လူသားအားလုံးနှင့် ကိုက်ညီသော ကုလသမဂ္ဂဖြစ်စေရေးအတွက် နိုင်ငံများအကြား သာတူညီမျှမှုနှင့် အပြန်အလှန် လေးစားမှုကို မြှင့်တင်ရန်ဆိုသည့် ကုလသမဂ္ဂပဋိညာဉ်၏ မူဝါဒများကို မည်သည့်အဖွဲ့ဝင်နိုင်ငံမဆို နိုင်ငံကြီးငယ်မရွေး သတိပြုလိုက်နာရန် လိုအပ်ဟု နိုင်ငံတော်သမ္မတ ပြော

လူသားအားလုံးနှင့် ကိုက်ညီသော ကုလသမဂ္ဂဖြစ်စေရေးအတွက် နိုင်ငံများအကြား သာတူညီမျှမှုနှင့် အပြန်အလှန် လေးစားမှုကို မြှင့်တင်ရန်ဆိုသည့် ကုလသမဂ္ဂပဋိညာဉ်၏ မူဝါဒများကို မည်သည့်အဖွဲ့ဝင်နိုင်ငံမဆို နိုင်ငံကြီးငယ်မရွေး သတိပြုလိုက်နာရန် လိုအပ်ဟု နိုင်ငံတော်သမ္မတ ပြော
မကွေးမြို့ မြို့တော်ခန်းမတွင် အောက်တိုဘာ ၆ ရက်က ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲအခမ်းအနား၌ နိုင်ငံတော်သမ္မတဦးဝင်းမြင့် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး)
မကွေးမြို့ မြို့တော်ခန်းမတွင် အောက်တိုဘာ ၆ ရက်က ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲအခမ်းအနား၌ နိုင်ငံတော်သမ္မတဦးဝင်းမြင့် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး)
Published 24 October 2018
မင်းနိုင်စိုး

