးပိုင်ဆိုင်မှု (၇၀)ရာခိုင်နှုန်းလောက်ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့တာကတော့ တကယ့်ကို စိတ်ပျက်စရာပါပဲ။ လက်ရှိမန်စီးတီးအသင်းကစားနေတဲ့ပုံစံကိုကြည့်မိရင်လည်း မန်ယူရဲ့ကစားပုံအပေါ် ပိုပြီးတော့ နာကျင်ခံစားရပါတယ်။ သူတို့က လူငယ်တွေဖြစ်ကြပေမယ့် တာဝန်ယူစိတ်အပြည့်နဲ့ ကွင်းထဲမှာ ယုံကြည်မှုရှိ်ရှိကစားပြနေတယ်။ လက်ရှိအသင်းမှာ လူငယ်မျိုးဆက်ဆုံးရှုံးနေတယ်လို့လည်း ခံစားမိပါတယ်'' ဟုပြောကြားခဲ့သည်။

ကန်တိုနာသည် နည်းပြဟောင်း ဖာဂူဆန်လက်အောက်တွင် မန်ယူအသင်း၌ (၅)ရာသီကြာပါဝင်ကစားခဲ့ပြီး အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား(၄)ကြိမ်နှင့် အက်ဖ်အေဖလား(၂)ကြိမ်ရရှိခဲ့သူဖြစ်သည်။

ကန်တိုနာက မိမိအနေဖြင့် မန်ယူနည်းပြဖြစ်လာရန် ရည်ရွယ်ထားခြင်းမရှိဘဲ အသင်း၏လက်ရှိအခြေအနေမှန်ကိုသာ ထောက်ပြပြောဆိုခြင်းဖြစ်ကြောင်း၊ မန်ယူနည်းပြအဖြစ် အသင်းဖော်ဟောင်း ရိုင်ယန်ဂစ်အား ကိုင်တွယ်စေလိုကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent