ဒီဖရန်ဆက်စကို၏အနာဂတ်အား လာမည့်ပွဲစဉ်(၄)ပွဲဖြင့် ဆုံးဖြတ်မည်

ဒီဖရန်ဆက်စကို၏အနာဂတ်အား လာမည့်ပွဲစဉ်(၄)ပွဲဖြင့် ဆုံးဖြတ်မည်
Published 22 October 2018

ရိုးမားအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဂျိမ်းစ်ပယ်လော့တာသည် အသင်းနည်းပြ ဒီဖရန်စ္စကို၏ အနာဂတ်အား လာမည့်ပွဲစဉ် (၄)ပွဲကိုစောင့်ကြည့်ကာ ဆုံးဖြတ်သွား ဖွယ်ရှိနေကြောင်း အီတလီမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

ပြီးခဲ့သည့် စီးရီးအေပွဲစဉ် (၉)အဖြစ်ယှဉ်ပြိုင်ခဲ့သည့် ရိုးမား (၀-၂) SPAL ပွဲစဉ်အပြီးတွင် ရိုးမားဥက္ကဋ္ဌ ပယ်လော့တာမှာ အိမ်ကွင်းရှုံးပွဲအတွက် အလွန်ဒေါသထွက်လျက် ရှိနေပြီး ယင်းပွဲအပြီးမှာပင် ဒီဖရန်ဆက်စကို၏ အနာဂတ်နှင့်ပတ်သက်သည့် သတင်းများစွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပယ်လော့တာမှာ ဒီဖရန် ဆက်စကိုကို ချက်ချင်းထုတ်ပယ်သွားမည်မဟုတ်ဘဲ လာမည့် (၁၆)ရက်အတွင်း ယှဉ်ပြိုင်ရမည့် ပွဲစဉ် (၄)ပွဲရလဒ်များကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရိုးမားအသင်းသည် လာမည့်ပွဲစဉ် (၄)ပွဲအဖြစ် CSKA မော်စကိုနှင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) ပွဲ၊ နာပိုလီ၊ ဖီအိုရင်တီးနားတို့နှင့် စီးရီးအေ အဝေး ကွင်းပွဲစဉ်များအား ယှဉ်ပြိုင်ရမည်ဖြစ်ရာ ဒီဖရန်ဆက်စကိုအနေဖြင့် အသင်း တွင်ဆက်ရှိနေရေးအတွက် ရလဒ်ကောင်းရရန် ရုန်းကန်ရဖွယ်ရှိနေသည်။

ရိုးမားအသင်းသည် လက်ရှိအချိန်တွင် ရမှတ် (၁၄)မှတ်ဖြင့် စီးရီးအေအမှတ် ပေးဇယား၏ အဆင့် (၇)နေရာတွင်ရပ်တည်နေပြီး ဇယားထိပ်ဆုံးမှ ဂျူဗင်တပ်စ် အသင်းနှင့် ရမှတ် (၁၁)မှတ်အထိ ကွာဟနေသည်။

ရိုးမားအသင်းသည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂)အပြီးတွင်လည်း ရမှတ် (၃)မှတ်ဖြင့် အဆင့် (၃)နေရာတွင်ရှိ နေရာ CSKA မော်စကိုနှင့် ပွဲစဉ် (၂)မှာ အဆုံးအဖြတ်ဖြစ်လာဖွယ်ရှိနေသည်။

Most Read

Most Recent