မနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ် မန်ယူ-ဂျူဗပ်တပ်စ်ပွဲအပြီးတွင် မန်ယူအသင်းဝတ်စုံဝတ်ဆင်ထားသော ပရိသတ်တစ်ဦးမှာ ကွင်းထဲသို့ ပြေးဝင်လာခဲ့ပြီး လုံခြုံရေးများက ၎င်းအား လိုက်လံဖမ်းဆီးခဲ့ရသည်။
မန်ယူအသင်းတွင် စီရော်နယ်လ်ဒို ဝတ်ဆင်ခဲ့သော ကျောနံပါတ်(၇)အကျႌကို ဝတ်ဆင်ထားသည့် ၎င်းပရိသတ်သည် ကွင်းပြင်သို့ထွက်လာသော ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုရှိရာသို့ ဦးတည်ပြေးဝင်လာခဲ့ ခြင်းဖြစ်ပြီး လုံခြုံရေးများက ၎င်းအား ဖမ်းဆီးအပြီးတွင် စီရော်နယ်လ်ဒိုသည် ၎င်းနှင့်အတူ Selfie ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရှိရသည်။
စီရော်နယ်လ်ဒို(၃၃ နှစ်) သည် လုံခြုံရေးများ ဖမ်းဆီးထားသော ၎င်းပရိသတ်ထံသို့ ပြန်လှည့်ပြီး စကားပြောဆိုနေချိန်တွင် ၎င်းက သူ၏ဖုန်းကိုထုတ်ကာ စီရော်နယ်လ်ဒိုနှင့် ဓာတ်ပုံရိုက်ရန် တောင်းဆိုခဲ့သည်။ စီရော်နယ်လ်ဒိုသည် ဖုန်းကိုကိုယ်တိုင်ကိုင်၍ Selfie ဓာတ်ပုံရိုက်ကူးပေးခဲ့သည်။
ယင်းအချိန်တွင် ၎င်းတို့အနီး ၌ အခြားသောပရိသတ်တစ်ဦးလည်း ဝင်ရောက်လာ၍ လုံခြုံရေးနှစ်ဦးက အသည်းအသန် လိုက်လံဖမ်းဆီးခဲ့ရသည်။ ယင်းပွဲပထမပိုင်းတွင်လည်း ကွင်းအတွင်းသို့ ပရိသတ်တစ်ဦး ဝင်ရောက်လာ၍ တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ ယင်းပွဲတွင် စီရော်နယ်လ်ဒိုမှာ ဂိုးမသွင်းနိုင်ခဲ့သော်လည်း အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလား သွင်းယူခဲ့သောဂိုးကို ၎င်းဖန်တီးပေးပို့ခဲ့ခြင်းဖြစ်သည်။