Facebook တွင် နိုင်ငံရေးစာများ ရေးသားသောကြောင့် NYRDDC (စစ်ကိုင်း) မှ ဒုတိယနှစ်ကျောင်းသား ကျောင်းထုတ်ခံရ

Facebook တွင် နိုင်ငံရေးစာများ ရေးသားသောကြောင့် NYRDDC (စစ်ကိုင်း) မှ ဒုတိယနှစ်ကျောင်းသား ကျောင်းထုတ်ခံရ
Published 29 July 2017

Facebook တွင် နိုင်ငံရေးစာများ ရေးသားသောကြောင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (NYRDDC) (စစ်ကိုင်း)မှ ရူပဗေဒ ဒုတိယနှစ်ကျောင်းသား ကျောင်းထုတ်ခံရကြောင်း ဇူလိုင် ၂၉ ရက်က သိရသည်။

“Facebook ပေါ်မှာ နိုင်ငံရေးတွေ ရေးသားလို့ မနေ့က (ဇူလိုင် ၂၈) ကျောင်းကနေ အထုတ်ခံရပါတယ်။ အရင်လက ဆလိုင်းတင်မောင်ဦး အခမ်းအနားတက်ဖို့ သူတို့ကို ခွင့်တောင်းတာ မရလို့ Facebook ပေါ် တက်ရေးမိတယ်။ အဲဒါကို အကြောင်းပြချက်ပေးပြီး ထုတ်တယ်။ စာနဲ့ထုတ်တာတော့ မဟုတ်ပါဘူး။ ပခုက္ကူ လူငယ်သင်တန်းကျောင်းက ဆရာတွေ လာခေါ်သွားတာပါ။ ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် ရေးသားခွင့် မရှိဘူး။ ကျောင်းအထုတ်ခံရတဲ့ အပေါ်မှာ ကျောင်းအုပ်ကြီးကိုလည်း အပြစ်မမြင်ပါဘူး။ စနစ်ဆိုးကြောင့် အခုလို ဖြစ်ရတာပါ။ ကျောင်းက အထုတ်ခံရတာကြောင့် တိုင်းရင်းသား အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ ကျောင်းသား အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်” ဟု ကျောင်းထုတ်ခံရသည့် ရူပဗေဒ ဒုတိယနှစ်ကျောင်းသား ဆလိုင်းနိန်ထွန်းက ပြောကြားသည်။

“သူက ကျောင်းစည်းကမ်းနဲ့ မညီတာတွေ Facebook ပေါ် ရေးတယ်။ ကျောင်းသားတွေ အနေနဲ့ ကျောင်းက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။ ဒီကျောင်းက အခြားတက္ကသိုလ်ကျောင်းတွေနဲ့ မတူပါဘူး။ ကျောင်းသားအားလုံး ဒီကျောင်းထဲမှာပဲ ကျောင်းအိပ်ကျောင်းစား နေထိုင်ရပါတယ်။ သူက ပခုက္ကူမှာ လူငယ်သင်တန်းကျောင်းမှာ ကိုးတန်း၊ ဆယ်တန်း အောင်ပြီး ဒီကျောင်းကို တက်ရောက်ရတာပါ။ ခုလို ကျောင်းစည်းကမ်း ဖောက်ဖျတ်တော့ လူငယ်သင်တန်းကျောင်းက ဆရာတွေဆီက တစ်ဆင့် သူ့မိဘတွေဆီ ပြန်အပ်နှံတာပါ။ ကျောင်းက ပြန်လက်ခံဖို့ မရှိတော့ဘူး” ဟု ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Most Read

Most Recent