အစ္စတန်ဘူရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း အစိုးရဝေဖန်သူ ဂျမယ်ခါရှိုဂီ အသတ်ခံခဲ့ရသည်ကို ဆော်ဒီအာရေဗျက အောက်တိုဘာ ၂၀ ရက်တွင် ဝန်ခံလိုက်ပြီဖြစ်ပြီး ခါရှိုဂီသည် ရန်ပွဲတစ်ခုအတွင်း သေ ဆုံးခဲ့သည်ဟု ထုတ်ဖော်ပြောခဲ့သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဆော်ဒီ၏ ရှင်းလင်းချက်သည် ယုတ္တိရှိသည်ဟု ပြောခဲ့သော်လည်း အမေရိကန်ထိပ်ပိုင်းလွှတ်တော်အမတ်များထံမှ လက်မခံကြောင်း အသံများ ထွက်ပေါ်ခဲ့သည်။
ယခုအမှုနှင့် ဆက်စပ်မှုရှိသော ဆော်ဒီ ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်၏ ထိပ်ပိုင်းလက်ထောက်နှစ်ဦးကို ရာထူးမှထုတ်ပယ်ကြောင်း ဆော်ဒီအစိုးရက ကြေညာခဲ့သည်။ ယင်းမတိုင်မီက ခါရှိုဂီသည် ကောင်စစ်ဝန်ရုံးထဲမှ အသက်ရှင်လျက်ထွက်သွားသည်ဟု ဆော်ဒီအာဏာပိုင်များက အခိုင်အမာ ပြောနေခဲ့သေးသည်။ အမေရိကန်က ပိတ်ဆို့အရေးယူမည်ဟုခြိမ်းခြောက်နေစဉ် ထုတ်ပြန်ခဲ့သည့် ဝန်ခံချက်သည် မင်းသားမိုဟာမက်အား ယခုအမှုနှင့် ခပ်ကင်းကင်းဖြစ်စေရန် ရည်ရွယ်ပုံရသည်။
ကောင်စစ်ဝန်ရုံးအတွင်းမှ စကားပြောမှုသည် ရန်ပွဲအဖြစ်သို့ ပြောင်းသွားခဲ့ပြီးနောက် ခါရှိုဂီ သေဆုံးခဲ့ရသည်ဟု ဆော်ဒီ ရှေ့နေချုပ် ရှိတ်ဆေယက်အယ်မိုဂျစ်က ပြောကြားခဲ့သည်။ သို့သော် ခါရှိုဂီ၏ အလောင်းမည် သည့်နေရာသို့ ရောက်သွားသည်ကိုမူ မပြောခဲ့ပေ။ “အစ္စတန်ဘူက ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ခါရှိုဂီဟာ သူနဲ့တွေ့ခဲ့တဲ့သူတွေ နဲ့ ဆွေးနွေးနေတာကနေ ရန်ပွဲဖြစ်သွားပါတယ်။ အဲဒီလက်သီးထိုးပွဲအတွင်း အရပ် သားခါရှိုဂီ သေဆုံးခဲ့ပါတယ်။ သူရဲ့ ဝိညာဉ် ငြိမ်းငြိမ်းချမ်းချမ်း အနားယူရပါစေ” ဟု ရှေ့ နေချုပ်က ပြောကြားခဲ့သည်။
ဆော်ဒီထောက်လှမ်းရေးအေဂျင်စီကို ပြန်လည်ဖွဲ့စည်းရန်နှင့် ယင်းဌာန၏လုပ်ပိုင်ခွင့်ကို တိတိကျကျဖော်ပြရန်အတွက် အိမ်ရှေ့မင်းသား၏ ဦးဆောင်မှုအောက်၌ ဝန်ကြီးအဆင့် အဖွဲ့တစ်ခုဖွဲ့ရန် ဆော်ဒီဘုရင်က အမိန့်ထုတ်ထားသည်ဟု အစိုးရမီဒီယာတွင် ဖော်ပြခဲ့သည်။ မင်းသားမိုဟာမက်၏ အတွင်းစည်းထဲမှပုဂ္ဂိုလ်များဖြစ်ကြသော ထောက်လှမ်းရေးဒုတိယဥက္ကဋ္ဌ အာမက်အယ်အက်စီရီနှင့် တော်ဝင်မီဒီယာ အကြံပေး ဆေယက်အယ်ကွာတာနီတို့လည်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
ယခုကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံတို့၏ မဟာမိတ်ဆော်ဒီသည် ဆယ်စုနှစ်များစွာအတွင်း မကြုံစဖူးဖိအားနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် မိမိကိုယ်ကိုယ်ခေတ်မီသော အာရပ်အသွင်ကူးပြောင်းသူတစ်ဦး အဖြစ်ပုံဖော်နေသည့် မင်းသားမိုဟာမက်၏ ကြိုးပမ်းမှုများအတွက်လည်း ဆိုးဆိုးရွားရွား အားလျော့စေသည်။
ခါရှိုဂီသေဆုံးမှုအတွက် ဆော်ဒီ၏ ဖြေရှင်းမှုအပေါ် ထရန့်က လျင်မြန်စွာ ထောက်ခံပေးခဲ့ပြီး ယင်းသည် အရေးကြီးသော ပထမခြေလှမ်းဟု ခေါ်ဆိုခဲ့သည်။ ဆော်ဒီတို့၏ ဖြေရှင်းချက်များသည် လက်ခံယုံကြည်နိုင် ဖွယ်ရာရှိပြီး အမေရိကန်ဘက်မှ သုံးသပ်ချက် သို့မဟုတ် စုံစမ်းမှုများမှာမူ မပြီးသေးဟု ထရန့်က ဆိုခဲ့သည်။ ယခုကိစ္စသည် ထရန့်၏ နှစ်နှစ်ကြာသမ္မတသက်တမ်းအတွင်း အဆိုးရွားဆုံး နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကျပ်အတည်းတစ်ခု လည်း ဖြစ်လာခဲ့သည်။
ဆော်ဒီအရာရှိများကမူ ခါရှိုဂီ သေဆုံးမှုတွင် မင်းသားမိုဟာမက် မပါဝင်ကြောင်း ပြောနေကြသော်လည်း နယူးယောက်တိုင်းမ် သတင်းစာကမူ ခါရှိုဂီအားသတ်သည်ဟု တူရကီဘက်မှ ယူဆနေသူများသည် မိုဟာမက် နှင့် တစ်နည်းမဟုတ် တစ်နည်းဆက်နွှယ်နေသည်ကို ဖော်ပြထားသည်။














