ပုပ္ပားဒေသတွင် ပြုလုပ်မည့် အစိုးရ၊ တပ်မတော်နှင့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲ နေပြည်တော်သို့ ပြောင်းရွှေ့ပြုလုပ်ရန် PPST ဆုံးဖြတ်

ပုပ္ပားဒေသတွင် ပြုလုပ်မည့် အစိုးရ၊ တပ်မတော်နှင့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲ နေပြည်တော်သို့ ပြောင်းရွှေ့ပြုလုပ်ရန် PPST ဆုံးဖြတ်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် PPST အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ- NCA-SEAO Office)
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် PPST အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ- NCA-SEAO Office)
Published 11 October 2018
မင်းနိုင်စိုး

ပုပ္ပားဒေသတွင် ပြုလုပ်မည့် အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်သို့့ ပြောင်းရွှေ့ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးက ထုတ်ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ PPST အစည်းအဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်တွင် အောက်တိုဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးနှင့် ပတ်သက်၍ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ထိုသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် ဖြစ်ပေါ်နေသော တစ်ဆို့မှုများအား ကျော်လွှားနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်များ၏ သက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များအကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် ဆွေးနွေးအဖြေရှာသွားနိုင်ရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ခေါင်းဆောင်များနှင့် ပူးတွဲ ကျင်းပသွားရန် သဘောတူဆုံးဖြတ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်ဟု PPST အစည်းအဝေးက ကြေညာခဲ့သည်။

အစိုးရအနေဖြင့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသတွင် ပြုလုပ်ရန် အဆိုပြုထားသော်လည်း PPST အစည်းအဝေးက နေပြည်တော်တွင်သာ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

“ကျွန်တော်တို့ အထူးသဖြင့်ကတော့ လက်ရှိလိုအပ်နေတဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွေထဲက ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ တစ်ဆို့မှုတွေကို ကျော်လွှားဖို့အတွက် အစိုးရ လွှတ်တော် တပ်မတော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ကြိုတင်ပြင်ဆင်မှု အစည်းအဝေးတွေ လုပ်ခဲ့ကြတယ်။ အဲ့ဒီနှစ်ဖက်ညှိနှိုင်းတဲ့ ဆွေးနွေးပွဲတွေထဲမှာ ကျွန်တော်တို့ အချိန်တွေ နေရာတွေကို ကျွန်တော်တို့တွေ အနေနဲ့ အခုပြောတဲ့ PPST ဆွေးနွေးပွဲကျရင် ပြန်ဆွေးနွေးမယ်။ ဆွေးနွေးပြီးတဲ့အခါကျတော့မှ နှစ်ဖက်ပူးတွဲပြီးတော့ ညှိမယ်ဆိုတဲ့ အခြေခံ ယူဆချက် ရှိပါတယ်။ ဒါဟာ ဒီအပေါ်မှာ မူတည်လိမ့်မယ်လို့ ထင်တယ်။ အစိုးရဘက်ကတော့ ပြင်ဆင်မှုကတော့ ပုပ္ပားလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က စဉ်းစားချက်က ဘာလဲဆိုရင် ပုပ္ပားထက်စာရင် ကျယ်ကျယ်ဝန်းဝန်းလည်း ရှိမယ်။ ကျွန်တော်တို့ အားလုံး ဆွေးနွေးတိုင်ပင် အပြန်ပြန် အလှန်လှန် ညှိနှိုင်းနိုင်တဲ့ အခင်းအကျင်းမျိုးက ရန်ကုန်မြို့က ပိုပြီးသင့်တော်တယ်လို့ ကျွန်တော်တို့ဘက်က ထပ်ပြီးအဆိုပြုတယ်။ ဒါပေမဲ့ နောက်ဆုံး ဆက်လက်ပြီးတော့ ညှိတဲ့အခါမှာတော့ နေပြည်တော်ဟာ ပိုပြီးတော့ အစိုးရရော တပ်မတော်ခေါင်းဆောင်တွေနဲ့ရော လက်လှမ်းမီနိုင်တယ်။ ကျွန်တော်တို့အတွက်ကလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ အဆင်ပြေနိုင်တယ်ဆိုတဲ့အတွက် နေရာက ဘာလဲဆိုရင် နေပြည်တော်ကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ပြောချင်တာက နေရာထက် ထိပ်သီးခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲက ပိုပြီးအရေးကြီးတယ်” ဟု PPST အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် PPST ပြောရေးဆိုခွင့်ရှိသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တပ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောကြားသည်။

နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံတတိယ အစည်းအဝေး ကျင်းပနေစဉ်ကာလအတွင်း ဇူလိုင် ၁၃ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တကယ်လိုအပ်နေသော အချက်များအား ထိပ်သီး ခေါင်းဆောင်များအကြား ဆွေးနွေးရန် အချက်ငါးချက်ကို EAO ဘက်က တင်ပြခဲ့ရာမှ တစ်ဆင့် ယခုထိပ်သီးဆွေးနွေးပွဲ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်သံခဲက ဆိုသည်။

အဆိုပါ အချက်များမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးများကို ဆက်လက်ကျင်းပနိုင်ရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အမျိုးသားတန်းတူရေး လူမျိုးစုအခွင့်အရေး ပြည်နယ် ဖွဲ့စည်းမှုစသော ဖက်ဒရယ်မူများ ချမှတ်နိုင်ရေးကိစ္စ၊ ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ကိစ္စ၊ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ရှင်းလင်းလွယ်ကူစွာ ချမှတ်နိုင်မည့် နိုင်ငံရေးဆွေးနွေးမှု ပုံစံများရှာဖွေရေးကိစ္စ၊ အလုပ်အဖွဲ့များ၊ ကော်မတီများဖြင့် ဆုံးဖြတ်ရန် မပြီးပြတ်သည့်ကိစ္စများကို သက်ဆိုင်ရာ ဆုံးဖြတ်နိုင်သည့် ထိပ်ပိုင်းခေါင်းဆောင်များအကြား ဆုံးဖြတ်နိုင်ရေးကိစ္စနှင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျန်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ကိစ္စများဖြစ်ကြောင်း သိရသည်။

အဆိုပါ တင်ပြချက်များအပေါ် အစိုးရနှင့် တပ်မတော်က တွေ့ဆုံရန် အချိန်ကျပြီဟု ယူဆလာသည့်အတွက် ယခုထိပ်သီးဆွေးနွေးပွဲ ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် တစ်ခုတည်းသော တပ်မတော်ထားရှိရေး ကိစ္စအားလည်း အလွတ်သဘော စတင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။                            

Most Read

Most Recent