အောင်မင်းခန့်နှင့် တွေ့ဆုံခြင်း

အောင်မင်းခန့်နှင့် တွေ့ဆုံခြင်း
Published 13 May 2018

MRTV-4 က ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးကတော့ အောင်မင်းခန့်ပါ။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ ရရှိခဲ့ပြီးနောက်မှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေ သာမကပဲ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကိုလည်း လက်ခံရိုက်ကူးခွင့်ရခဲ့သူပါ။ သူရဲ့ပါဝင်ထားတဲ့ဗီဒီယို ဇာတ်ကားတွေဟာလည်း ပရိသတ်တွေအားပေးမှုကို ရရှိခဲ့ပြီး လက်ရှိမှာလည်း ရုပ်ရှင်၊ ကြော်ငြာနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ဆက်တိုက်ရိုက်ကူးနေရသူ အောင်မင်းခန့် အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို မေလထဲမှာပဲ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေ ကြည့်ရှုရတော့မှာဖြစ်တဲ့ ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဇာတ်ကားနဲ့ ပတ်သက်တဲ့ အောင်မင်းခန့်ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ရင်ခုန်သံတွေနဲ့အတူ လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် ....

■ မေး - လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်းကို အရင်သိပါရစေ။

ဖြေ - ‘မနေ့ကဖြစ်သည် ၂’ ဇာတ်လမ်းတွဲလေး ရိုက်ကူးပြီးသွားပါပြီ။ လက်ရှိမှာ ကြော်ငြာတွေရိုက်ဖြစ်နေတယ်။ ပြက္ခဒိန်တွေလည်း ရိုက်ဖြစ်နေပါတယ်။

■ မေး - ‘မနေ့ကဖြစ်သည် ၂’ မှာရော ဘယ်လိုဇာတ်ကောင်စရိုက်မျိုး ပါဝင်သရုပ်ဆောင်ထားလဲ။

ဖြေ - အဲဒီဇာတ်လမ်းမှာကတော့ ကျွန်တော်က ဂျစ်ကန်ကန်နိုင်တဲ့ကောင်လေးတစ်ယောက်၊ ကိုယ်စိတ်ထင်ရာလုပ်တတ်တဲ့ ကောင်လေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

■ မေး - မေတ္တာထားတာ အဟုတ်ကိုပဲ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ အကြောင်းကိုအရင်ပြောပြပေးပါဦး။

ဖြေ - အဲဒီဇာတ်ကားကြီးမှာ ပါဝင်ဖို့အတွက် ဆရာဦးထွန်းအောင်ဇော်က ကမ်းလှမ်းခဲ့တာပါ။ ကျွန်တော့်အတွက် လုပ်ခွင့်ရတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်သလို ဝါရင့်အနုပညာရှင်တွေနဲ့လည်း တွဲဖက်ပြီး သရုပ်ဆောင်ရတာဖြစ်လို့ ကျွန်တော့်ဘက်က ဝမ်းသာစွာနဲ့ လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ။ အဲဒီလို ကမ်းလှမ်းခဲ့တဲ့အတွက် ဆရာဦးထွန်းအောင်ဇော်ကိုရော ပန်းသခင် ထုတ်လုပ်ရေးကိုပါ ကျေးဇူးအများကြီးတင်ရပါတယ်။

■ မေး - ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဇာတ်လမ်းမှာရော ဘယ်လိုဇာတ်ကောင်စရိုက်မျိုးနဲ့ တွေ့ရမလဲ။

ဖြေ - ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဇာတ်ကားမှာက ကျွန်တော့်အနေနဲ့ကတော့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဇာတ်ရုပ်မျိုးပါပဲ။ ဟာသဇာတ်လမ်းလေးဖြစ်ပေမယ့် ကျွန်တော့်အနေနဲ့ ဝါရင့်အနုပညာရှင်ကြီးတွေဖြစ်တဲ့ အန်ကယ်လေး (လူမင်း) ဦးဗေ (ဗေလုဝ) တို့ အပြင် အခြားဝါရင့်အနုပညာရှင်တွေ အများကြီးနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ကျွန်တော့်အတွက် ပညာတွေအများကြီးရခဲ့သလို အနုပညာ အခွင့်အရေးကောင်းလည်း ဖြစ်ခဲ့ပါတယ်။ ပညာတွေလည်း အများကြီးရခဲ့သလို ကျွန်တော့်အနေနဲ့ ပါဝင်ရတဲ့အပိုင်းမှာလည်း လုပ်ခွင့်တွေ အများကြီးရခဲ့တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ကျွန်တော့်အတွက်တော့ တကယ်ကို အမှတ်တရဖြစ်တဲ့ ဇာတ်ကားတစ်ကားပါ။

■ မေး - အောင်မင်းခန့်ကို ဟာသဇာတ်လမ်းမျိုးမှာ သိပ်ပြီးတွေ့ရလေ့မရှိတော့ ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဇာတ်ကား ဟာသဖြစ်တဲ့အတွက် အခက်အခဲရှိခဲ့လား။

