ထိုင်းတွင် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်ကတ် ကုန်ဆုံးသည့် မြန်မာလုပ်သား သောင်းနှင့်ချီ ရှိနေပြီး ပွဲစားများကြောင့် CI အချိန်မီ ပြုလုပ်ရန် အခက်ကြုံ

ထိုင်းတွင် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်ကတ် ကုန်ဆုံးသည့် မြန်မာလုပ်သား သောင်းနှင့်ချီ ရှိနေပြီး ပွဲစားများကြောင့် CI အချိန်မီ ပြုလုပ်ရန် အခက်ကြုံ
Published 3 November 2017

မဟာချိုင်စင်တာ ၁ ရှေ့တွင် ဘတ်သက်တမ်းကုန်သည့် အလုပ်သမားများအား CI ကတ် ပြုလုပ်နိုင်ရန် စောင့်ဆိုင်းနေစဉ်

ထိုင်းတွင် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်ကတ် ကုန်ဆုံးသည့် မြန်မာလုပ်သား သောင်းနှင့်ချီ ရှိနေပြီး ပွဲစားများကြောင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ပြုလုပ်ရန် အခက်ကြုံနေရကြောင်း ထိုင်းအခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့များထံမှ သိရသည်။

နိုဝင်ဘာ ၁ ရက်က ထိုင်းနိုင်ငံ မဟာချိုင် CI စင်တာ (၁) ရှေ့တွင် သက်တမ်းကုန်မည့် ပန်းရောင်ဘတ်ကတ် ကိုင်ဆောင်ထားသည့် မြန်မာလုပ်သား ၂၀၀ ကျော်မှာ စင်တာအတွင်းသို့ ဝင်ခွင့်ရဘဲ သက်တမ်းကုန်သည့် ဘတ်ကတ်များ ကိုင်ဆောင်ထားရသဖြင့် အခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC မှ ကိုရဲမင်းက ပြောကြားသည်။

“ဒီလ ၁ ရက်နေ့ကစပြီး ထိုင်းမှာ ပန်းရောင်ဘတ်ကတ် ကုန်ဆုံးတဲ့ မြန်မာအလုပ်သမားတွေ သန်းနဲ့ချီ ရှိပါတယ်။ သူတို့ အနေနဲ့ CI လုပ်ဖို့အတွက် စင်တာထဲကို ဝင်ခွင့်မရဘဲ အပြင်မှာပဲ ငိုယိုအော်ဟစ်နေကြတာပါ။ အဓိက,ကတော့ ပွဲစားတွေပါပဲ။ ပထမက ထိုင်းစစ်တပ် အရာရှိတွေက ဘတ်သက်တမ်းကုန်မယ့် လူတွေကို ဦးစားပေးပြီး စင်တာထဲ ဝင်ခွင့်ပေးတာပါ။ ထိုင်းစစ်တပ်လည်း ပြန်သွားရော ပွဲစားတွေက စင်တာထဲကို ပေးမဝင်တော့ပါဘူး။ တုံကင်နံပါတ်ပြားနဲ့ ပေးဝင်တော့ သက်တမ်းကုန်မယ့်သူတွေ အနေနဲ့ လုပ်လို့မရလို့ အခက်ကြုံနေရတာပါ” ဟု ကိုရဲမင်းက ပြောကြားသည်။

နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီရှိသည့် ထိုင်းနိုင်ငံတွင် ဇွန် ၂၀ ရက်က အသစ်ထွက်ရှိခဲ့သည့် အလုပ်သမား ဥပဒေသစ်အရ အထောက်အထားမဲ့ အလုပ်သမားများကို ခိုင်းစေသည့် အလုပ်ရှင် အပါအဝင် အလုပ်သမားများကို ဖမ်းဆီးရမိပါက ဒဏ်ငွေအဖြစ် ဘတ်ငွေလေးသိန်းမှ ရှစ်သိန်းအထိ ချမှတ်နိုင်ခြင်း၊ အလုပ်လုပ်ခွင့် မရှိဘဲ အလုပ်လုပ်ခြင်း (သို့) နိုင်ငံခြားသား အလုပ်သမားများကို တားမြစ်ထားသည့် အလုပ်များကို ဝင်ရောက်လုပ်ကိုင်သည့် အလုပ်သမားအား ထောင်ဒဏ် ငါးနှစ်ထက် မပိုသည့် ပြစ်ဒဏ် သို့မဟုတ် ဘတ်ငွေနှစ်ထောင်မှ တစ်သိန်းထိ ရှိသည့် ဒဏ်ကြေးကို ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ထို့ကြောင့် အထောက်အထား မရှိသူများ အနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ပြုလုပ်နိုင်ရန် ထိုင်းအစိုးရမှ ဇွန်လမှစတင်ပြီး အချိန်ခြောက်လ ပေးခဲ့ရာ လာမည့် ဒီဇင်ဘာလကုန် မတိုင်မီ အထောက်အထားမဲ့ အလုပ်သမားများမှာ အထောက်အထားရှိရန် လိုအပ်နေသည်။

“ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ သက်တမ်းကုန်နေတဲ့သူတွေ အနေနဲ့ CI မလုပ်ရသေးဘူးဆိုရင် ထိုင်းမှာ ဆက်နေထိုင် အလုပ်လုပ်လို့ မရတော့ပါဘူး။ ပြစ်ဒဏ်က တော်တော်လေးကို ကြီးပါတယ်။ ထောင်ဒဏ်ရော၊ ငွေဒဏ်ရော ပြင်းတယ်။ အခုက စင်တာရှေ့မှာ ရှိနေတဲ့ ပွဲစားတွေကြောင့် အလုပ်သမားတွေ အနေနဲ့ မလိုအပ်ဘဲ ငွေကုန်သလို အချိန်ကြာတဲ့အတွက် အခက်ကြုံနေရတာပါ” ဟု ကိုရဲမင်းက ပြောကြားသည်။

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ပြုလုပ်ရန်အတွက် Seven Eleven စတိုင်းဆိုင်များတွင် ဘတ် ၃၁၀ ကနဦး ပေးသွင်းရမည်ဖြစ်ပြီး အလုပ်လုပ်ခွင့် ပါမစ်အတွက် ဘတ် ၁၀၀၊ ဗီဇာကြေး ဘတ် ၅၀၀၊ စုစုပေါင်း ဘတ် ၉၁၀ သာပေးရမည်ဟု နှစ်နိုင်ငံ အစိုးရမှ ကြေညာထားသော်လည်း အလုပ်သမား အများစုမှာ ဘတ် ၅၀၀၀ မှ ၁၀၀၀၀ အထိ ပွဲစားများအားပေးပြီး လုပ်ကိုင်နေရကြောင်း ကာယကံရှင် အလုပ်သမားများက ပြောကြားသည်။

မြန်မာရွှေ့ပြောင်းလုပ်သား အများစုမှာ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အများဆုံး သွားရောက်လုပ်ကိုင်လျက်ရှိပြီး ပွဲစားများ၏ လိမ်လည်ခြင်းများကို ကြုံတွေ့ရလျက်ရှိကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ ပြောကြားချက်များအရ သိရသည်။

Most Read

Most Recent