လက်ရှိဝန်ကြီးချုပ်အား ၂၀၀၄ ခုနှစ်တွင် တိုက်ခိုက်ခဲ့မှုအတွက် ဘင်္ဂလားဒေ့ရှ်က လူ ၁၉ ဦးအား သေဒဏ်ချမှတ်

လက်ရှိဝန်ကြီးချုပ်အား ၂၀၀၄ ခုနှစ်တွင် တိုက်ခိုက်ခဲ့မှုအတွက် ဘင်္ဂလားဒေ့ရှ်က လူ ၁၉ ဦးအား သေဒဏ်ချမှတ်
လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုတွင် ပါဝင်သူများအား စီရင်ချက်ချမှတ်အပြီး အောက်တိုဘာ ၁၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့များက စောင့်ကြပ်ခေါ်ဆောင်သွားစဉ် (Photo: AFP)
လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုတွင် ပါဝင်သူများအား စီရင်ချက်ချမှတ်အပြီး အောက်တိုဘာ ၁၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့များက စောင့်ကြပ်ခေါ်ဆောင်သွားစဉ် (Photo: AFP)
Published 10 October 2018
Ref: AFP

ဘင်္ဂလားဒေ့ရှ် လက်ရှိဝန်ကြီးချုပ်အား ၂၀၀၄ ခုနှစ်တွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုအတွက် လူ ၁၉ ဦးကို တရားရုံးတစ်ရုံးက အောက်တိုဘာ ၁၀ ရက်တွင် သေဒဏ်ချမှတ်ခဲ့သည်။ သို့သော် အတိုက်အခံ ထိပ်တန်းခေါင်းဆောင်မှာမူ သေဒဏ်မှလွတ်မြောက်ပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရသည်။

၂၀၀၄ ခုနှစ်တွင် အတိုက်အခံခေါင်းဆောင်ဖြစ်သော လက်ရှိဝန်ကြီးချုပ်ရှိတ်ဟာ စီနာသည် မြို့တော်ဒါကာ၌ လူထုစုဝေးပွဲတစ်ခု ပြုလုပ်နေစဉ် ယင်းကဲ့သို့ တိုက်ခိုက်ခြင်းခံခဲ့ရပြီး ၎င်းသည် ဒဏ်ရာရခဲ့ကာ လူ ၂၀ သေဆုံးခဲ့ရသည်။ ဟာစီနာ၏ မဟာမိတ်အဖြစ်မှ အဓိကပြိုင်ဘက်ဖြစ်လာခဲ့သူ ဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိအတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာ၏သားဖြစ်သူ တာရစ်ရာမန်သည် ရုံးတင်စစ်ဆေးခံခဲ့ရသည့် ၄၉ ဦးတွင် ပါဝင်ခဲ့သည်။ ရာမန်သည် ရာဇဝတ်မှုဆိုင်ရာ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုစွဲချက်နှင့် လူသတ်မှုဆိုင်ရာ စွဲချက်အများအပြားလည်း စွဲဆိုခံထားရသည်။

အသက် ၅၀ ရှိပြီဖြစ်သော ရာမန်သည် ၂၀၀၈ ခုနှစ်တွင် လန်ဒန်သို့ထွက်ပြေးခဲ့ပြီးနောက် မျက်ကွယ်တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ အကျင့်ပျက်ခြစားမှုအတွက် ဇီယာသည် ပြီးခဲ့သော ဖေဖော်ဝါရီတွင် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရပြီးနောက် ရာမန်က ပြည်ပမှနေ၍ အဓိကအတိုက်အခံ Bangladesh Nationalist Party (BNP) ကို ဦးဆောင်နေသည်။

ရာမန်သည် ထိုတိုက်ခိုက်မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း တရားရုံးက မှတ်ချက်ချခဲ့ပြီး ၎င်းအား သေဒဏ်ချမှတ်မည်ဟု မျှော်လင့်ထားခဲ့ကြောင်း အစိုးရရှေ့နေ မိုရှာရက်ဖ်ဟိုစိန်က ပြောကြားခဲ့သည်။ သေဒဏ်ချမှတ်ခံခဲ့ရသူများတွင် သြဇာကြီး ပြည်ထဲရေးဝန်ကြီးဟောင်းတစ်ဦး အပါအဝင် ဝန်ကြီးနှစ်ဦး၊ ထောက်လှမ်းရေးအေဂျင်စီများ၏ ခေါင်းဆောင်ဟောင်းနှစ်ဦးတို့ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်မှုနှင့် ဆောင်ရွက်ခဲ့မှုတို့အတွက် ပိတ်ပင်ခံထားရသော Harkat-ul Jihad al Islami (HuJI) မှ အစ္စလာမ္မစ်အစွန်းရောက် စုစုပေါင်း ၁၅ ဦးသည်လည်း သေဒဏ်ချမှတ်ခံခဲ့ရသည်။ ယင်းအဖွဲ့၏ ခေါင်းဆောင်သည်လည်း ပြီးခဲ့သောနှစ် ဧပြီတွင် ကွပ်မျက်ခံခဲ့ရသည်။

BNP မှ ဝန်ကြီးဟောင်းအဗ္ဗဒူဆလမ်ပင်တူသည် HuJI နှင့် လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့ပြီး တိုက်ခိုက်ရန်အတွက် လက်ပစ်ဗုံးများကို ပေးခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့ကြသည်။ ဟာစီနာက လူထုစုဝေးပွဲ၌ မိန့်ခွန်းပြောနေစဉ် လက်ပစ်ဗုံးများ ပေါက်ကွဲမှုကြောင့် ၎င်း၏နားတစ်ဖက်သည် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး သမ္မတဟောင်းတစ်ဦး၏ ဇနီးသည်လည်း သေဆုံးသူများထဲတွင် ပါဝင်ခဲ့သည်။

ထိုတိုက်ခိုက်မှုဖြစ်ပွားခဲ့အပြီး လေးနှစ်အကြာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာတွင် ရွေးကောက်ပွဲများ၌ အပြတ်အသတ် အနိုင်ရခဲ့ပြီး နိုင်ငံရေးနှင့် ဘာသာရေး သီးခြားကင်းလွတ်သောညွန့်ပေါင်းကို ဦးဆောင်ခဲ့ပြီးနောက် ဟာစီနာသည် အာဏာရလာခဲ့သည်။ နောက်ထပ်အစ္စလာမ္မစ် အစွန်းရောက်သုံးဦးသည်လည်း ထိုတိုက်ခိုက်မှုအတွက် စွဲချက်တင်ခံခဲ့ရပြီး သီးခြားရုံးတင် စစ်ဆေးခံခဲ့ရကာ နောက်ပိုင်းတွင် ကွပ်မျက်ခံခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်တွင် သေဒဏ်ချမှတ်မှုများသည် ပုံမှန်လိုလိုဖြစ်နေပြီး လူရာပေါင်းများစွာသည် သေဒဏ်ချမှတ်ခံထားရသည်။ ကွပ်မျက်မှုအားလုံးကို ဗြိတိန်ကိုလိုနီခေတ် အမွေဖြစ်သော ကြိုးဆွဲချလေ့ရှိသည်။ အစ္စလာမ္မစ်ထိပ်တန်း အစွန်းရောက်ကိုးဦးထက် မနည်း၊ နိုင်ငံ၏အကြီးဆုံး အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်ငါးဦးနှင့် အတိုက်အခံ ထိပ်တန်းခေါင်းဆောင်တစ်ဦးတို့အား ၂၀၀၇ ခုနှစ်နောက်ပိုင်း ကွပ်မျက်ခဲ့ပြီးဖြစ်သည်။

Most Read

Most Recent