မိမိအသင်း၏စွမ်းဆောင်ရည်ကို အားရကျေနပ်ပြီး ခရိုအေးရှားကို အနိုင်ရသင့်ဟု ဆောက်ဂိတ် သုံးသပ်

မိမိအသင်း၏စွမ်းဆောင်ရည်ကို အားရကျေနပ်ပြီး ခရိုအေးရှားကို အနိုင်ရသင့်ဟု ဆောက်ဂိတ် သုံးသပ်
Photos: AFP
Photos: AFP
Published 14 October 2018

 

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ခရိုအေးရှားအသင်းနှင့်ပွဲမှ ကစားသမားများ၏စွမ်းဆောင်ရည်ကို အားရကျေနပ်ပြီး မိမိအသင်း အနိုင်ရရှိသင့်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

UEFA Nations League ပြိုင်ပွဲ၏  League  Group (4) တွင် ခရိုအေးရှားနှင့် အင်္ဂလန် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေကျခဲ့သည်။ ယင်းနှစ်သင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် တွေ့ဆုံပြီးနောက် (၉၃) ရက်အကြာတွင် တစ်ကျော့ပြန်တွေ့ဆုံခြင်းဖြစ်ပြီး ခရိုအေးရှားအသင်း၏ ကွင်းပိတ်ပြစ်ဒဏ်ကြောင့် ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားခဲ့ရသည်။

 နှစ်သင်းစလုံး အပြန်အလှန်ကစားနိုင်ခဲ့ပြီး အခွင့်အရေးများရရှိသော်လည်း အသုံးမချနိုင်သလို ဂိုးသမားများ ကာကွယ်မှုပြုလုပ် နိုင်သဖြင့် ဂိုးမရှိသရေကျခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းပြီးခါနီးတွင် ဒိုင်ယာ၏ ခေါင်းတိုက် သွင်းယူမှု တိုင်ထိသွားသလို ဒုတိယပိုင်းအစတွင် ဟာရီကိန်း၏ ဒုတိယအကြိမ် ခေါင်းတိုက်သွင်းယူမှု ဘားတန်းထပ်ထိသွားသဖြင့် အင်္ဂလန်အသင်း နစ်နာခဲ့ရပြီး ရပ်ရှ်ဖို့ဒ် အနီးကပ်ကန်ခွင့် နှစ်ကြိမ်ရရှိသော်လည်း အသုံးမချနိုင်သောကြောင့် သရေတစ်မှတ်သာ ရယူနိုင်ခဲ့သည်။

သို့ဖြစ်ရာ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က "ပထမပိုင်းမှာ ကစားတာ တော်တော်ကောင်းပါတယ်။ ထောင့်ကန်ဘောကနေ အရမ်းကောင်းတဲ့အခွင့်အရေး တစ်ကြိမ်ရခဲ့တယ်။ သူတို့လည်း အခွင့်အရေး တစ်ကြိမ်ရခဲ့ပါတယ်။ ဒုတိယပိုင်းကစားပုံက အကောင်းဆုံးပါပဲ။ ပွဲကို တစ်ချိန်လုံးထိန်းချုပ် နိုင်ခဲ့ပြီး အခွင့်အရေးတစ်ကြိမ်လည်း ထပ်ရခဲ့တယ်။ ကျွန်တော့်အနေနဲ့ ကစားသမားတွေဆီက ဒီထက်ပိုပြီးတောင်းဆိုဖို့ မဖြစ်နိုင်ပါဘူး။ အခွင့်အရေးတွေ ဖန်တီးနိုင်လို့လည်း ကျေနပ်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ အနိုင်ရသင့်တယ်လို့ ခံစားမိပါတယ်။ စွမ်းဆောင်ရည်အရလည်း အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်" ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent