မောင်တောမြို့နယ်အတွင်းရှိ မီးလောင်ပြင်များကို ရှင်းလင်းမှုများစတင်

မောင်တောမြို့နယ်အတွင်းရှိ မီးလောင်ပြင်များကို ရှင်းလင်းမှုများစတင်
Published 31 October 2017

မောင်တောမြို့နယ်အတွင်းရှိ မီးလောင်ပြင်များကို အောက်တိုဘာ ၃၀ ရက်က ရှင်းလင်းမှုများစတင်စဉ်

မောင်တောမြို့နယ်အတွင်းရှိ မီးလောင်ပြင်များကို မောင်တောမြို့ မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၃၀ ရက်နံနက်ပိုင်းမှ စတင်ကာ မောင်တောမြို့ ကညင်တန်း (မြို့မ)၊ ဒိလ်ပါရာကျေးရွာ မီးလောင်ပြင်ကို မောင်တောမြို့ မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ပြင် ရှင်းလင်းဆောင်ရွက်မှုကို ခရိုင်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး သစ်ပင်များကို ဦးစွာရှင်းလင်းခြင်းဖြစ်ကြောင်းလည်း သိရသည်။

မောင်တောမြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ဒီကနေ့စပြီးတော့ မီးလောင်ပြင်မှာရှိတဲ့ အပင်တွေကို ရှင်းလင်းတာဖြစ်ပါတယ်။ ဒီကနေ့မှာ ရပ်ကွက် (၅) ခရိုင်ထွေအုပ်ရုံးနောက်ကို ရှင်းတာပါ။ အခုလည်း ရှင်းလင်းနေပါတယ်။ ရှင်းလင်းရေးတွေကို ဒီကနေ့ နံနက် ၉ နာရီကတည်းက ရှင်းလင်းနေတာပါ။ ကျွန်တော်တို့ကတော့ ခရိုင်ထွေအုပ်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟုပြောကြားသည်။

မောင်တောဒေသမှာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့သဖြင့် ကျေးရွာအများအပြား မီးလောင်ဆုံးရှုံးခဲ့ရပြီး ယင်းမီးလောင်ပြင်များကို အစိုးရမှ စနစ်တကျစီမံခန့်ခွဲသွားမည်ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က Eleven Media နှင့် စက်တင်ဘာလအတွင်းက တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့ပြင် အကြမ်းဖက်မှုတွင် ပူးပေါင်းပါဝင်ခြင်း၊ ကူညီအားပေးခြင်း၊ ထောက်ပံ့ခြင်း၊ နေအိမ်များနှင့် ပစ္စည်းများမီးရှို့ဖျက်ဆီးခြင်း၊ မီးလောင်ပြင်ဧရိယာများအတွင်းရှိ ပစ္စည်းများအားလုယက်ခြင်း၊ ဖောက်ထွင်းခြင်း၊ ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ တုတ်၊ ဓား၊ လက်နက်များ၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ ကိုင်ဆောင်ထားခြင်းစသည်တို့ကို သတင်းကြားသည်ဖြစ်စေ၊ လူကိုယ်တိုင်တွေ့ရှိသည်ဖြစ်စေ ဆက်သွယ်သတင်းပေးပို့ကြရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမိန့်အမှတ် ၃/၂၀၁၇ ကို စက်တင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့ပြီး မောင်တောမြို့နယ်အတွင်း မီးလောင်ပြင်များကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ကာ မည်သူမှမဝင်ရဆိုသည့် ဆိုင်းဘုတ်များကပ်ထားကြောင်း သိရသည်။

သြဂုတ် ၂၅ ရက်မှစတင်ကာ မောင်တောခရိုင်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက ရဲတပ်ဖွဲ့နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကင်းစခန်းပေါင်း ၃၀ ကိုတိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းများလုပ်ဆောင်ခဲ့ရာ စက်တင်ဘာ ၄ ရက်အထိ ကောက်ယူသောစာရင်းအရ ပျက်စီးဆုံးရှုံးမှုစာရင်းမှာ မီးလောင်ကျေးရွာ ၅၉ ရွာ၊ နေအိမ် ၆၈၄၂ လုံး ခန့်မှန်းတန်ဖိုးအားဖြင့် သိန်းပေါင်း ၆၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

မောင်တောမြို့နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သော ပျက်စီးစာရင်းများကို အဖွဲ့ငါးဖွဲ့ဖြင့် စက်တင်ဘာ စတုတ္ထပတ်မှစတင်ကာ ကွင်းဆင်းစာရင်းပြုစုနေသော်လည်း ထပ်မံမီးရှို့မှုများ ဆက်လက်ရှိနေသေးကြောင်းလည်း သိရသည်။

 

Most Read

Most Recent