
ဘဏ်များအနေဖြင့် Alipay ၊ We Chat Pay နှင့် အခြား QR Code ဖြင့် ငွေပေးချေမှုများ ဆောင်ရွက်ခြင်းမပြုလုပ်ရန်၊ မည်သည့်နည်းလမ်းနှင့်မျှ ကြော်ငြာခြင်းမပြုရန်၊ ကြော်ငြာထားပါက တစ်ပတ်အတွင်းရုပ်သိမ်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထပ်မံ အသိပေးကြေညာထားကြောင်း သိရသည်။
ဘဏ်များမှ Alipay ၊ We Chat Pay စသည့်ငွေပေးချေမှုစနစ် (ငွေကြေးဝန်ဆောင်မှုလုပ်ငန်း) များအား ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ခြင်းမပြုရန် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁ ရက်က ညွှန်ကြားချက် စတင်ထုတ်ပြန်ခဲ့ပြီး ယခုအောက်တိုဘာ ၁၇ ရက်နေ့စွဲဖြင့် ဒုတိယအကြိမ် ထပ်မံအသိပေး အကြောင်းကြားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့်အချိန်ကာလ ဖြစ်သဖြင့် QR Code ဖြင့် ငွေပေးချေမှုများအား တစ်ပြေးညီဖြစ်စေရန်အတွက် နိုင်ငံတကာ စံသတ် မှတ်ချက်ဖြစ်သည့် EMV Standard နှင့်အညီ MMQR Code Standard သတ်မှတ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ပြည်တွင်းဘဏ်များအနေဖြင့် Alipay၊ We Chat Pay စသည့် ငွေပေးချေမှုစနစ် (ငွေကြေးဝန်ဆောင်မှုလုပ်ငန်း) များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ခြင်းမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ထားမှု အခြေအနေများကို အကြောင်းပြန်ကြားရန် စက်တင်ဘာ ၂၁ ရက်တွင် အကြောင်းကြားခဲ့ပြီးဖြစ်သည်။ Alipay၊ We Chat Pay တို့မှာ Resident Financial Institution မဟုတ်ခြင်း၊ မြန်မာနိုင်ငံ၏ငွေပေးချေမှုနစ်အရ National Switch မှတစ်ဆင့် စာရင်းရှင်းလင်းခြင်းမပြုခြင်းနှင့် နိုင်ငံ ခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းနှင့် ညွှန်ကြားချက်များအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုသည့်မူဘောင်အတွင်းမှ မဟုတ်သော ငွေပေးချေမှုများကို ဆောင်ရွက်ခွင့်မပြုခြင်းဖြစ်သည်။ ထို့ပြင် National Payment and Settlement တွင် Data Residency Requirement မှာ အရေးကြီးသည့် ကိစ္စရပ်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ Alipay ၊ We Chat Payတို့အပြင် အခြား QR Code ဖြင့် ငွေပေးချေမှုများအား စာရင်းရှင်းလင်းလက်ခံဆောင်ရွက်ခြင်းမပြုရန်၊ Social Media အပါအဝင် မည်သည့်နည်းလမ်းနှင့်မျှ ကြော်ငြာခြင်းမပြုရန်နှင့် ကြော်ငြာမှုများရှိလျှင် ယခုအကြောင်း ကြားစာထုတ်ပြန်သည့်နေ့မှ တစ်ပတ်အတွင်း ရုပ်သိမ်းရန်၊ ဗဟိုဘဏ်၏ခွင့်ပြုချက်မူဘောင်အတွင်းမှသာ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားသည်။
အဆိုပါဗဟိုဘဏ်မှ ခွင့်ပြုထားခြင်းမရှိသော ကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်နေခြင်းများအား တွေ့ရှိရပါက ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ-၁၇၂ အရ ဒဏ်ကြေးအပါအဝင် အရေးယူဆောင် ရွက်သွားမည်ဖြစ်သည်။