တောင်သူများ၏ အခန်းကဏ္ဍနှင့် သီးနှံစျေးကွက်

တောင်သူများ၏ အခန်းကဏ္ဍနှင့် သီးနှံစျေးကွက်
Published 17 October 2018

မြန်မာနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်း ၇၀ ခန့်သည် ကျေးလက်ဒေသတွင် နေထိုင်သော လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသူ တောင်သူလယ်သမားများ ဖြစ်ကြသည်။ ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ခန့်ကိုလည်း လယ်ယာကဏ္ဍမှ ရရှိနေသည်ဟု ယေဘုယျဆိုနိုင်ပါသည်။ သို့သော် တောင်သူလယ်သမားအများစု၏ လူမှုစီးပွားဘဝမှာ အခက်အခဲ အမျိုးမျိုးအကြား ရုန်းကန်နေရဆဲဟု ဆိုနိုင်ပါသည်။ 

နှစ်စဉ် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်ကျရောက်ခြင်းကြောင့်လည်းကောင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့်လည်းကောင်း၊ မြေဆီလွှာ အရည်အသွေး ကျဆင်းပျက်စီးခြင်း၊ သစ်တောပြုန်းတီးခြင်း ကဲ့သို့သော အခြေအနေများကြောင့်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေများ လက်လွှတ်ခဲ့ရ၊ စွန့်လွှတ်ခဲ့ရခြင်းများကြောင့်လည်းကောင်း တောင်သူလယ်သမားများ၏ လူမှုဘဝ စွီးားရေးအခြေအနေ နိမ့်ကျရခြင်းများ ရှိနေသည်။ ထို့ကြောင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရန် ရေတိုရေရှည် အစီအမံများမှာ ပိုမိုအရေးပါလျက် ရှိနေသည်။

လတ်တလော သတင်းများအရ လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကူညီဖြည့်ဆည်းပေးလျက်ရှိသော JICA ၏ နှစ်ဆင့်ချေးစီမံကိန်းကဲ့သို့ တောင်သူတစ်ဦးချင်းအလိုက် ဧက ၅၀ အထိ လုပ်ကိုင်ပါက ကျပ်သိန်း ၅၀၀၊ အစုအဖွဲ့တစ်ခုလျှင် ကျပ်သိန်း ၅၀၀၀ စသည်ဖြင့် ငွေအရင်းဆိုင်းငံ့ကာလ ၁၀ နှစ် ထုတ်ချေးမည်ဟူသော အစီအမံများသည် တောင်သူများအတွက် အမှန်တကယ် အကျိုးရှိစေနိုင်သော အကူအညီ အထောက်အပံ့များ ဖြစ်စေနိုင်ရန် ၀ိုင်းဝန်း လုပ်ဆောင်ပေးကြရမည် ဖြစ်ပါသည်။ မျိုးစေ့၊ စက်ကိရိယာ၊ မြေသြဇာ၊ ပိုးသတ်ဆေးစသည့် လယ်ယာသွင်းအားစုများအတွက် ထောက်ပံ့ပေးနိုင်မှု၊ ယခုနောက်ပိုင်း တွေ့ကြုံလာရသော လယ်ယာလုပ်သား ရှားပါးမှုကဲ့သို့ တောင်သူလယ်သမားများ၏ လိုအပ်ချက်များအပေါ် ထိရောက်သော အကူအညီများ ပေးရန်လည်း လိုအပ်မည် ဖြစ်ပါသည်။ ရာသီကဖျက်၊ သီးနှံစျေးကျဆိုသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့် အခါများတွင် အကြွေးသံသရာများနှင့်အတူ တောင်သူများ ပိုမိုရုန်းကန်ကြရလေ့ ရှိသည်။ ယင်းသို့သော အနေအထားမျိုးအတွက် သီးနှံအာမခံစနစ်ကဲ့သို့ တောင်သူများ အသက်ရှူချောင် ထွက်ပေါက်ရနိုင်မည့် အခြေအနေများလည်း လိုအပ်မည်ဖြစ်သည်။ 

၂၀၁၈ ခုနှစ် မိုးစပါးရာသီမှ စပါးများအနက် စပါးရင်ကဲ့သို့ စပါးမျိုးများစတင်ထွက် ပေါ်နေပြီဖြစ်ကာ အချို့သောသက်ကြီးစပါးများ မပေါ်သေးသော်လည်း စျေးကောင်း ပေးဝယ်ယူမှုများ ရှိနေသည်။ စပါးစျေးကောင်းရခြင်းသည် တောင်သူများအတွက် အကျိုးဖြစ်ထွန်းသည်ဟု ယေဘုယျ ဆိုနိုင်သော်လည်း ရေရှည်ခိုင်မာမှန်ကန်သော စျေးနှုန်းဖြစ်ရန် ပိုမိုအရေးပါမည်ဖြစ်သည်။ ထို့အတူ တရုတ်ကုန်သည်အချို့က ဒေသခံပွဲစား အချို့နှင့်ပေါင်းကာ ဒေသထွက်စပါးများ ဝယ်ယူ၍ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နေမှုအား အရေးယူပေးရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်းလည်း သိရသည်။ ယင်းသို့သော အခြေအနေများအပေါ်မူတည်၍ မှန်ကန်သော ဆန်းစစ်လေ့လာချက်များဖြင့် တောင်သူလယ်သမားများ၏ အခွင့်အလမ်းများအား အကာအကွယ်ပေးရန် လိုအပ်မည် ဖြစ်သည်။ စျေးနှုန်းဖျက်၍ လိုသလောက် ဝယ်ယူခြင်းများသည် ပြည်တွင်းဆန်စပါးစျေးကွက်အပေါ် ထိခိုက်နိုင်ခြင်း၊ ဆန်းစပါးထွက် ကုန်ကြမ်းများနှင့်ပတ်သက်၍ ဆက်နွှယ် လုပ်ကိုင်ရသော မွေးမြူရေးလုပ်ငန်းများအတွက် သက်ရောက်နိုင်ခြေရှိမှုများ စသည်ဖြင့် စပါးများ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကိုလည်း သတိပြုကြရမည် ဖြစ်သည်။

သို့ပါ၍ ခိုင်မာမှန်ကန်သော သီးနှံစျေးနှုန်း အာမခံချက်နှင့်အတူ တောင်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် ၀ိုင်းဝန်း လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent