ရခိုင်အရေးကိစ္စသည် ယုံကြည်မှု ကင်းမဲ့နေသည့် အသိုက်အဝန်းနှစ်ခုအကြား အပြန်အလှန် ချစ်ခင်လာစေရေးအတွက် ဥပဒေ၊ အမိန့် ပြဋ္ဌာန်းဆောင်ရွက်၍ မရသည့်အလျောက် နေ့ချင်းညချင်း ဖြေရှင်းနိုင်မည့်ကိစ္စ မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးကျော်တင် ပြောကြား

ရခိုင်အရေးကိစ္စသည် ယုံကြည်မှု ကင်းမဲ့နေသည့် အသိုက်အဝန်းနှစ်ခုအကြား အပြန်အလှန် ချစ်ခင်လာစေရေးအတွက် ဥပဒေ၊ အမိန့် ပြဋ္ဌာန်းဆောင်ရွက်၍ မရသည့်အလျောက် နေ့ချင်းညချင်း ဖြေရှင်းနိုင်မည့်ကိစ္စ မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးကျော်တင် ပြောကြား
Published 22 October 2018

ရခိုင်အရေးကိစ္စသည် ယုံကြည်မှု ကင်းမဲ့နေသည့် အသိုက်အဝန်းနှစ်ခုအကြား အပြန်အလှန် ချစ်ခင်လာစေရေးအတွက် ဥပဒေ၊ အမိန့်ပြဋ္ဌာန်းဆောင်ရွက်၍ မရသည့်အလျောက် နေ့ချင်းညချင်း ဖြေရှင်းနိုင်မည့်ကိစ္စ  မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

(၁၂) ကြိမ်မြောက် အေဆမ်ထိပ်သီးအစည်းအဝေး၏ သီးသန့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ပြုလုပ်သည့် (၁၂) ကြိမ်မြောက် အာရှ-ဥရောပ ဆွေးနွေးပွဲ (အေဆမ်) ထိပ်သီးအစည်းအဝေးသို့ မြန်မာအစိုးရ၏ကိုယ်စားလှယ်အဖြစ် ပါဝင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ သီးသန့်အစည်းအဝေးတွင် အေဆမ်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီရေး၊ ရာသီဥတုပြောင်းလဲမှု၊ ရွှေ့ပြောင်းသွားလာမှု၊ ဆိုက်ဘာလုံခြုံရေး၊ မျှတသောကုန်သွယ်မှု၊ အမျိုးသမီး အခွင့်အရေးကိစ္စ၊ အပါအဝင် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးတွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အချို့က ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ရည်ညွှန်းပြောကြားလာသဖြင့် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ တုံ့ပြန်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက အေဆမ်အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ ယမန်နှစ်က မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်တွင်လည်း အကြမ်းဖက်တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ပထမအကြိမ်မှာ ကိုဖီအာနန်ကော်မရှင်ဖွဲ့စည်းပြီး တစ်လမပြည့်မီတွင်လည်းကောင်း၊ ဒုတိယအကြိမ်မှာ ကော်မရှင်၏ နောက်ဆုံးအစီရင်ခံစာ ထွက်ရှိပြီး နာရီပိုင်းအတွင်း၌လည်းကောင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ် ပြဿနာသည် လူဝင်မှုကိစ္စ၊ ဆင်းရဲနွမ်းပါးမှု၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့ပါ ပါဝင်နေသည့် အလွန်ရှုပ်ထွေးသိမ်မွေ့သည့် ပြဿနာဖြစ်ကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် ရခိုင်အရေးကိစ္စ ဖြေရှင်းရေးသည် ဒီမိုကရေစီပြောင်းလဲရေး လုပ်ငန်းစဉ် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ် အနေဖြင့် ဦးစားပေး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ယုံကြည်မှုကင်းမဲ့နေကြသည့် အသိုက်အဝန်း နှစ်ခုအကြား အပြန်အလှန် ချစ်ခင်လာကြစေရေးအတွက် ဥပဒေ၊ အမိန့်ပြဋ္ဌာန်းဆောင်ရွက်၍ မရသည့်အလျောက် နေ့ချင်းညချင်း ဖြေရှင်းနိုင်မည့်ကိစ္စမဟုတ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများသည် လုံခြုံရေးအဖွဲ့အစည်းများကို သာမက ရခိုင်ပြည်နယ်ရှိ အခြားအရပ်သား အသိုင်းအဝိုင်းများကိုလည်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဒေသခံများအကြား ကြောက်ရွံ့မှုနှင့် မတည်မငြိမ်မှုများကို ဖြစ်ပေါ်စေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူအများအပြားရွှေ့ ပြောင်းမှုများ ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် ARSA အကြမ်းဖက်အဖွဲ့၏ အန္တရာယ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လျစ်လျူရှုထားကြကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ 

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သည့် ရွှေ့ပြောင်းထွက်ခွာသွားသူများအား စိစစ်လက်ခံသွားရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် သဘောတူညီချက်များနှင့်အညီ မြန်မာဘက်မှ လိုအပ်သည်များ ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်ပို့လာပါက လက်ခံရန် အသင့်ရှိကြောင်း၊ ကုလသမဂ္ဂအေဂျင်စီနှစ်ခုနှင့်လည်း သဘောတူညီချက် လက်မှတ်ရေးထိုးထားပြီး ကွင်းဆင်းစစ်ဆေးမှု ပထမအဆင့် ပြီးစီးသွားပြီဖြစ်ကာ ဒုတိယအဆင့် စတင်ဆောင်ရွက်ရန် သဘောတူ ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ သက်သေအထောက်အထား လုံလောက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များနှင့် ပတ်သက်၍ တာဝန်ခံမှု ရှိစေရေးအတွက်လည်း ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့မှ ထင်ရှားသည့် သံတမန်နှစ်ဦး ပါဝင်သည့် လွတ်လပ်သော စုံစမ်းရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း တာဝန်ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံခေါင်းဆောင်များ အနေဖြင့် အရေးကြီးသည့် ကိစ္စရပ်များအပေါ် မူဝါဒရေးရာ ဆုံးဖြတ်ချက်များ ချမှတ်ကြရာတွင် တိကျမှန်ကန်ပြီး ဘက်လိုက်မှုကင်းသည့် အစီရင်ခံစာ အချက်အလက်များ အပေါ်အခြေခံ၍ စဉ်းစားဆောင်ရွက်သွားရန် အရေးကြီးကြောင်း စသည်ဖြင့် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။ 

အေဆမ်ကို အာရှနှင့် ဥရောပနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အာရှမှ ၂၁ နိုင်ငံ၊ ဥရောပမှ နိုင်ငံ ၃၀၊ စုစုပေါင်း ၅၁ နိုင်ငံနှင့် အဖွဲ့အစည်းနှစ်ခုဖြစ်သည့် ဥရောပသမဂ္ဂ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ဖြင့် ဖွဲ့စည်းထားကာ အေဆမ်ထိပ်သီးအစည်းအဝေးများကို နှစ်နှစ်လျှင်တစ်ကြိမ် အာရှနှင့် ဥရောပတို့တွင် တစ်လှည့်စီ ကျင်းပလေ့ရှိပြီး (၁၃) ကြိမ်မြောက် အာရှ-ဥရောပဆွေးနွေးပွဲ(အေဆမ်) ထိပ်သီးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

Most Read

Most Recent