စီးပွားရေးအခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှုအနေအထား

စီးပွားရေးအခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှုအနေအထား
Published 19 October 2018

 

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးကဏ္ဍတွင် တည်ငြိမ်ခြင်း မတည်ငြိမ်ခြင်း၊ တိုးတက်ခြင်း မတိုးတက်ခြင်း ကိစ္စရပ်များက အခြေခံပြည်သူလူထုနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ ထို့ကြောင့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုတန်ဖိုးများ၊ စျေးနှုန်းမြင့်တက်ပြီး ငွေကြေးတန်ဖိုးကျဆင်းသွားခြင်း၊ အခွန်ပေးဆောင်ရမှု များပြားလာခြင်းများက အခြေခံ ပြည်သူလူထုအတွက် ဖိစီးမှုဝန်ထုပ်ဝန်ပိုးများ ဖြစ်လေ့ရှိသည်ကို သတိပြုရမည်ဖြစ်သည်။ ထိုအခါ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းကဲ့သို့ စီမံကိန်းများဖြင့် အလုပ်လက်မဲ့နှုန်းလျှော့ချ၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းအပါအဝင် အခြားသော အခွင့်အလမ်းများဖန်တီးပေးခြင်းဖြင့် လူထုအိတ်ကပ်ထဲ ငွေကြေးစီးဝင်နိုင်သည့် အခြေအနေများ ဖန်တီးပေးရန် လိုအပ်မည်ဖြစ်သည်။ ထို့အတွက် စီးပွားရေးကဏ္ဍ၏ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာများက အရေးပါနေမည်ဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့် နိုင်ငံဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိပြီဖြစ်ကြောင်း တရားဝင်ပြောကြားချက်များအရ သိရသည်။ နှစ် ၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ဘီလျံ ၂၂၀ ကျော်ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅- ၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆- ၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီးဆောင်ရွက်သွားမည် ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်မှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ယခုတိုင် ကျေနပ်အားရဖွယ်မရှိဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan (MIPP) ၌ ဖော်ပြထားသည်။ အဓိက ကမ္ဘာလုံးဆိုင်ရာ အညွှန်းကိန်းများအရ ကမ္ဘာ့ယှဉ်ပြိုင်မှု အညွှန်းကိန်း (Gl – obal Competitiveness) တွင် နိုင်ငံပေါင်း  ၁၄၀ ရှိသည့်အနက် မြန်မာနိုင်ငံသည် ၁၃၁ အဆင့်တွင်ရှိနေပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူမှု အခြေအနေ (Ease of Doing Business) တွင် နိုင်ငံပေါင်း ၁၉၀ အနက် မြန်မာနိုင်ငံသည် အဆင့် ၁၇၀ မြောက်နေရာတွင် ရှိနေကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကဲ့သို့  လုပ်ခလစာ လျော့နည်းသည့် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ဖိတ်ခေါ်နေရကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan (MIPP) တွင် ဖော်ပြထားပြန်ရာ ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်သင့်သည့် အနေအထား ဖြစ်ပါသည်။

စီးပွားရေးကဏ္ဍ တည်ငြိမ်တိုးတက်ခြင်းကြောင့် ပေါ်ပေါက်လာမည့် နောက်ဆက်တွဲ ကောင်းကျိုးများဖြင့် အခြေခံပြည်သူလူထုအတွက် ပိုမိုကောင်းမွန်မှုများကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံအနေဖြင့် စီးပွားရေးကဏ္ဍ ရုန်းကန်ရမှုများနှင့် ရင်ဆိုင်နေရချိန်တွင် ပေါ်ပေါက်နေသော အခြေအနေနှင့် လိုက်လျောညီထွေကိုက်ညီသောမူဝါဒများ ချမှတ်ကာ လိုအပ်သည်များကို မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(အောက်တိုဘာ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

Most Read

Most Recent