နိုင်ငံ့ဝန်ထမ်းများကို လစာ၏သုံးဆအထိ ချေးငွေထုတ်ချေးပေးသည့် အသေးစား၊ အလတ်စားနှင့် စက်မှုဖွံ့ဖြိုးရေးဘဏ် SMIDB ၏ချေးငွေထုတ်ချေးပေးမှု Staff Loan ကိုသြဂုတ်လဆန်းပိုင်းတွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်ဇွန် ၆ ရက်တွင်စတင်ခဲ့သည့် အဆိုပါချေးငွေထုတ်ချေးပေးမှုကို ဇူလိုင်လအတွင်း ယာယီရပ်နားခဲ့ပြီး လက်ရှိတွင် ပြန်လည်ထုတ်ချေးပေးရန် စီစဉ်ထားခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများကို ချေးငွေထုတ်ချေးပေးရာတွင် မူလက လစာ၏နှစ်ဆသာ ထုတ်ချေးပေးရန် စီစဉ်ထားသော်လည်း သုံးဆအထိ ထုတ်ချေးပေးခဲ့သည်။
အသေးစား၊ အလတ်စားနှင့် စက်မှုဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူလိုသူ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ချေးငွေလျှောက်ထားသူ၏ အချက်အလက်များ Staff Loan ချေးငွေလျှောက်လွှာပုံစံကို ရယူထားရမည်ဖြစ်ပြီး ချေးငွေရယူမည့်သူမှ ဘဏ်တွင် Current Account စာရင်းစတင်ဖွင့်လှစ်ရမည်ဖြစ်ကြောင်း SMIDB ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ချေးငွေကို နှစ်ချင်းဆပ် တစ်နှစ်သက်တမ်းဖြင့် ထုတ်ချေးနိုင်မည်ဖြစ်ပြီး ချေးငွေအတိုးနှုန်းကို တစ်နှစ် ၁၂ ရာခိုင်နှုန်းဖြင့် လစဉ်အရင်းနှင့်အတိုး ပုံမှန်ပေးသွင်းရမည်ဖြစ်ကာ ချေးငွေကို လစာ၏နှစ်ဆ (သို့မဟုတ်) သုံးဆအထိ ထုတ်ချေးနိုင်မည်ဖြစ်သည်။ ချေးငွေရယူလိုသူအနေဖြင့် ဝန်ထမ်းဖြစ်ကြောင်း သက်ဆိုင်ရာရုံးတံဆိပ်ပါ HR ဌာနမှ အကြီးအကဲနှစ်ဦး၏ ထောက်ခံချက်ပါရှိရန်နှင့် ချေးငွေလျှောက်ထားသူ၏ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မိတ္တူ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
ချေးငွေလျှောက်ထားသူမှ ရယူထားသည့် ချေးငွေများပေးဆပ်ရန် ပျက်ကွက်လျှင် ယင်းချေးငွေများကို ပေးဆပ်ရန် ငွေချေးသူ၏ ဌာနမှဝန်ထမ်းနှစ်ဦး လက်မှတ်ရေးထိုးပြီး မှတ်ပုံတင်မိတ္တူကို ပေးရမည်ဖြစ်ကာ အာမခံသူနှစ်ဦးမှ ယင်းချေးငွေများကို ပေးဆပ်ရန် အာမခံရမည်ဖြစ်သည်။
ဘဏ်မှကော်မရှင်ခအဖြစ် ချေးယူမည့် ပမာဏအပေါ် တစ်ရာခိုင်နှုန်း Service Charges ကောက်ခံမည်ဖြစ်ပြီး အရစ်ကျပေးသွင်းခြင်း၊ သဘောတူထားသည့်အတိုင်း လစဉ်အရစ်ကျပေးသွင်းရမည့် အရင်းအတိုးငွေများကို လစဉ်လဆန်း ၁ ရက်မှ နောက်အကျဆုံးလဆန်း ၅ ရက်တွင် ပေးသွင်းရမည်ဖြစ်သည်။ အရစ်ကျငွေပေးသွင်းရန် ပျက်ကွက်ခြင်း၊ ချေးငွေရယူသူမှ အရစ်ကျ အရင်းအတိုးငွေများအား ပေးသွင်းမည့်ရက်၌ အချိန်မီပေးသွင်းရန် ပျက်ကွက်ခြင်းများအတွက် နောက်ကျကြေး တစ်ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သည်။
လက်ရှိတွင် SMIDB ၏ဘဏ်ခွဲ ၁၉ ခုဖွင့်လှစ်ထားပြီး နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများကို ချေးငွေများထုတ်ပေးနေသကဲ့သို့ အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း ချေးငွေများရယူလိုပါက SMIDB ဘဏ်ခွဲများတွင် ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။















