ကမ္ဘာ့ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ

ကမ္ဘာ့ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ
Published 24 October 2018

ဒုတိယကမ္ဘာစစ်အပြီး ကုသမဂ္ဂပဋိညာဉ်အား အတည်ပြုခဲ့သည့် ၁၉၄၅ ခုနှစ် အောက်တိုဘာလ စတင်ပေါ်ပေါက်ခဲ့သည့် ကုလသမဂ္ဂအဖွဲ့ကြီးသည် ယခုအခါ သက်တမ်းအားဖြင့် ၇၃ နှစ်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ကာ ၁၉၄၉ ခုနှစ် ဧပြီ ၁၉ တွင် တရားဝင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော် ပါဝင်သည့် ကုလသမဂ္ဂအဖွဲ့ကြီးသည် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး စသည့် အခန်းကဏ္ဍ အသီးသီးအတွက် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးနှင့်  လုံခြုံရေးကို ထိန်းသိမ်းရေး၊ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်စေရေး၊ လူသားတို့ဘဝ တိုးတက်မြင့်မားရေးနှင့် တစ်ဦးချင်းစီ၏ အခွင့်အရေးများ၊ လွတ်လပ်မှုများအား လေးစားမြှင့်တင်ရေးတို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်ဟူသော ကတိကဝတ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၁၉၄၆ ခုနှစ်တွင် ကုလမသဂ္ဂ၏ ပထမဆုံးညီလာခံကို လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသားဦးသန့်သည် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ ၁၉၇၁ ဒီဇင်ဘာလ ၃၁ ရက်အထိ ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ်ရာထူးတာဝန်အား ထမ်းဆောင်နိုင်ခဲ့သော သမိုင်းမှတ်တမ်းကောင်းလည်း ရှိထားသည်။ 

၇၃ ကြိမ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ သဝဏ်လွှာတစ်ရပ် ပေးပို့ခဲ့သည်။ ကုလသမဂ္ဂအား ဖွဲ့စည်းတည်ထောင်ပြီးသည့် အချိန်မှစ၍ ကမ္ဘာကြီးသည် သိသာထင်ရှားစွာ ပြောင်းလဲလျက်ရှိသော်လည်း ကုလသမဂ္ဂ ပဋိညာဉ်အခြေခံမူများ၏ စံနှုန်းများသည် အဖိုးမဖြတ်နိုင်ဘဲ ပိုမိုအားကောင်းသည့် နိုင်ငံတကာ ဆက်ဆံရေးအတွက် ယနေ့ထက်တိုင် လမ်းညွှန်အဖြစ် တည်ရှိနေပြီး ကုလသမဂ္ဂအနေဖြင့် ၎င်း၏ဖွဲ့စည်းပုံနှင့် လုပ်ကိုင်ဆောင်ရွက်ပုံ နည်းလမ်းများကို ယနေ့ကမ္ဘာကြီး၏ ပြောင်းလဲလာသော အမှန်တရားများနှင့် လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲနိုင်မည်ဆိုပါက ပိုမိုထိရောက်လိမ့်မည်ဟု သဝဏ်လွှာတွင် ထည့်သွင်းထားသည်။ 

ကုလသမဂ္ဂအဖွဲ့သည် ကန့်သတ်ချက်များနှင့် လိုအပ်ချက်များ ရှိနေသော်လည်း အရေးကိစ္စများ ကိုင်တွယ်ဖြေရှင်းရာတွင် ကမ္ဘာကြီးအား အသွင်ကူးပြောင်းမှုကို တွန်းအားဖြစ်စေသည့် အကောင်းဆုံး ဆွေးနွေးနိုင်သည့် နေရာတစ်ခုအဖြစ် အထောက်အကူပြုပေးနေပြီး အားလုံးအတွက် ပိုမိုကောင်းမွန်၍ ငြိမ်းချမ်းသော ကမ္ဘာကြီးဖြစ်စေရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ၌ ချီးကျူးထိုက်သည့် အထောက်အကူပြု ဆောင်ရွက်ချက်များကို ပြုလုပ်ပေးလျက်ရှိနေကြောင်း၊ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ့နိုင်ငံခြားရေးမူဝါဒ၏ အရေးကြီးသည့် မှတ်ကျောက်များထဲမှ တစ်ခုဖြစ်ပြီး နုနယ်သော ဒီမိုကရေစီနိုင်ငံအနေဖြင့် များစွာသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း မြန်မာအစိုးရသည် ကုလသမဂ္ဂ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် အရေးကြီးမှုကို အသိအမှတ်ပြုကြောင်း စသည့်အချက်များကို ထည့်သွင်းထားသည်။ ယနေ့ကမ္ဘာကြီးတွင် အမျိုးသားရေး စိတ်ဓာတ်၊ ဂိုဏ်းဂဏစွဲ မုန်းတီးရေးဝါဒနှင့် စီးပွားရေး မမျှတမှုတို့ မြင့်တက်လာခြင်းများကို ဝမ်းနည်းဖွယ်ရာ မျက်မြင်ကြုံတွေ့နေရပြီး ယင်းကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရာတွင် အဖွဲ့ဝင်များအားလုံး သို့မဟုတ် လူ့အဖွဲ့အစည်းများ၏ စိုးရိမ်မှုများကို ထည့်သွင်း စဉ်းစားပြီး ကိစ္စတစ်ခုချင်းစီအပေါ် မတူညီသော ရှုထောင့်များမှ အမြင်များကို ထည့်သွင်းစဉ်းစားသွားရန် အလွန်အရေးကြီးကြောင်း၊ မတူကွဲပြားမှုများကို ပေါင်းစပ်ညှိနှိုင်းခြင်းသည် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးကို မြှင့်တင်ရန် အမှန်တကယ် လိုလားသူများ၏ အဓိက ရည်မှန်းချက်ဖြစ်သင့်ကြောင်းလည်း ဖော်ပြထားသည်။ 

သို့ပါ၍ ကမ္ဘာ့ကုလသမဂ္ဂကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် စတင်ဖွဲ့စည်းစဉ်က မူလကတိကဝတ် ပဋိညာဉ်များအတိုင်း ကမ္ဘာ့နိုင်ငံများအကြား မှန်ကန်မျှတစွာ ဆက်လက် ရပ်တည်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent