ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 22 October 2018

အာဆင်နယ် နှင့် လက်စတာ (အင်္ဂါနံနက် ၁း၃၀ နာရီ)

မနှစ်ကတော့ ဒီနှစ်သင်းက အိမ်ကွင်းမှာ အပြန်အလှန်အနိုင်ရထားတဲ့အသင်းတွေဖြစ်ပြီး နှစ်ပွဲစလုံး ဂိုးတွေမြူးခဲ့တာတွေ့ရ တယ်။ ဒီရာသီမှာလည်း အာဆင်နယ်က နောက်ပိုင်းပွဲတွေမှာ ဂိုးတွေဆက်တိုက်သွင်းနေပြီး၊ လက်စတာရဲ့ တိုက်စစ်ကလည်း ပွဲတိုင်းလိုလိုဂိုးသွင်းနိုင်တာတွေ့ရတယ်။ နှစ်သင်းစလုံးက တိုက်စစ်အားပြုအသင်းတွေဖြစ်ပြီး ဖျော်ဖြေမှုပေးနိုင်တဲ့ပွဲကောင်း တစ်ပွဲဖြစ်လာမှာပါ။ အာဆင်နယ်က လက်ရှိအချိန်မှာ အဆင့် (၄)နေရာမှာ ရပ်တည်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ် (၆)ပွဲဆက်တိုက် အနိုင်ရထားတယ်။ ခြေစွမ်းက ဝက်ဖို့ဒ်နဲ့ပွဲကမှ အကောင်းဆုံးပုံစံ စရလာတယ်လို့ ဆိုနိုင်ပေမယ့် နိုင်ပွဲတွေအတွက် လိုအပ်တဲ့ ယုံကြည်မှုကိုတော့ အာဆင်နယ် ပိုင်ဆိုင်ခဲ့တာကြာပါပြီ။ ကာဒစ်ဖ်ကို အသည်းအသန်ကပ်နိုင်ပြီး နောက်ပိုင်းမှာ အာဆင်နယ်အသင်းရဲ့ Mentality က တောက်လျှောက်တက်လာခဲ့ပြီး နိုင်ပွဲတွေအတွက် ယုံကြည်မှုအပြည့် နဲ့ ကစားနိုင်ခဲ့တာတွေ့ရတယ်။ လာကာဇက် အကောင်းဆုံးပုံစံရနေပြီး၊ အူဘာမီယန်းကလည်း ဂိုးတွေသွင်းနိုင်တာကြောင့် အာဆင်နယ် ဂိုးတွေမြူးနေတာလည်းဖြစ်တယ်။ လက်စတာက အာဆင်နယ်လိုပဲ ဒီရာသီမှာ သရေပွဲမရှိသေးတဲ့အသင်းပါ။ စွန့်စားကစားလေ့ရှိပြီး၊ အဝေးကွင်းမှာတော့ ခံစစ်က သိသိသာသာအားနည်းပါတယ်။ အာဆင်နယ်ပဲ နိုင်မှာပါ။

ဆိုစီဒက် နှင့် ဟီရိုနာ (အင်္ဂါနံနက် ၁း၃၀ နာရီ)

ဟီရိုနာခြေစွမ်းမဆိုးလှပေမယ့် ခံစစ်ပိုင်းကတော့စိတ်မ ချရသေးပါဘူး။ ဒါကြောင့် ဟီရိုနာရဲ့လက်ရှိခံစစ်ပိုင်းကစားပုံ နဲ့တော့ အိမ်ကွင်းအားကောင်းပြီး တိုက်စစ်ထက်မြက်လေ့ရှိတဲ့ ဆိုစီဒက်ရဲ့ ကစားအားကို တစ်ချိန်လုံးထိန်းထားနို်င်ဖို့က မဖြစ် နိုင်သလောက်ပါပဲ။ ဆိုစီဒက်အတွက်လည်း အိမ်ကွင်းမှာရလဒ် ကောင်းဖို့ကအရေးကြီးပါတယ်။ အိမ်ရှင်နဲ့ ဂိုးအများပဲထင်တယ်။

ဆမ်ဒိုးရီးယား နှင့် ဆာဆူအိုလို (အင်္ဂါနံနက် ၁းဝ၀ နာရီ)

လက်ရှိရာသီစီးရီးအေမှာ ခံစစ်ထုထည်အမြင့်မားဆုံးအဖြစ် ဆမ်ဒိုးရီးယားရပ်တည်နေတယ်။ အိမ်ကွင်းဆိုရင် အမှတ်မလေလွင့်အောင် ဆမ်ဒိုးရီးယား ဂရုစိုက်နေပါတယ်။ ဆာဆူအိုလိုက ဂျူဗင်တပ်စ်၊ အေစီမီလန်၊ နာပိုလီတို့နဲ့ ပွဲကျပ်ကာလကို ရင်ဆိုင်ရပြီးနောက် တည်ငြိမ်မှု ပျက်ပြားသွားနိုင်တယ်။ ဒီပွဲမှာ သူတို့ရဲ့မျှော်လင့်ချက်ကို အရောင်တင်ဖို့ မျှော်လင့်နေနိုင်ပေမယ့် ဆမ်ဒိုးရီးယားပဲ အောင်ပွဲရပါလိမ့်မယ်။

 

 

Most Read

Most Recent