အင်းဝမြို့ဟောင်းတွင် ထားရှိမည့် မြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား၏ ကြေးရုပ်တု စတင်ထုလုပ်

အင်းဝမြို့ဟောင်းတွင် ထားရှိမည့် မြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား၏ ကြေးရုပ်တု စတင်ထုလုပ်
Published 6 August 2017

အင်းဝမြို့ဟောင်းတွင် ထားရှိမည့် သတိုးမင်းဖျားရုပ်တု ထုလုပ်နေသည်ကို တွေ့ရစဉ်

အင်းဝမြို့ဟောင်းတွင် ထားရှိရန်အတွက် မြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား ကြေးရုပ်တုကို မန္တလေးမြို့ တမ္ပဝတီရပ်တွင် စတင်ထုလုပ်လျက်ရှိကြောင်း သိရသည်။

သတိုးမင်းဖျားဘုရင် ကြေးရုပ်တု သွန်းလုပ်ပြီးစီးပါက အင်းဝနန်းတော်ရာ မြို့ဟောင်းအတွင်း စိုက်ထူထားရှိ သွားမည်ဖြစ်ပြီး ယခုအခါ ကြေးသွန်းလောင်းနိုင်ရန် တမ္ပဝတီရပ်ရှိ ‘ပြည့်ဝ’ မြန်မာမှု ကြေးသွန်းလုပ်ငန်းမှ ကြေးသွန်းပညာရှင်များက တာဝန်ယူ ထုလုပ်လျက်ရှိကြောင်း သိရသည်။

“သတိုးမင်းဖျားကြေးရုပ်တု လက်ရှိအနေအထားက မြေပုံကြမ်းအဆင့်တော့ ပြီးသွားပြီလို့ ပြောလို့ရတယ်။ နောက်ထပ် ဖယောင်းအဆင့် ကျန်သေးတယ်။ ဖယောင်းရုပ်ပုံ အချောကိုင်ပြီးရင် ထပ်ပြီး မြေပြန်မံရသေးတယ်။ ပြီးတော့မှ ကြေးသွန်းလောင်းတဲ့ အဆင့်ကို ရောက်မှာပါ။ ကြေးသွန်းလောင်းပြီးရင် အသေးစိတ် အချောကိုင် အရောင်တင်တဲ့ အဆင့်တွေ လုပ်ဆောင်ရသေးတယ်” ဟု ပြည့်ဝမြန်မာမှု ကြေးသွန်းလုပ်ငန်းမှ ကိုအောင်မိုးက ပြောကြားသည်။

အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား ကြေးရုပ်တု သွန်းလောင်းနိုင်ရန် ပုဂံမြို့ဟောင်းရှိ စေတီပုထိုးများမှ နံရံဆေးရေးပန်းချီများကို ကြည့်ရှု၍ အင်းဝခေတ် ဝတ်စားဆင်ယင်မှုများအား လေ့လာခဲ့ရကြောင်း သိရသည်။

သတိုးမင်းဖျား ကြေးရုပ်တုပုံစံမှာ မတ်တတ်ရပ်ပုံစံဖြစ်ပြီး လက်တစ်ဖက်တွင် ဓားကိုကိုင်ဆွဲထား၍ အခြားလက်တစ်ဖက်တွင် လှံတံကို  ကိုင်မြှောက်ထားသည့် ဟန်ဖြစ်ကာ အမြင့် ၁၃ ပေကျော်ရှိကြောင်း၊ ကြေးသွန်းလောင်း ပြီးစီးပါက ကြေးပိဿာချိန် နှစ်တန်နီးပါး ရှိမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent