ထိုင်းနိုင်ငံရှိ အလုပ်သမား မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနများသို့ စာရင်းပေးသွင်းထားသည့် အထောက်အထားမဲ့ မြန်မာလုပ်သား သြဂုတ် ၄ ရက်အထိ နှစ်သိန်းခုနစ်သောင်းကျော်သာရှိ

ထိုင်းနိုင်ငံရှိ အလုပ်သမား မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနများသို့ စာရင်းပေးသွင်းထားသည့် အထောက်အထားမဲ့ မြန်မာလုပ်သား သြဂုတ် ၄ ရက်အထိ နှစ်သိန်းခုနစ်သောင်းကျော်သာရှိ
Published 6 August 2017

ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အလုပ်သမား မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနများသို့ စာရင်းပေးသွင်းထားသည့် အထောက်ထားမဲ့ မြန်မာလုပ်သားများ နည်းပါးနေပြီး သြဂုတ် ၄ ရက်အထိ စာရင်းပေးသွင်းထားသူ နှစ်သိန်းခုနစ်သောင်းကျော်သာ ရှိသေးကြောင်း ထိုင်းအခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့များထံမှ သိရသည်။

ထိုင်းနိုင်ငံရှိ အလုပ်ရှင်များထံတွင် လက်ရှိ အလုပ်လုပ်ကိုင်နေသော်လည်း အလုပ်ရှင် (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပါနေရာ ကွဲလွဲနေသည့် အလုပ်သမားများ၊ အထောက်အထား ရှိသော်လည်း သက်တမ်းကုန်နေသဖြင့် တရားမဝင်ဖြစ်နေသည့် အလုပ်သမားများနှင့် အထောက်အထားမဲ့ အလုပ်သမားများ အနေဖြင့် အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်က တရားဝင်ခန့်အပ် တာဝန်ပေးထားသည့် အလုပ်ရှင် ကိုယ်စားလှယ်နှင့်အတူ ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဗဟိုဌာနများသို့ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၇ ရက်အထိ သွားရောက် စာရင်းသွင်းရန် ထိုင်းအစိုးရက ညွှန်ကြားထားပြီး ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၄ ရက်အထိ စာရင်းသွင်းထားသည့် မြန်မာလုပ်သားများမှာ ၂၇၈၉၃၁ ဦးသာရှိကြောင်း ထိုင်းအခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့များထံမှ သိရသည်။

ထိုင်းနိုင်ငံ တစ်ဝန်းလုံးတွင် အထောက်အထားမဲ့၊ အထောက်အထား မပြည့်စုံသည့် မြန်မာလုပ်သားများမှာ တစ်သန်းနီးပါး ရှိနိုင်သည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိအချိန်အထိ စာရင်းပေးသွင်းထားသည့် အလုပ်သမားများမှာ သုံးသိန်းဝန်းကျင်သာ ရှိသေးသည့်အတွက် စာရင်းမပေးသွင်းရသေးသူများ အနေဖြင့် သြဂုတ် ၇ ရက် အတွင်း စာရင်းပေးသွင်းရန် လိုအပ်မည် ဖြစ်သည်။

ယင်းသို့ စာရင်းပေးသွင်းသည့် အလုပ်သမား နည်းပါးနေမှုအပေါ် ထိုင်းအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) အဖွဲ့မှ ကိုရဲမင်းက “ထိုင်းမှာရှိတဲ့ အထောက်အထားမဲ့ မြန်မာတွေက ကျွန်တော်တို့ ခန့်မှန်းထားတာ တစ်သန်းဝန်းကျင်ရှိတယ်။ ဒါပေမဲ့ အခုစာရင်းသွင်းတဲ့ လူစာရင်းက သုံးသိန်းဝန်းကျင်ပဲရှိ နေသေးတော့ အရမ်းနည်းနေတယ်။ တချို့အလုပ်သမားတွေက ဒီအစီစဉ်ကို မသိကြတာ ရှိသလို ထိုင်းအလုပ်ရှင် တချို့က တာဝန်ယူပြီး စာရင်းသွင်းတာ မရှိဘူး။ လုပ်ငန်းအကြီးတွေလုပ်တဲ့ သူဌေးတွေလောက်ပဲ တာဝန်ခံပြီး စာရင်းသွင်းပေးကြတာမျိုးရှိတယ်။ တခြား အလတ်စား အသေးစားလုပ်ငန်း သူဌေးတွေကျတော့ စာရင်းသွင်းတာကို တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး။ အထောက်အထားမဲ့ အလုပ်သမားတွေကို ခိုးခိုင်းခြင်းအားဖြင့် လုပ်အားခနှိမ်လို့ရတယ်။ လုပ်ငန်းခွင် မတော်တဆမှုဖြစ်ရင် လျော်ကြေးပေးစရာ မလိုဘူး။ တကယ်လို့ ရဲကဖမ်းလည်း အထောက်အထားမဲ့ဆိုပြီး ထိုးကျွေးတာမျိုးတွေ လုပ်နိုင်တယ်” ဟု မှတ်ချက်ပြုသည်။

ထိုင်းနိုင်ငံတစ်ဝန်းလုံးတွင် ဖွင့်လှစ်ထားသည့် အလုပ်သမား မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနများမှာ မြို့နယ်တိုင်းတွင်ရှိပြီး စုစုပေါင်း ၉၉ ခုရှိကြောင်း သိရပြီး သြဂုတ် ၇ ရက်အထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent