ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံ၍ ဘင်္ဂါလီအရေးနှင့် မြောက်ကိုရီးယားအရေးကိစ္စများ ထည့်သွင်းဆွေးနွေးမည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံ၍ ဘင်္ဂါလီအရေးနှင့် မြောက်ကိုရီးယားအရေးကိစ္စများ ထည့်သွင်းဆွေးနွေးမည်
Published 26 December 2017

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုသည် မြန်မာနိုင်ငံသို့ လာမည့်ဇန်နဝါရီလအတွင်း လာရောက်မည်ဖြစ်ပြီး ၎င်း၏ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သလို ဘင်္ဂါလီအရေးအပေါ် ဂျပန်အစိုးရ၏ စိုးရိမ်ပူပန်မှုများကို တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရ သတင်းရင်းမြစ်များကိုကိုးကား၍ thejapantimes သတင်းဌာနက ဒီဇင်ဘာ ၂၄ ရက်က ဖော်ပြခဲ့သည်။

thejapantimes သတင်းဌာန၏ဖော်ပြမှုအရ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုသည် ၎င်း၏ မြန်မာနိုင်ငံပထမဆုံးခရီးစဉ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်၌ ဘင်္ဂါလီဒုက္ခသည်များ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟုသုံးထား) အတွက် ဆောက်လုပ်ထားသည့် ဒုက္ခသည်စခန်းများကိုလည်း သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်ဦးရေသည် ခြောက်သိန်းကျော်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

ယင်းအတွက် အမေရိကန်၊ အနောက်ဘက်ဥရောပနိုင်ငံများနှင့် အစ္စလာမ်နိုင်ငံအချို့က မြန်မာတပ်မတော်ကို ပြစ်တင်ဝေဖန်မှုများရှိခဲ့ပြီး အိန္ဒိယနိုင်ငံအပါအဝင် ရုရှားနှင့် တရုတ်တို့က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာအာဏာပိုင်များကို အလွန်အကျူး ဖိအားပေးမှုများမပြုလုပ်ရန် တိုက်တွန်းထားသည်။

သို့ရာတွင် မြန်မာနိုင်ငံဈေးကွက်၏ ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာကောင်းများကြောင့် တိုကျိုအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမပြေမလည်ဖြစ်မည်ကို မလိုလားကြောင်း သိရသည်။ ထို့ကြောင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုအနေဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား ကြားဝင်ဆောင်ရွက်ပေးသည့် အခန်းကဏ္ဍတွင် ပါဝင်နိုင်ရေးအတွက် ဦးတည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဂျပန်အစိုးရ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်ဟု thejapantimes သတင်းတွင်ဖော်ပြခဲ့သည်။

ဇန်နဝါရီလလယ်ခန့်၌ နေပြည်တော်တွင်တွေ့ဆုံမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုအနေဖြင့် ဘင်္ဂါလီအရေးသည် အမြန်ဆုံးပြေလည်အောင် ဖြေရှင်းရန်လိုအပ်ကြောင်း ပြောကြားမည့်အပြင် လုံလောက်သည့် ကူညီထောက်ပံ့မှုများမရရှိသေးသည့် ရခိုင်ပြည်နယ်မှ ဒေသခံများအတွက် ကူညီပံ့ပိုးပေးရန် ဂျပန်နိုင်ငံက အသင့်ရှိကြောင်းလည်း ပြောကြားသွားမည်ဟု သိရသည်။

ထို့ပြင် မြောက်ကိုရီးယား၏ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်ဖောက်ခွဲခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက စက်တင်ဘာလအတွင်း ချမှတ်လိုက်သည့် မြောက်ကိုရီးယားနိုင်ငံအပေါ် ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက မပျက်မကွက်လိုက်နာဆောင်ရွက်ရန်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက တိုက်တွန်းသွားမည်ဟု သိရသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ထဲတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြောက်ကိုရီးယားအလုပ်သမားများကို လက်ခံခြင်းမပြုရန်လည်းပါဝင်ပြီး မြန်မာနိုင်ငံသည် ပြုံယမ်းနှင့် သံတမန်နှင့် စီးပွားရေးဆက်ဆံမှုများရှိနေကြောင်း သတင်းတွင်ဖော်ပြထားသည်။