အာဆီယံက ကမကထပြု လုပ်ဆောင်မည့် ဘင်္ဂါလီပြန်ပို့ရေး လုပ်ငန်းစဉ်အတွက် ထိုင်းနှင့် စင်ကာပူတို့က မြန်မာနိုင်ငံကို တွန်းအားပေးမည်

အာဆီယံက ကမကထပြု လုပ်ဆောင်မည့် ဘင်္ဂါလီပြန်ပို့ရေး လုပ်ငန်းစဉ်အတွက် ထိုင်းနှင့် စင်ကာပူတို့က မြန်မာနိုင်ငံကို တွန်းအားပေးမည်
Published 24 October 2018
Ref: Kyodo News

ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီ (မူရင်းတွင်ရို ဟင်ဂျာဟုဖော်ပြထား) ဒုက္ခသည် ၇၀၀,၀၀၀ ကျော် မြန်မာနိုင်ငံသို့ ဘေးမသီရန်မခ ပြန်လည်ပို့ဆောင်ရေးအတွက် သဘောတူညီမှုတစ်ရပ်ကို ဆွေးနွေးရန် စင်ကာပူနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ မကြာခင် မြန်မာနိုင်ငံသို့ လာရောက်ကြမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆေးဖက်ဒန်အဗ္ဗဒူလာက အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ဖော် ပြောကြားသည်။

မြန်မာနိုင်ငံသို့ သွားရောက်မည့် အာဆီယံ အသိအမှတ်ပြုမစ်ရှင်သည် နိုဝင်ဘာလလယ်တွင် ကျင်းပရန်ရှိနေသော အာဆီယံခေါင်းဆောင်များ၏ အစည်းအဝေးတွင် မူဘောင်တစ်ရပ်ကို ချမှတ်ပေးရန်ရှိနေပြီး ဘင်္ဂါလီပြဿနာကို ဦးစားပေး ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

အာဆီယံက ကမကထပြုသော ယခုပဏာမခြေလှမ်းသည် ရှေ့နှစ်အစောပိုင်းတွင် စတင်၍ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ၎င်းတို့၏နေအိမ်များထံသို့ ဘင်္ဂါလီမွတ်စလင်များ ပြန်လာစေရန် ဦးတည်စေလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဆေးဖက်ဒန်က ပြောကြားခဲ့သည်။ နေပြည်တော်သို့ ထိုမစ်ရှင် သွားရောက်မည့်အချိန်ကို ဆေးဖက်ဒန်က ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပေ။

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်ပြဿနာကို ဖြေရှင်းခြင်းမပြုပါက အကြောက်တရားကြောင့် သို့မဟုတ်၊ ထိုင်းနှင့်မလေးရှားသို့ ဒုက္ခသည်များ စုပြုံဝင်လာနိုင်သောကြောင့် အာဆီယံက အရေးယူ ဆောင်ရွက်ရမည်ဖြစ်သည်။ ကုလသမဂ္ဂ ဒုက္ခသည်အဖွဲ့တွင် မှတ်ပုံတင်မထားရသေးသော နောက်ထပ်ဘင်္ဂါလီဒုက္ခသည် ထောင်ပေါင်းများစွာ ရှိနေသေးခြင်းနှင့်အတူ မလေးရှားနိုင်ငံတွင် ဘင်္ဂါလီဒုက္ခသည် ၇၅,၀၀၀ ကျော် ရောက်ရှိနေပြီဖြစ်ကြောင်း  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သောလက နယူးယောက်မြို့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဘေးဆွယ်အစည်းအဝေးတစ်ခုတွင် အာဆီယံက ကြားဝင်ဆောင်ရွက်ပေးမည့် ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်နှင့် ပတ်သက်သော အကြောင်းအရာကို မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက ပထမဦးဆုံး အစပျိုးခဲ့ကြသည်ဟု ဆေးဖက်ဒန်က ပြောကြားခဲ့သည်။

လက်ရှိတွင် အာဆီယံဥက္ကဋ္ဌမှာ စင်ကာပူဖြစ်၍ လာမည့်ဇန်နဝါရီမှစ၍ ထိုင်းက အာဆီယံဥက္ကဋ္ဌ ဖြစ်လာမည်ဖြစ်သောကြောင့် ဘင်္ဂါလီမွတ်စလင်များကို ပြန်ပို့ရေး အစီအစဉ်ကို မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုှုင်းရသည့် တာဝန်သည် စင်ကာပူနှင့် ထိုင်းတို့ အပေါ်တွင် ကျရောက်နေသည်။ “မိုးရာသီကုန်ဆုံးမယ့် လာမယ့်နှစ်ရဲ့အစပိုင်းမှာ ဒုက္ခသည်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို စတင်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လူနည်းစု မွတ်စလင်ဖြစ်သည့် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများနှင့် မြန်မာစစ်တပ်တို့အကြား ရခိုင်ပြည်နယ်၌ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် ဘင်္ဂါလီ ၇၂၀,၀၀၀ ကျော်အား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားစေခဲ့ရသည်။

Most Read

Most Recent