ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမတိုင်မီ လုံခြုံရေးကဏ္ဍအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွတ်သဘောတွေ့ဆုံရန် စီစဉ်နေ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမတိုင်မီ လုံခြုံရေးကဏ္ဍအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွတ်သဘောတွေ့ဆုံရန် စီစဉ်နေ
Published 26 December 2017

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအတိုင်မီ လုံခြုံရေးကဏ္ဍအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ နီးကပ်သည့်အချိန် နှစ်ရက်၊ သုံးရက်ခန့်တွင် လာတွေ့ရုံမျှဖြင့် လုံခြုံရေးကဏ္ဍကို ဆွေးနွေးရန် အဆင်မပြေနိုင်သည့်အတွက် အဆိုပါအခြေအနေကို ဖြေလျှော့ရန်နှင့် လုံခြုံရေးကဏ္ဍအတွက် ကြိုတင်၍ အလွတ်သဘော တွေ့ဆုံဆွေးနွေးပြီးမှသာ တရားဝင်ဆွေးနွေးမှုတွင် လွယ်ကူစေရန် ထိုသို့စီစဉ်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

“လုံခြုံရေးကဏ္ဍမှာ ပြဿနာကဘာလဲဆိုတော့ လုံခြုံရေးကဏ္ဍက ကဏ္ဍငါးခုမှာပါတယ်ဆိုပေမဲ့ အောက်ခြေအဆင့်တွေမှာ ဆွေးနွေးခွင့်မပေးဘူး။ အကြိုလူထုတွေ့ဆုံပွဲမှာလည်း မဆွေးနွေးရဘူး။ တရားဝင်မှာလည်း မဆွေးနွေးရဘူး။ ကရင်၊ ပအိုဝ်း၊ ချင်းမှာလည်း မဆွေးနွေးရဘူး။ အဲဒီလိုမဆွေးနွေးရတော့ အလုပ်အဖွဲ့တွေက ညီလာခံနီးမှ သုံး၊ လေးရက်မှ လာတွေ့တဲ့အခါကျတော့ မပြေလည်ဘူး။ ဒါကြောင့် အဲဒါကိုဖြေလျှော့တဲ့အနေနဲ့ ညီလာခံနီးမှ လုံခြုံရေးကဏ္ဍကို ကြိုပြီးတော့ တွေ့သင့်တယ်၊ စောပြီးတွေ့သင့်တယ်။ အလွတ်သဘော ရင်းရင်းနှီးနှီး အရင်ညှိသင့်တယ်။ ပြီးတော့မှ တရားဝင်ထိုင်ဆွေးနွေးရင် လွယ်တာပေါ့။ တရားဝင်ထိုင်ဆွေးနွေးတဲ့အခါ အဆင်မပြေရင် ပုံပျက်ပန်းပျက်ဖြစ်တာပေါ့။ အခု ကျွန်တော်တို့ KNU က ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီးရော်ဂျာခင်ဆိုသူက ဦးဆောင်ပြီးတော့ ကျွန်တော်တို့အဖွဲ့ဝင်အဖြစ်နဲ့လိုက်ပါပြီး တပ်မတော်၊ အစိုးရကိုယ်စားလှယ်နဲ့ အလွတ်သဘောစတွေ့မယ်။ လုံခြုံရေးကဏ္ဍကို အလွတ်သဘောတွေ့ပြီးတော့ အဲဒီကထွက်လာတဲ့ အခြေအနေအပေါ်မူတည်ပြီး ကျွန်တော်တို့ တစ်ခါ၊ နှစ်ခါတွေ့ဖို့လိုရင်လည်း လိုမယ်ပေါ့။ ညီလာခံရောက်ရင် တရားဝင်လုံခြုံရေးကဏ္ဍ ဆွေးနွေးနိုင်ရင်လွယ်ကူမှာပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ထိုသို့ တပ်မတော်၊ အစိုးရနှင့် အလွတ်သဘောတွေ့ဆုံရာတွင် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်များ၏ ဖွဲ့စည်းပုံရေးဆွဲခွင့်နှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း အစရှိသည့်အချက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

“လုံခြုံရေးကဏ္ဍမှာ တစ်ဆို့နေတဲ့ အချက်ကြီးသုံးချက်လောက် ရှိတယ်။ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံရေးဆွဲခွင့်ပေးထားပြီးသားကို တစ်ဖက်က ခွဲမထွက်ရဆိုတဲ့စာသား လာထည့်တော့ ပြဿနာပေါ်တယ်။ အဲဒီခွဲမထွက်ရဆိုတဲ့ စာသားက လုံခြုံရေးအမြင်အရ ပြည်ထောင်စုပြိုကွဲမှာကြောက်ပြီး ထည့်တာ။ ဒါကြောင့် အဲဒီကိစ္စဆွေးနွေးမယ်။ နောက်လမ်းပြမြေပုံ နံပါတ် (၃) မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးခြင်းနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ စာသားတစ်ပိုဒ်ပါတယ်။ အဲဒီလုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတဲ့နေရာမှာ နည်းနည်းကွဲနေတယ်။ တပ်မတော်ကတော့ ဒီအဓိပ္ပာယ်၊ တိုင်းရင်းသားလက်မှတ်ထိုးတော့ ဒီအဓိပ္ပာယ်၊ အဓိပ္ပာယ်ဖွင့်တာ နှစ်ဖက်ကမတူကြဘူး။ စာချုပ်ထဲမှာတော့ ဒီစာသားသဘောတူလို့ လက်မှတ်ထိုးခဲ့ကြပြီးပြီ။ သို့သော် အဲဒီစာသားကိုပြန်ပြီး အကောင်အထည်ဖော်မယ့်အခါကျတော့ အဓိပ္ပာယ်ဖွင့်တာမတူဘူး။ အဲဒါကအစ ပြန်ညှိရမယ်။ ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်ထားတာက လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုသည်မှာ DDR-SSR ဖြစ်သည်လို့ သဘောတူလက်မှတ်ထိုးတာ။ အဲဒီလက်မှတ်ထိုးတဲ့အတိုင်းပဲ SSR လည်းပါမယ် DDR လည်းပါမယ်။ နှစ်ခုစလုံးကို အဓိပ္ပာယ်ဖွင့်ပြီး ဆွေးနွေးဖို့လိုအပ်မယ်ဆိုတဲ့ဟာကို ညှိဖို့လိုတယ်။ တပ်ကတော့ DDR-SSR ဟုတ်တယ်။ SSR ကိုခဏထားမယ်။ ကျယ်ပြန့်တယ်။ DDR ကို အရင်ဆွေးနွေးမယ် တပ်ကအဆိုတင်တာပေါ့။ ကျွန်တော်တို့က DDR-SSR ကိုဆွေးနွေးမယ်။ နှစ်ခုစလုံးက တိုင်းပြည်အတွက်လိုအပ်တယ်။ ဒီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ် စနစ်ပြောင်းမယ်ဆိုရင် SSR ကပိုအရေးကြီးတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရမယ်။ နောက်ဆုံးငြိမ်းချမ်းရေး သဘောတူညီချက်ရရင်တော့ DDR ဆွေးနွေးမယ်။ အဲဒီခေါင်းစဉ်ကြီး သုံး၊ လေးခုရှိတယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

ထိုသို့ အလွတ်သဘောတွေ့ဆုံရာတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗိုလ်မှူးကြီး ရော်ဂျာခင်ဦးဆောင်သည့် ခုနစ်ဦးပါကိုယ်စားလှယ်အဖွဲ့မှ သွားရောက်တွေ့ဆုံသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက စီစဉ်နေကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပြုလုပ်ရန်စီစဉ်ထားသည်။

Most Read

Most Recent