NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်အား အမျိုးသားလွှတ်တော်ကိုုယ်စားလှယ် ဦးတင်အောင်ထွန်းက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်အား အမျိုးသားလွှတ်တော်ကိုုယ်စားလှယ် ဦးတင်အောင်ထွန်းက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်
Published 25 October 2018
အောင်သူငြိမ်း

အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ် NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်အား မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက နိုင်ငံသားများ၏ ပုုဂ္ဂိုလ်ဆိုုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် မင်းဘူးမြို့ မြို့မရဲစခန်းတွင် အောက်တိုဘာ ၂၃ ရက်က အမှုဖွင့်ခဲ့ကြောင်း ဦးတင်အောင်ထွန်းက The Daily Eleven သတင်းစာကို အတည်ပြု ပြောကြားသည်။

ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်အထိ ၎င်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါတီဝင်နံပါတ်နှင့် ပါတီဝင်ကတ်များ ထုတ်ပေးခြင်း မရှိသေးသောကြောင့် ပါတီဝင်အဖြစ် မခံယူတော့ကြောင်းကို ဇွန် ၇ ရက် ရက်စွဲဖြင့် စာရေးခဲ့ပြီး ဇွန် ၁၁ ရက်က အမျိုးသားလွှတ်တော်မှတစ်ဆင့် စာတင်ခဲ့သည်ဟု ဦးတင်အောင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ စာတင်ထားသည့်ကိစ္စနှင့် ပတ်သက်ပြီး NLD ပါတီမှ ဦးတင်အောင်ထွန်းထံသို့ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း၊ ယင်းသို့ စာတင်ထားဆဲအချိန်တွင် NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဦးတင်အောင်ထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) မှ ဦးဖေချစ်တိုု့ ပါတီမှ နုတ်ထွက်ခွင့်တောင်းခြင်းသည် ပါတီစည်းကမ်းများ တင်းကျပ်လွန်းခြင်းနှင့် ပါတီသို့ အလှူငွေထည့်ဝင်ခြင်းတို့ကို လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုသောကြောင့်ဟု စက်တင်ဘာ ၂၃ ရက်က နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် ပြုလုုပ်သည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအပြီးတွင် မီဒီယာများသို့ ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ဒေါက်တာမျိုးညွန့်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းမီဒီယာများက သတင်းစာနှင့် ဂျာနယ်များတွင် သတင်းများ ဖော်ပြခဲ့ကြကြောင်း၊ ထိုသတင်းများသည် Facebook လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ပျံ့နှံ့ခဲ့ကြောင်း၊ ထို့ကြောင့် ဦးတင်အောင်ထွန်းက ၎င်းအနေဖြင့် NLD ပါတီသို့ လစာ၏ ၂၅ ရာခိုင်နှုန်း ပေးလှူရသောကြောင့်ဟု နှုတ်ဖြင့်လည်းမပြော၊ ပါတီဝင်အဖြစ် မခံယူလိုတော့ကြောင်းကို ပါတီသို့တင်ခဲ့သည့် စာတွင်လည်းမပါဘဲ ဒေါက်တာမျိုးညွန့်က မီဒီယာများသို့ ပြောကြားခဲ့သည့်အချက်များသည် ၎င်းအတွက် နိုင်ငံရေးဂုဏ်သိက္ခာ၊ လူမှုရေး ဂုဏ်သိက္ခာနှင့် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂလိကလုံခြုံမှုများ ထိခိုက်နစ်နာလျက်ရှိသည်ဟု ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပါတီဝင်အဖြစ်နဲ့ မခံယူလိုတော့ဘူးလို့ ပါတီကို အကြောင်းကြားတဲ့စာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်က ပါတီကိုု အလှူငွေ ကျပ် ၂၅၀၀၀၀ မထည့်ချင်လိုု့၊ နောက်တစ်ခါ ပါတီရဲ့တင်းကျပ်တဲ့ စည်းကမ်းတွေကို မလိုက်နာချင်လို့၊ ဒီလိုအကြောင်းပြပြီးတော့ ဂျာနယ်တစ်ခုုမှာဆိုရင် သူ (ဒေါက်တာမျိုးညွန့်) က သူတို့ကိုယ်တိုင် စာရေးပြီးတော့ တင်သွားပါတယ်ဆိုတာ မဟုတ်ဘဲနဲ့ အခုလိုမျိုး သတင်းမီဒီယာတွေကို ပြောလိုက်တယ်။ Facebook လူမှုကွန်ရက်မှာလည်း ပျံ့တယ်။ ကျွန်တော် အခုအမှုဖွင့်စဉ်မှာ ပူးတွဲပြီးထည့်ထားတဲ့ သတင်းစာသုံးစောင်ရယ်၊ ဂျာနယ်တစ်စောင်ရယ် အဲဒီအထဲမှာ အဲဒီလိုပါတာတွေက ကျွန်တော့်အတွက်ကျတော့ ကျွန်တော့်ရဲ့ ဂုုဏ်သိက္ခာကို ထိခိုက်နစ်နာမှုရှိတဲ့အတွက် ကျွန်တော် အမှုဖွင့်ခဲ့တာပါ” ဟု ဦးတင်အောင်ထွန်းက ပြောကြားသည်။

ထိုသို့အမှုဖွင့်တိုင်ကြားခံရမှုနှင့်ပတ်သက်၍ သတင်းကြားသိရသော်လည်း တရားဝင်အကြောင်းကြားမှု မရှိသေးကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ပြောတာကလည်း ပုဂ္ဂိုလ်ရေးအရ တစ်ဦးတစ်ယောက်တည်းကို ရည်ရွယ်ပြီးပြောတာမဟုတ်ပါဘူး။ ဒီနုတ်ထွက်ထားတဲ့သူတွေ၊ ကျွန်တော်တို့က ထုတ်ပယ်လိုက်တာလည်း မဟုတ်ဘူး။ သူတို့ထွက်ချင်လို့ ထွက်တာကို ကျွန်တော်တို့က နုတ်ထွက်ခွင့်ပေးလိုက်တာ။ အဲဒီမှာ ပြောတဲ့အကြောင်းအရာက အားလုံးကိုခြုံပြီးတော့ ပြောလိုက်တာ။ ဖြစ်နိုင်သရွေ့ သက်သာမယ့်အကြောင်းလေးကို ရွေးပြောလိုက်တာပါ။ အကယ်၍ သူက သိပ်ပြီးရှင်းစေချင်တော့လည်း ရှင်းရမှာပေါ့။ တရားရုံးမှာ” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် စတင်တာဝန်ထမ်းဆောင်စဉ်ကတည်းက NLD ပါတီသို့ လစာ၏ ၂၅ ရာခိုုင်နှုန်းဖြစ်သော တစ်လကျပ် ၂၅၀၀၀၀ ကိုု မည်သည့် ဝေဖန်ချက်မျှမပြုဘဲ ပေးသွင်းခဲ့ကြောင်း၊ ပါတီဝင်အဖြစ် မခံယူလိုတော့ကြောင်း စာတင်ခဲ့သည့် ဇွန်လကုန်ပိုင်းမှစ၍ ၎င်းထံသိုု့ အဆိုုပါငွေကို ကောက်ခံမှုမရှိတော့ကြောင်း၊ ထို့ကြောင့် မကွေးမြို့ ဧရာဝတီဘဏ်တွင် ဦးတင်အောင်ထွန်း၏ အမည်နှင့်တွဲလျက် NLD FUN LEADER ဟူသည့် အကောင့်ဖြင့် စက်တင်ဘာလအထိ လစဉ်ကျပ် ၂၅၀၀၀၀ ကို ထည့်ဝင်စုထားခဲ့ကြောင်း၊ ထိုငွေစုစာအုုပ်ကို လက်ရှိ အမျိုးသားလွှတ်တော်သက်တမ်း ကုန်ဆုံးလျှင် NLD  ပါတီသို့ ပေးလှူရန် ရည်ရွယ်ထားခဲ့ကြောင်း ဦးတင်အောင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

ဦးတင်အောင်ထွန်းအနေဖြင့် ပါတီဝင်အဖြစ်မှ နုတ်ထွတ်ခြင်းထက် ပါတီဝင်အဖြစ် မခံယူလိုတော့ကြောင်းကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

“ကျွန်တော်က နုတ်ထွက်စာဆိုတာထက် ယဉ်ယဉ်ကျေးကျေးလေးပဲ ပါတီဝင်အဖြစ်နဲ့ မခံယူလိုုတော့ပါကြောင်းလိုု့ ပြောခဲ့တာပါ။ ဒါလေးက ပိုပြီးယဉ်ကျေးမယ်လို့ ကျွန်တော့် စိတ်ထဲမှာ ယူဆပါတယ်။ ကျွန်တော့်ရဲ့ ပါတီဝင်အဖြစ် မခံယူလိုတော့ပါဘူးလို့ အကြောင်းကြားတဲ့စာရဲ့ အပေါ်ပိုဒ်လေးမှာ ပါတဲ့အတိုုင်းလေးက ၂၀၁၂ ခုုနှစ်နဲ့ ၂၀၁၅ ခုုနှစ်မှာ ကျွန်တော် ပါတီဝင်အဖြစ် အဆိုုပြုလွှာတွေ တင်ခဲ့ပေမယ့် အခုအချိန်ထိအောင် ပါတီဝင် နံပါတ်နဲ့ ပါတီဝင်ကတ်၊ (စမတ်ကတ်၊ စက္ကူကတ်) ထုတ်ပေးထားခြင်းမရှိဘူးဆိုတာလေးကို ကျွန်တော်ထည့်ပေးလိုက်တာက ပါတီကြီးတစ်ရပ်အနေနဲ့ ကိုယ့်ဆီမှာဝင်တဲ့ ပါတီဝင်တွေကို ဒီလောက်နှစ်ကာလတွေ ကြာတဲ့ထိအောင် ပါတီဝင်ကတ်တွေ၊ အသိအမှတ်ပြုပြီး ဆောင်ရွက်ပေးတာမျိုးလေးတွေ ကျွန်တော့်ရဲ့ အကြောင်းပြုလုုိက်တဲ့စာလေးကို ကြည့်ပြီးတော့ ပါတီကနေပြီးတော့ ကျန်တဲ့ပါတီဝင်တွေ အပေါ်မှာ စနစ်တကျလေး လုုပ်ပေးချင် လုပ်ပေးနိုင်ကောင်းရဲ့ဆို ကျွန်တော် အဲဒါလေးကို ရေးပေးလိုက်တာပါ” ဟု ဦးတင်အောင်ထွန်းက ပြောကြားသည်။

ထိုကဲ့သို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းကို မင်းဘူးမြို့ မြို့မရဲစခန်းက (ပ) ၁၁၄၈/၂၀၁၈ ဖြင့် လက်ခံခဲ့ကြောင်း ဦးတင်အောင်ထွန်းက ပုုဒ်မ ၈၊ ပုဒ်မခွဲ (စ) ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မင်းဘူးမြို့ မြို့မရဲစခန်း က အဆိုပါဥပဒေပုဒ်မ ၁၀ ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။    

Most Read

Most Recent