အမေရိကန်တွင် လာလီဂါပွဲကစားမည့်အစီအစဉ်မှာ မဖြစ်နိုင်ကြောင်း အင်ဖန်တီနို ပြောကြား

အမေရိကန်တွင် လာလီဂါပွဲကစားမည့်အစီအစဉ်မှာ မဖြစ်နိုင်ကြောင်း အင်ဖန်တီနို ပြောကြား
Published 27 October 2018

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ဥက္ကဌ အင်ဖန်တီနိုက ယခုနှစ်တွင် အမေရိကန်၌ လာလီဂါပွဲစဉ်တစ်ပွဲကစားရန်စီစဉ်ထားသည့် စပိန်လာလီဂါအဖွဲ့ချုပ်၏ အဆိုပြုလွှာအား ငြင်းဆန်ပယ်ချခဲ့ပြီး လိဂ်ပွဲစဉ်များအား သက်ဆိုင််ရာနိုင်ငံပြင်တွင် ကစားခွင့်ပြုမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

စပိန်လာလီဂါအဖွဲ့ချုပ်ဥက္ကဌ တီဘတ်စ်သည် အမေရိကန်ရုပ်သံကုမ္ပဏီ Relevant နှင့် (၁၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး ယခုရာသီတွင် ဇန်နဝါရီ(၂၆)ရက်၌ ကစားမည့် ဟီရိုနာ- ဘာစီလိုနာပွဲစဉ်အား မိုင်ယာမီတွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

ယင်းအစီအစဉ်ဖြစ်မြောက်ရေးအတွက် FIFA သို့ တင်ရှိထားသည် ၎င်းတို့၏အဆိုပြုလွှာအား ယနေ့(သောကြာ)တွင် ဆုံးဖြတ်အတည်ပြုခဲ့ပြီး အင်ဖန်တီနိုက ယခုကဲ့သို့ နိုင်ငံပြင်ပ၌ လိဂ်ပွဲကစားမည့်အစီအစဉ်အား မဖြစ်နိုင်ကြောင်း ပယ်ချခဲ့ခြင်းဖြစ်သည်။

အင်ဖန်တီနိုက '' ဒီအဆိုပြုချက်အပေါ် ပြတ်ပြတ်သားသားပဲ ကျွန်တော် ငြင်းပယ်ပါတယ်။ ဟီရိုနာနဲ့ ဘာစီလိုနာတို့ရဲ့ပွဲစဉ်ကို မိုင်ယာမီမှာ ကစားဖို့ခွင့်ပြုမှာ မဟုတ်ပါဘူး။ လိဂ်တစ်ခုရဲ့တရားဝင်ပွဲစဉ်တွေကို သက်ဆိုင်ရာနိုင်ငံမှာပဲ ကစားရပါမယ်။ FIFA ကောင်စီကတော့ ဒီပွဲနဲ့ပက်သက်တဲ့အဆိုပြုချက်အပေါ်  ပြတ်သားစွာပဲ ငြင်းပယ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

လာလီဂါအဖွဲ့ချုပ်ဥက္ကဌ တီဘတ်စ်သည် လာလီဂါပြိုင်ပွဲအား ပရီးမီးယားလိဂ်ကဲ့သို့ နာမည်ကျော်ပြိုင်ပွဲတစ်ခုဖြစ်လာရန် ဆန္ဒရှိနေသော်လည်း ယခုကဲ့သို့ ငြင်းပယ်ခံရခြင်းကြောင့် စပိန်နိုင်ငံပြင်ပတွင် ပုံရိပ်မြှင့်တင်ရန်ကြိုးပမ်းမှုမှာ ခက်ခဲသွားပြီဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများရှိနေသည်။

Most Read

Most Recent