ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးများ ဇန်နဝါရီ ၁၅ ရက်တွင် စတင်မည်ဖြစ်ပြီး ခြောက်လတာစီမံကိန်း၊ ဘတ်ဂျက်ဥပဒေကြမ်းများအပါအဝင် မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုရန်ရှိ

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးများ ဇန်နဝါရီ ၁၅ ရက်တွင် စတင်မည်ဖြစ်ပြီး ခြောက်လတာစီမံကိန်း၊ ဘတ်ဂျက်ဥပဒေကြမ်းများအပါအဝင် မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုရန်ရှိ
Published 26 December 2017

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ တက်ရောက်လာသော ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးများ ဇန်နဝါရီ ၁၅ ရက်တွင်စတင်မည်ဖြစ်ပြီး ခြောက်လတာစီမံကိန်း၊ ဘတ်ဂျက်ဥပဒေကြမ်းများအပါအဝင် မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုရန်ရှိကြောင်း သတင်းရရှိသည်။

လက်ရှိဘဏ္ဍာနှစ် ၂၀၁၇-၂၀၁၈ သည် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း မှတ်တမ်းတင်ထားသည်။

ထိုသို့ ဘဏ္ဍာနှစ် ပြောင်းလဲသတ်မှတ်လိုက်သည့်အတွက် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်ကာလအထိ လစ်လပ်နေသည့် ခြောက်လအတွက် ခြောက်လဘတ်ဂျက်ရေးဆွဲပြီး ဆောင်ရွက်ရန်စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ် ၃၁ ရက်မှာကုန်မယ်။ အဲဒီတော့ စမယ့်ဘဏ္ဍာနှစ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က နှစ်သစ်နဲ့စမှာဆိုတော့ အောက်တိုဘာ ၁ ရက်ကစပြီးတော့ နောက်ထပ် ၂၀၁၉ စက်တင်ဘာ ၃၀ ကျမှကုန်မယ်။ အဲဒီကျရင်တော့ ၂၀၁၈-၂၀၁၉ က ပုံမှန်တစ်နှစ်ပြန်စမှာပေါ့။ ကြားထဲမှာလွတ်နေတဲ့ ခြောက်လရှိတယ်။ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အထိပေါ့။ အဲဒါကို ခြောက်လဘတ်ဂျက် သပ်သပ်ဆွဲပြီး ဆောင်ရွက်ဖို့စီစဉ်နေပါတယ်။ အခုခြောက်လဘတ်ဂျက် ဆွဲမယ်ဆိုပြီး ဌာနတွေကိုလည်း လိုအပ်တဲ့ဘတ်ဂျက်တွေ တောင်းခံတယ်။ တောင်းထားပြီးတော့ လုပ်ငန်းစဉ်တွေကတော့ ဒီတစ်နှစ်ဘတ်ဂျက်ဆွဲသလိုပဲ လုပ်ငန်းစဉ်အားလုံးက အတူတူပဲ။ တင်ပြတာတွေ၊ စိစစ်တာတွေ အဲဒါတွေကတော့ အားလုံးအတူတူပဲဖြစ်ပါမယ်။ ဒါပေမဲ့ ဒါကလည်း အစိုးရအဖွဲ့ကိုလည်း တစ်ဖက်ကတင်ပြထားတယ်။ တစ်ဖက်ကလည်း ဝန်ကြီးဌာနတွေကို တောင်းခံထားတယ်။ အစိုးရအဖွဲ့ခွင့်ပြုပြီဆိုတာနဲ့ လုပ်ငန်းစဉ်တွေ ဆက်လုပ်ပါမယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုဝင်ဘာလအတွင်းက ပြောကြားခဲ့သည်။

ထို့အတူ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကသာ ဆောင်ရွက်ပေးရမည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စုအစိုးရအဖွဲ့က ပြောင်းလဲပြင်ဆင်ထားသည့် ဘဏ္ဍာနှစ်ကာလနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခြင်းအပါအဝင် အခြားသော လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ထိုသို့ ခြောက်လတာကာလအတွက် စီမံကိန်း၊ ဘတ်ဂျက်တို့ကို သီးခြားဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကို ထည့်သွင်းလျာထားရန်မရှိကြောင်း နာယကမန်းဝင်းခိုင်သန်းက လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးပြောကြားထားသည်။

“အခါတိုင်းလိုပါပဲ။ ကျွန်တော်တို့ ဘတ်ဂျက်စိစစ်ပုံစံကတော့ လွှတ်တော်ကစိစစ်တဲ့ပုံစံအတိုင်းပါပဲ။ ခြောက်လမို့လို့၊ တစ်နှစ်မို့လို့ဆိုတာမရှိပါဘူး။ နဂိုကတည်းက ဘတ်ဂျက်စိစစ်ရာမှာထားတဲ့ မူဝါဒတွေ၊ လွှတ်တော်က Oversight လုပ်တဲ့မူဝါဒတွေက ဥပဒေရှိနေပြီးသားပါ။ ခြောက်လဖြစ်သွားလို့ တစ်နှစ်ဖြစ်သွားလို့ဆိုပြီးမှ အထူးပြောင်းလဲစရာမရှိပါဘူး” ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းအပါအဝင် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လက်ကျန်ဥပဒေကြမ်းများကို ဆွေးနွေးအတည်ပြုသွားရန်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ဆိုသည်။

ထို့ပြင် အမျိုးသားလွှတ်တော်က အတည်ပြု၍ပေးပို့ထားသည့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့်ပတ်သက်၍လည်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ဥပဒေကြမ်းကို အထောက်အကူပြုနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ ကျောက်တူးဖော်နေသည့်နေရာများကို သွားရောက်လေ့လာမည်ဖြစ်ကြောင်း ဆိုထားသည်။

အလားတူ အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးစတင်ချိန်တွင် လွှတ်တော်အစည်းအဝေးသို့ အစီရင်ခံစာတင်သွင်းနိုင်ရန် ဆောင်ရွက်ပြီးဖြစ်ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုပြီးပေးပို့လာသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝတောရိုင်းနယ်မြေထိန်းသိမ်းရေး ဥပဒေကြမ်း၊ ခရီးသွားလုပ်ငန်းဥပဒေကြမ်း၊ ကြက်ခြေနီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ မူးယစ်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပါအဝင် ဥပဒေကြမ်း ၁၁ ခုရှိကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားထားသည်။

Most Read

Most Recent