လူသားအားလုံးနှင့် ကိုက်ညီသော ကုလသမဂ္ဂဖြစ်စေရေးအတွက် နိုင်ငံများအကြား သာတူညီမျှမှုနှင့် အပြန်အလှန် လေးစားမှုကို မြှင့်တင်ရန်ဆိုသည့် ကုလသမဂ္ဂပဋိညာဉ်၏ မူဝါဒများကို မည်သည့်အဖွဲ့ဝင်နိုင်ငံမဆို နိုင်ငံကြီးငယ်မရွေး သတိပြုလိုက်နာရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အောက်တိုဘာ ၂၄ ရက်တွင် ကျရောက်သည့် ကုလသမဂ္ဂအဖွဲ့အား ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၇၃) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းခြင်း၊ မျှတခြင်းနှင့် ကြွယ်ဝသော ကမ္ဘာကြီးတစ်ခု ပေါ်ပေါက်ရန် ကြိုးပမ်းမှုများ၌ ကြီးမားသော အောင်မြင်မှုများရရှိစေရန် မြန်မာနိုင်ငံ ကိုယ်စား ဆုမွန်ကောင်းများ ပို့သအပ်ပါသည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ကုလသမဂ္ဂအား ဖွဲ့စည်းတည်ထောင်ပြီးသည့်အချိန်မှစ၍ ကမ္ဘာကြီးသည် သိသာထင်ရှားစွာ ပြောင်းလဲလျက်ရှိသော်လည်း ကုလသမဂ္ဂ ပဋိညာဉ်အခြေခံမူများ၏ စံနှုန်းများသည် အဖိုးမဖြတ်နိုင်ဘဲ ပိုမိုအားကောင်းသည့် နိုင်ငံတကာဆက်ဆံရေးအတွက် ယနေ့ထက်တိုင် လမ်းညွှန်အဖြစ် တည်ရှိနေပြီး ကုလသမဂ္ဂအနေဖြင့် ၎င်း၏ ဖွဲ့စည်းပုံနှင့် လုပ်ကိုင်ဆောင်ရွက်ပုံ နည်းလမ်းများကို  ယနေ့ကမ္ဘာကြီး၏ ပြောင်းလဲလာသော အမှန်တရားများနှင့် လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲနိုင်မည်ဆိုပါက ပိုမိုထိရောက်လိမ့်မည်ဟုလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ကုလသမဂ္ဂအဖွဲ့သည် ကန့်သတ်ချက်များနှင့် လိုအပ်ချက်များ ရှိနေသော်လည်း အရေးကိစ္စများ ကိုင်တွယ်ဖြေရှင်းရာတွင် ကမ္ဘာကြီးအား အသွင်ကူးပြောင်းမှုကို တွန်းအားဖြစ်စေသည့် အကောင်းဆုံးဆွေးနွေးနိုင်သည့် နေရာတစ်ခုအဖြစ် အထောက်အကူပြုပေးနေပြီး အားလုံးအတွက် ပိုမိုကောင်းမွန်၍ ငြိမ်းချမ်းသော ကမ္ဘာကြီးဖြစ်စေရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ၌ ချီးကျူးထိုက်သည့် အထောက်အကူပြု ဆောင်ရွက်ချက်များကို ပြုလုပ်ပေးလျက်ရှိနေသည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ကုလသမဂ္ဂအနေဖြင့် ၂၀၃၀ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (2030 Agenda UN SDGs) ချမှတ်ခြင်းမှတစ်ဆင့် လူသားအားလုံး၏ စီးပွားရေးနှင့်လူမှုရေး တိုးမြှင့်ရေးတို့တွင် ထူးခြားထင်ရှားသော ဆောင်ရွက်ချက်များ ပြုလုပ်နေပြီး မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဘက်ပေါင်းစုံပါဝင်ပြီး အသွင်ကူးပြောင်းလျက်ရှိသော စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူမှုရေးဖွံ့ဖြိုးမှုတို့အတွက် လမ်းပြမြေပုံတစ်ရပ်အဖြစ် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (NSDP) တစ်ရပ်အား ရေးဆွဲထားပြီးဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် ကုလသမဂ္ဂ၏ စံနှုန်းများသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးတို့ကို မြှင့်တင်သွားရန်နှင့် ဘေးအန္တရာယ်နှင့် ရန်လိုမှုတို့ကို လျှော့ချရန်တို့အတွက် အဖွဲ့ကြီး၏ ချမှတ်ထားသော နည်းလမ်းများကို ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများက လိုအပ်သလို အသုံးချသည့်အပေါ်တွင် မူတည်နေပြီး ဓမ္မဓိဋ္ဌာန်ကျခြင်း၊ သမာသမတ်ကျခြင်း၊ ပညာရှင်ပီသခြင်း၊ အချုပ်အခြာအာဏာအား လေးစားလိုက်နာခြင်းတို့သည် ကုလသမဂ္ဂအဖွဲ့၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အဓိကသော့ချက်များပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ့နိုင်ငံခြားရေးမူဝါဒ၏ အရေးကြီးသည့် မှတ်ကျောက်များထဲမှ တစ်ခုဖြစ်ပြီး နုနယ်သော ဒီမိုကရေစီနိုင်ငံအနေဖြင့် များစွာသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း မြန်မာအစိုးရသည် ကုလသမဂ္ဂ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် အရေးကြီးမှုကို အသိအမှတ်ပြုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ယနေ့ကမ္ဘာကြီးတွင် အမျိုးသားရေးစိတ်ဓာတ်၊ ဂိုဏ်းဂဏစွဲ မုန်းတီးရေးဝါဒနှင့် စီးပွားရေး မမျှတမှုတို့ မြင့်တက်လာခြင်းများကို ဝမ်းနည်းဖွယ်ရာ မျက်မြင်ကြုံတွေ့နေရပြီး ယင်းကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရာတွင် အဖွဲ့ဝင်များအားလုံး သို့မဟုတ် လူ့အဖွဲ့အစည်းများ၏ စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားပြီး ကိစ္စတစ်ခုချင်းစီအပေါ် မတူညီသော ရှုထောင့်များမှ အမြင်များကို ထည့်သွင်းစဉ်းစားသွားရန် အလွန်အရေးကြီးကြောင်း၊ မတူကွဲပြားမှုများကို ပေါင်းစပ်ညှိနှိုင်းခြင်းသည် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးကို မြှင့်တင်ရန် အမှန်တကယ်လိုလားသူများ၏ အဓိက ရည်မှန်းချက်ဖြစ်သင့်ကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။                                          

Most Read

Most Recent