ဖြေ - ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဇာတ်ကားမှာက ကျွန်တော့်က အမေက မိန်းမပေးစားတာကို မယူချင်တဲ့အတွက် အဖေနဲ့ ဦးလေးရဲ့ အားကိုးနဲ့ မိန်းမမယူရအောင် ကြံဖန်ရတဲ့ဇာတ်လမ်းလေးပါ။ ဇာတ်ကားရိုက်ကူးတုန်းကတော့ ဆရာဦးထွန်းအောင်ဇော်ကရော အန်ကယ်လေး (လူမင်း) တို့ ဦးဗေ (ဗေလုဝ) တို့ ကိုဖြိုးငွေစိုးတို့တွေကလည်း အားလုံးက ဝိုင်းဝန်းသင်ကြားပေးကြတယ်။ နောက်ပြီး အခြားဝါရင့်အနုပညာရှင်တွေများကြီးပါတဲ့ အတွက် ကျွန်တော့်အနေနဲ့ သိချင်တာတွေကို မေးမြန်းခွင့်ရတယ်။ အားလုံးကလည်း ကူညီသင်ကြားပေးကြတာဖြစ်လို့ အစစအရာရာ အဆင်ပြေခဲ့ပါတယ်။

■ မေး - ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဇာတ်ကားက အောင်မင်းခန့်အတွက် ပထမဆုံးဇာတ်ကားဖြစ်မလား။

ဖြေ - ဟာသဇာတ်လမ်းမှာဆိုရင် ဒီဇာတ်ကားက ကျွန်တော့်အတွက် ပထမဆုံးရုံတင် ဇာတ်ကားကြီးဖြစ်မှာပါ။ ဟာသဇာတ်လမ်းက ဗီဒီယိုမှာလည်း ထွက်ထားတာရှိသလို ရိုက်ကူးထားတာတွေလည်း ရှိပေမယ့် ပရိသတ်တွေ ကြည့်ရှုခွင့်ရမယ့် ရုပ်ရှင်ဇာတ်ကားကြီး အနေနဲ့ကတော့ ဒီဇာတ်ကားက ပထမဆုံးပါပဲ။

■ မေး - ခုချိန်မှာ အောင်မင်းခန့်အနေနဲ့ ဘယ်လိုဇာတ်ကောင်စရိုက်မျိုးတွေကို သရုပ်ဆောင်ချင်နေလဲ။ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ ဘာကိုပိုပြီးရိုက်ကူးချင်လဲ။

ဖြေ - တကယ်ကတော့ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ရုပ်သံဇာတ်လမ်းတွဲပဲဖြစ်ဖြစ် သန်းခြောက်ဆယ်သော ပြည်သူတွေကို ဦးတည်ပြီး ရိုက်ကူးတာဖြစ်လို့ ကျွန်တော့်အတွက်ကတော့ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေကို ဖျော်ဖြေခွင့်ရမယ့် အလုပ်ပဲဖြစ်လို့ အတူတူပါပဲ။ ဇာတ်ကောင်စရိုက် အနေနဲ့ဆိုရင်တော့ လက်ရှိမှာ ကျွန်တော့်စိတ်ထဲမှာ အရမ်းချစ်တတ်တဲ့ သမီးရည်းစား အချစ်ဇာတ်ကားလေး ရိုက်ချင်သလို အက်ရှင်ဇာတ်ကားတွေလည်း ရိုက်ချင်နေတယ်။

■ မေး - ကိုယ်ရိုက်ကူးမယ့် ဇာတ်ကားတွေကိုရော ဘယ်လိုမျိုးရွေးချယ်ဖြစ်လဲ။

ဖြေ - ကိုယ်ရိုက်ကူးမယ့်ဇာတ်က ကိုယ့်စိတ်ထဲမှာ တကယ်နှစ်သက်တာမျိုးကို ရွေးတယ်။ ကိုယ်တကယ်ကြိုက်မှ ပရိသတ်တွေလည်း ကြိုက်မယ်လေ။ နောက်ပြီး ဇာတ်ကောင်စရိုက်ဆိုရင်လည်း ကိုယ်တိုင်နှစ်သက်တဲ့ ဇာတ်ရုပ်မျိုးပဲရွေးတယ်။ ကိုယ့်ခံစားချက်က ပါဝင်လုပ်ဆောင်နိုင်မယ့် ဇာတ်ကောင်စရိုက်မျိုးပဲရွေးတယ်။ ဒါမှလည်း ကျွန်တော့်ဘက်က ပီပြင်အောင်လုပ်နိုင်မယ်လို့ ခံယူထားတယ်။

■ မေး - မေတ္တာထားတာ အဟုတ်ကိုပဲ ဇာတ်ကားနဲ့ပတ်သက်ပြီး အမှတ်တရရှိရင်လည်း သိချင်ပါတယ်။

ဖြေ - ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဇာတ်ကားမှာက ကျွန်တော့်အနေနဲ့ ဝါရင့်အနုပညာရှင်တွေ အကယ်ဒမီရထားတဲ့ အနုပညာရှင်တွေ အများကြီးနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက်ရော သူတို့တွေက ကျွန်တော့်လို အနုပညာရှင်သစ်တစ်ယောက်ကို လက်တွဲပြီး သရုပ်ဆောင် ခွင့်ပေးတဲ့အတွက်ရော ကျွန်တော့်အတွက် တကယ်ကို အမှတ်တရဖြစ်ရသလို ဂုဏ်ယူစရာကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းလေးကလည်း ကောင်းတဲ့အတွက် ပရိသတ်တွေအနေနဲ့လည်း အချိန်ပေးပြီး ကြည့်ရှုရကျိုးနပ်မယ့် ဇာတ်ကားတစ်ကားဖြစ်မှာပါ။

■ မေး - အားပေးနေတဲ့ ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။

ဖြေ - ပရိသတ်တွေအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုနဲ့ မေတ္တာတွေကိုလည်း ကျွန်တော်မျှော်လင့်ပါတယ်။ မကြာခင်ရုံတင်တော့မယ့် ‘မေတ္တာထားတာ အဟုတ်ကိုပဲ’ ဇာတ်ကားကိုလည်း ပရိသတ်တွေ လာရောက်ကြည့်ရှု အားပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

Most Read

Most Recent