၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီအားလုံး တရားမျှတစွာ ဥပဒေအတိုင်း ရိုးရိုးသားသား ပါဝင်ယှဉ်ပြိုင်မည်ဆိုပါက ပြည်ခိုင်ဖြိုးပါတီ ၁၀၀ ရာခိုင်နှုန်းနိုင်မည်ဟု ယုံကြည်ကြောင်း ပါတီတာဝန်ရှိသူ ပြောကြား

၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီအားလုံး တရားမျှတစွာ ဥပဒေအတိုင်း ရိုးရိုးသားသား ပါဝင်ယှဉ်ပြိုင်မည်ဆိုပါက ပြည်ခိုင်ဖြိုးပါတီ ၁၀၀ ရာခိုင်နှုန်းနိုင်မည်ဟု ယုံကြည်ကြောင်း ပါတီတာဝန်ရှိသူ ပြောကြား
Published 25 November 2017

၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီအားလုံး တရားမျှတစွာ ဥပဒေအတိုင်း ရိုးရိုးသားသား ပါဝင်ယှဉ်ပြိုင်မည်ဆိုပါက ပြည်ခိုင်ဖြိုးပါတီ ၁၀၀ ရာခိုင်နှုန်းနိုင်မည်ဟု ယုံကြည်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှသိန်းက နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ် (ရန်ကုန်) တွင် နိုဝင်ဘာ ၂၃ ရက်က လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအစိုးရဖွဲ့နိုင်မည်ဟု ထင်ပါသလား မေးမြန်းမှုအပေါ် ဦးလှသိန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“အန်ကယ်တို့က ဒီဟာနဲ့ပတ်သက်လို့ တကယ်လို့တရားမျှတစွာနဲ့။ တရားမျှတစွာဆိုတာလည်း ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုရှင်းဖို့ဆိုတာ အတော်ကျယ်ပြန့်ပါတယ်။ အားလုံးဟာ တရားမျှတစွာနဲ့ ဥပဒေအတိုင်း ရိုးရိုးသားသား ပါဝင်ယှဉ်ပြိုင်ကြမယ်ဆိုရင်တော့ အန်ကယ်တို့ပါတီက ကိုယ့်ကိုယ်ကိုယ်တော့ ယုံကြည်မှုက ၁၀၀ ရာခိုင်နှုန်းပါပဲ။ အားလုံးအနိုင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အန်ကယ်တို့ပါတီကို ၂၀၁၆ ခုနှစ်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး လူသစ်စိတ်သစ်နဲ့ လူငယ်တွေနဲ့အတူ ပြည်သူကြားက ပြည်သူတစ်ယောက်ဖြစ်အောင် ပြည်သူ့ပါတီဖြစ်အောင် အန်ကယ်တို့ကြိုးစားဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်လည်း ယနေ့မှာအန်ကယ်တို့ပါတီရဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီးတော့ အမြို့မြို့အနယ်နယ်အရပ်ရပ်မှာ တိုင်းနဲ့ပြည်နယ်တွေမှာ ရွာလုံးကျွတ်တွေ ဝင်လာတာတွေလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အန်ကယ့်အနေနဲ့ ပြောမယ်ဆိုရင် အန်ကယ်တို့ပါတီကို အန်ကယ်တို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပြီးသားဖြစ်ပါတယ်” ဟု ဦးလှသိန်းက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် နေရာအများအပြားအနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့စည်းနိုင်ခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်သုံးရပ်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၀၀ ကျော်ရရှိခဲ့သော်လည်း အစိုးရဖွဲ့စည်းခွင့်ရှိသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် နေရာ ၄၀ ကျော်သာအနိုင်ရရှိခဲ့သောကြောင့် အစိုးရမဖွဲ့စည်းနိုင်ခဲ့ပေ။

ထို့ပြင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် တစ်နေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တစ်နေရာ အနိုင်ရရှိခဲ့သည်။

သို့ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်၌ အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်အား အဆိုပါမဲဆန္ဒနယ်တွင် ဒုတိယမဲအများဆုံးရရှိသည့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုဖြင့် တိုင်တန်းသောကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြားနာစစ်ဆေးပြီး NLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းအား အနိုင်ပေးလိုက်သဖြင့် အနိုင်ရရှိထားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စွန့်လွှတ်ခဲ့ရကြောင်း သိရသည်။

 

Most Read

Most Recent