ခွဲမထွက်ရတားမြစ်ချက်ကို ထည့်သွင်းရခြင်းသည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအပေါ် မယုံကြည်၍မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး သံသယကင်းကင်းဖြင့် ထာဝရငြိမ်းချမ်းရေးလမ်းပေါ်မှာ အတူတကွ လက်တွဲချင်၍ဖြစ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

ခွဲမထွက်ရတားမြစ်ချက်ကို ထည့်သွင်းရခြင်းသည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအပေါ် မယုံကြည်၍မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး သံသယကင်းကင်းဖြင့် ထာဝရငြိမ်းချမ်းရေးလမ်းပေါ်မှာ အတူတကွ လက်တွဲချင်၍ဖြစ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 15 October 2018

ခွဲမထွက်ရဟူသော တားမြစ်ချက်ကို ထည့်သွင်းရခြင်းသည် အချို့အဖွဲ့အစည်များ ပြောသကဲ့သို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအအပေါ် မယုံကြည်၍မဟုတ်ကြောင်း၊ ရေရှည်အတွက် အာမခံချက် ပြည့်ဝစေရန်၊ ယုံကြည်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး သံသယကင်းစွာဖြင့် ထာဝရငြိမ်းချမ်းရေးလမ်းပေါ်တွင် အတူတကွ လက်တွဲလုပ်ဆောင်ချင်၍ သာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သည့် အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ခွဲမထွက်ရဟူသော စကားရပ်သည် လက်ရှိနိုင်ငံရေးဆွေးနွေးမှု ဖြစ်စဉ်တွင် ရှေ့မတိုးနိုင်ဘဲ တစ်ဆို့မှုဖြစ်နေသည့် စကားရပ်လည်းဖြစ်သည်။

“ခွဲမထွက်ရဆိုတဲ့ သဘောတူညီချက်ကို ထည့်သင့်၊ မထည့်သင့် အငြင်းပွားနေစရာ မလိုပါဘူး။ NCA ရဲ့ အခြေခံမူ၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေရဲ့ အခြေခံမူတွေရဲ့ သဘောတူညီချက်ဖြစ်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ ဥပဒေစည်းမျဉ်းစည်းကမ်းဆိုတာ တိုက်တွန်းချက်၊ တားမြစ်ချက်လို့လည်း အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ ခွဲမထွက်ရဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းရခြင်းဟာ အချို့အဖွဲ့အစည်းများ ပြောသလို တိုင်းရင်းသားညီအစ်ကို  မောင်နှမများအပေါ် မယုံကြည်လို့ မဟုတ်ပါဘူး။ ရေရှည်အတွက် အာမခံချက်ပြည့်စေဖို့၊ ယုံကြည်ချင်လို့၊ တစ်ဦးနဲ့တစ်ဦး သံသယကင်းကင်းနဲ့ ထာဝရငြိမ်းချမ်းရေးလမ်းပေါ်မှာ အတူတကွ လက်တွဲချင်လို့သာဖြစ်ကြောင်း ကျွန်တော် ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးရခက်သည်ဟု ပြောနေကြသော ခွဲမထွက်ရဆိုသည့် စကားနှင့်ပတ်သက်၍ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများကို ဆွေးနွေးသည့်အခါ အမြဲဦးတည်ထားရမည့် အရာသည် ဒို့တာဝန် အရေးသုံးပါးဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲရေးကို ဦးတည်သောကိစ္စများကို မူလဆွေးနွေးစဉ် ကတည်းကပင် ရှောင်ရှားစေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်ထောင်စု၏ မည်သည့်အစိတ်အပိုင်းမဆို ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲမထွက်ရဟူသော စကားရပ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀) တွင် အတိအလင်း ပြဋ္ဌာန်းထားသည့်အတွက်ကြောင့် ခွဲမထွက်ရဟူသော စကားသည် ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ် လိုအပ်သော စကားတစ်ခု၊ အာမခံချက်တစ်ခုဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် လက်ရှိဆောင်ရွက်နေမှုများသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက်ဖြစ်သည့်အပြင် ဆွေးနွေးနေမှုများသည် ငြိမ်းချမ်းရေးကို အဓိကဦးတည်ပြီး လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးအတွက်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ငြိမ်းချမ်းရေးထက် အရေးကြီးတာ ဘာမှမရှိဘူးလို့လည်း ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြောင်းပြု၍ အဖွဲ့အစည်းများ၏ တစ်ဖက်သတ် လိုလားချက်များကို အကောင်အထည်ဖော်ရန် ကြိုးစားနေမှုများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေပြီး ထာဝရငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် တကယ်လိုအပ်သော အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းကို တပ်မတော်က မူအားဖြင့် သဘောတူကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“သို့သော်လည်း ငြိမ်းချမ်းရေးနဲ့မဆိုင်တဲ့ မိမိတို့ရဲ့ နိုင်ငံရေးလိုအင်ကို ဖြည့်ဆည်းဖို့ NCA လမ်းကြောင်းကို တလွဲအသုံးချပြီး အခြေခံဥပဒေနဲ့ တခြားဥပဒေတွေကို ပြင်ဆင်တာ၊ ဖြည့်စွက်တာကိုတော့ သဘောတူညီဖို့ ခက်ခဲမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်တာဝန်ယူရမှုများသည်  အခက်အခဲ ရှိသည်ဟု အသံများ ပိုမိုကြားလာရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံကို အာမခံချက်ပေးထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ရေးသည် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များက မဲဆန္ဒရှင်များကို အာမခံချက်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံဥပဒေပါ ကိစ္စရပ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်ဆိုပါက လွှတ်တော်နှင့် အစိုးရက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ယခုဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ပင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး စီးပွားရေးနှင့် ငြိမ်းချမ်းရေးကိစ္စများတွင်လည်း အထိုက်အလျောက် အောင်မြင်မှုများရှိခဲ့ကာ လက်ရှိအစိုးရသည်ပင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်ကာ အစိုးရဖွဲ့စည်းပြီး တိုင်းပြည်ကို အုပ်ချုပ်နေခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အားနည်းချက်များရှိပါက ထောက်ပြကြရန်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ၎င်းက ဆက်လက်ပြောကြားသည်။

ထိုသို့မဟုတ်ဘဲ နိုင်ငံရေးလက်စားချေလိုမှုနှင့် ဒီမိုကရေစီအနိုင်ကျင့်မှုများ ပြုလုပ်နေပါက တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဆုတ်ယုတ်သွားမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားနေသော နိုင်ငံရေးလက်စားချေမှုများသည် သင်ခန်းစာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“စစ်ရေးနဲ့ နိုင်ငံရေးမှာ မတရားတာ မရှိဘူးလို့ ဆိုရိုးစကားရှိပေမဲ့ ကျွန်တော့်အနေနဲ့ကတော့ ရိုးသားတဲ့နိုင်ငံရေး၊ တရားမျှတတဲ့  နိုင်ငံရေးကိုသာ လိုချင်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

NCA သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်အရ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် NCA ကို လက်နက်သဖွယ် ဆုပ်ကိုင်ထားခြင်း မဟုတ်ကြောင်း၊ NCA လက်မှတ် ရေးထိုးပြီးကာမှ NCA အရေခြုံ၍ နိုင်ငံရေး၊ လက်နက်၊ လူအင်အားနှင့် နယ်မြေတိုးချဲ့တည်ဆောက်မှုများသည် တည်ငြိမ်မှုရှိပြီးဖြစ်သော နယ်မြေများနှင့် တိုင်းရင်းသားများအပေါ် အကျိုးယုတ်စေမည်ဖြစ်သည့်အတွက် ရှောင်ရှားစေလိုကြောင်း၊ NCA ကို တလွဲအသုံးမချရန်နှင့် တလွဲအသုံးချပါက တိုင်းရင်းသားပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို အကာအကွယ်ပေးရန် တာဝန်ရှိသည့် တပ်မတော်အနေဖြင့် လက်ပိုက်ကြည့်နေနိုင်မည် မဟုတ်ကြောင်း ၎င်းက သတိပေးပြောကြားသည်။

“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးများအလိုက် ဥပဒေနှင့်အညီ ခွင့်ပြုထားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရရှိရင် လက်နက်ကိုင်လမ်းစဉ်ကို သံယောဇဉ် ဖြတ်တောက်ရမှာ ဖြစ်ပါတယ်။ ကာကွယ်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင်ချင်ရင် တပ်မတော်အတွင်း ဝင်ရောက်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည့်နိုင်ငံဖြစ်စေ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကလက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်၊ တပ်မတော်တစ်ခုသာထားရှိကြောင်း တပ်မတော် အနေဖြင့်လည်း ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသောတပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲသွားရန် မူအားဖြင့် သဘောတူပြီး အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကနဦးဆောင်ရွက်ရမည့် အချက်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီး လုံခြုံရေးဆိုင်ရာ ပေါင်းစည်းခြင်းကိစ္စရပ်များကို ဦးစွာဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent