
ချောင်ဖျားမိုး သည်းထန်စွာရွာသွန်းပြီး ဘုရားသုံးဆူ တောင်ကျရေအရှိန်ဖြင့် ဝင်းယော်မြစ်ရေ မြင့်တက်လာမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချောင်းမကျေးရွာ၊ မြေနီကုန်းကျေးရွာ၊ ချောင်းနှစ်ခွကျေးရွာတို့တွင် မြစ်ရေလွှမ်းမိုးမှု ဖြစ်ပေါ်ပြီး လူတစ်ဦး ရေစီးနှင့် မျောပါကာ ဇူလိုင် ၂၉ ရက်အထိ ရှာဖွေမတွေ့ရှိသေးကြောင်း Rescue လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“အဲဒီလူက ရေလွှမ်းနေတဲ့လမ်းအတိုင်း ဆိုင်ကယ်စီးပြီး ဖြတ်မောင်းလာတဲ့ အချိန်မှာ ရေစီးနဲ့ မျောပါသွားတာ ဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့ ချောင်းမကျေးရွာနဲ့ မြေနီကုန်းကျေးရွာအကြား ရေပြင်မှာ ဒီကနေ့အထိ အလောင်းကို ရှာဖွေနေဆဲ ဖြစ်ပါတယ်” ဟု ချောင်းမကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ဇူလိုင် ၂၆ ရက်မှ စတင်ကာ တောင်ကျရေ အရှိန်ဖြင့် ရေကြီးရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၂၈ ရက် ညဦးပိုင်းမှ စတင်၍ ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာများအတွင်း ရေကြီးရေလွှမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူတောင်ကျရေ အရှိန်ဖြင့် မြန်မာ-ထိုင်း ကုန်သွယ်လမ်းကြောင်းတစ်ခု ဖြစ်သည့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းပိုင်းအတွင်း တည်ရှိသည့် မိုင်တိုင်အမှတ် ၂၀/ဝ-၁ ရှိပေ ၁၀၀ အရှည် (ကွင်းကြီးယာယီ ဘေလီတံတား)နှင့် မိုင်တိုင်အမှတ် ၃၀/ဝ-၁ ရှိ ပေ ၁၂၀ အရှည် (ယက္ကလာယာယီဘေလီတံတား) များမှာ ရေစီးအရှိန်ဖြင့် မျောပါမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချောင်းမကျေးရွာနှင့် မြေနီကုန်းကျေးရွာအကြား ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက အမည်မသိ လူတစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဉ် ရေစီးအရှိန်ဖြင့် မျောပါခဲ့ပြီး ဆိုင်ကယ်အား ပြန်လည်တွေ့ရှိသော်လည်း အလောင်းအား ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
Writer: စိုးစိုး (ဘားအံ)















