ဒေါ်အောင်ဆန်းစုကြည် တောင်ပြိုနယ်စပ်သို့ သွားရောက်

ဒေါ်အောင်ဆန်းစုကြည် တောင်ပြိုနယ်စပ်သို့ သွားရောက်
Published 2 November 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် တောင်ပြိုနယ်စပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ချစ်ကြည်ရေးတံတား အနီးရှိ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများ ပြန်လည်လက်ခံရေးစခန်း ဆောက်လုပ်မည့်နေရာနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၅၀ အချိန်တွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာပြီးနောက် လေဆိပ်တွင် လူငယ် ၁၁ ဦးနှင့်တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးကိစ္စများအား ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မောင်တောဒေသသို့ နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီ ၅၀ မိနစ်က ရောက်ရှိခဲ့ပြီး မောင်တောမြို့နယ် ပန်းတောပြင် ဘင်္ဂါလီကျေးရွာသို့ ဦးစွာသွားရောက်ခဲ့ပြီး ကျေးရွာသားများနှင့် တွေဆုံကာ အေးအေးချမ်းချမ်း နေထိုင်ရန်ပြောကြားခဲ့ပြီးနောက် ပြန်လည် နေရာချထားမည့် နေရာကို ကြည့်ရှုခဲ့ပြီး ထိုမှတဆင့် မောင်တော အမှတ် (၁) ဝင်ထွက်စခန်း (POE) သို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယခု ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ အလုပ်သမား/ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း/ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့လိုက်ပါလာကြောင်း သိရသည်။

Most Read

Most Recent