အကယ်ဒမီခန့်စည်သူနှင့် တွေ့ဆုံခြင်း

အကယ်ဒမီခန့်စည်သူနှင့် တွေ့ဆုံခြင်း
Published 26 September 2017

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်သစ်ရွေးချယ်ပွဲမှာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ အလွှာအလိုက် ရွေးကောက်ခံ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာများထဲမှ ရုပ်ရှင်လောကသားများ၏ မဲပေးရွေးချယ်မှုဖြင့် ရွေးချယ်ခံအမှုဆောင်အဖွဲ့ဝင်များ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့သစ်တွင် ရွေးချယ်ခံရသူများအနက် အဓိကသရုပ်ဆောင်အလွှာမှ ရွေးချယ်ခံထားရသူ တစ်ဦးဖြစ်သည့် အကယ်ဒမီခန့်စည်သူမှာ ဥက္ကဋ္ဌနေရာအတွက် ရေပန်းအစားဆုံးသူများထဲမှ တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်တစ်ဦးအဖြစ် အတွေ့အကြုံရှိခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး လက်ရှိတွင် ရုပ်ရှင်လောကသားများ၏ ထောက်ခံမဲပေးမှုအများဆုံးဖြင့် ရွေးချယ်ခံထားရသူလည်း ဖြစ်သည်။ အကယ်ဒမီခန့်စည်သူနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအမှု ဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ရွေးချယ်ခံဖြစ်ပုံ၊ ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့သစ်အနေဖြင့် ဆက်လက်ဆောင်ရွက်လိုသည့် အကြောင်းအရာများ၊ အနုပညာရှင်တစ်ဦးအနေဖြင့် ဆက်လက်လုပ်ကိုင်သွားမည့် အနုပညာဖန်တီးမှုများနှင့် မေတ္တာသင်္ဂဟအဖွဲ့အား တည်ထောင်ထားသူ တစ်ဦးအနေဖြင့် ဆက်လက်လုပ်ကိုင်သွားလိုသည့် ပရဟိတလုပ်ငန်းများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

‘အများကိုကိုယ်စားပြုတဲ့၊ ရုပ်ရှင်လောကသားအားလုံးက ဖြစ်စေချင်တဲ့ သဘောထားဆန္ဒကို ကိုယ်စားပြုပြီး လုပ်ဆောင်သွားပါမယ်’

 

■မေး - ရွေးကောက်ပွဲမှာ ပါဝင်ရွေးချယ်ခံဖြစ်တဲ့ အဓိကအကြောင်းလေး အရင်သိချင်ပါတယ်။

■ဖြေ - ဒါကတော့ ရုပ်ရှင်နဲ့ဗီဒီယိုနဲ့ ထမင်းစားကြသူများပေါ့။ ကိုယ်နဲ့မဆိုင်သလို နေလည်းရတယ်။ ရုပ်ရှင်နဲ့ ဗီဒီယိုတွေရိုက်ရင်းနဲ့ လုပ်ချင်သလို လုပ်လို့ရတယ်။ ဒါပေမဲ့ တတ်နိုင်သလောက် ဝန်းရံပေးတဲ့သဘောပါ။

■မေး - လောကသားတွေက ကိုခန့်ကို ယုံယုံကြည်ကြည်နဲ့ မဲပေးခဲ့ကြတဲ့အပေါ် ခံစားချက်ကိုလည်း သိချင်ပါတယ်ရှင့်။

■ဖြေ - ကျွန်တော့်အနေနဲ့ ဒီမှာပါဝင်ရွေးချယ်ခံခဲ့တုန်းကတော့ တတ်နိုင်သလောက် ပါဝင်ကူညီမယ်ဆိုတဲ့စိတ်နဲ့ ပါဝင်ဖြစ်ခဲ့တာပါ။ တကယ်တမ်း မဲပေးရွေးချယ်တဲ့အခါ ကျွန်တော့်ကိုယုံယုံကြည်ကြည်နဲ့ မဲပေးကြတဲ့အတွက်လည်း ကြည်နူးရပါတယ်။ လောကသားအချင်းချင်း ညီညွတ်မှုကိုလည်း မြင်ရတာပေါ့နော်။ အဲဒီအတွက်လည်း အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။

■မေး - အခုရုပ်ရှင်အစည်းအရုံး အမှုဆောင်တစ်ယောက်အနေနဲ့ ရွေးချယ်ခံရတယ်။ ဒီအခါ အနုပညာလုပ်ငန်းတွေနဲ့ ဘယ်လိုအချိန် ခွဲခြားပေးသွားမလဲ။

■ ဖြေ - ကျွန်တော်တို့ ဒီအလုပ်မှာ ဝင်လုပ်တယ်ဆိုတာက မနက် ၈၊ ညနေ ၅ လိုမျိုး ရုံးချိန်ကြီးလည်း မလိုဘူးလေ။ အဓိက,ကတော့ လူရှိဖို့ဆိုတာထက်မူရှိဖို့ လိုတာပါ။ အမှုဆောင်အဖွဲ့ဝင်တွေ အားလုံးသည် ညီညီညွတ်ညွတ်နဲ့ လောကကောင်းကျိုးအတွက် အလုပ်လုပ်ဆောင်နိုင်တဲ့ သူတွေဖြစ်ဖို့လိုတယ်။ အများကိုရှေးရှုတဲ့၊ အများအတွက်လိုအပ်တဲ့ မူမျိုးတွေချမှတ်ဖို့ လိုတာပါ။ အဲဒီလိုဖြစ်ဖို့အတွက်လည်း ကျွန်တော်တို့ အမှုဆောင်အဖြစ်ရွေးချယ်ခံရတဲ့သူ တွေအားလုံးက ကြိုးစားသွားပါမယ်။ အနုပညာအလုပ်တွေလည်း အဆင်ပြေသလိုပဲ လုပ်ကိုင်သွားပါမယ်။

■မေး - ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့တွေ ဖွဲ့စည်းခဲ့ရာမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိခဲ့ဖူးတယ်။ ရုပ်ရှင်လောကသားတွေရဲ့ အခက်အခဲတွေကို သေချာမသိဘဲ မဖြေရှင်းနိုင်တာတွေလည်း ကြုံခဲ့ဖူးတယ်။ ဒါတွေကို အခုအမှုဆောင်အဖွဲ့သစ်လက်ထက်မှာ ဘယ်လိုဖြေရှင်းသွားမလဲ။

■ဖြေ - ကျွန်တော်က ဦးမြင့်သိန်းဖေလက်ထက်မှာ အမှုဆောင်အဖြစ် နှစ်ဆက်ပါဝင်ဆောင်ရွက်ခဲ့ဖူးပါတယ်။ ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဆက်ဆက် ဆိုတာကလည်း ရုပ်ရှင်လောကသားတွေရဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို မသိစရာအကြောင်းတော့ မရှိပါဘူး။ မသိချင်ယောင်ဆောင်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ဖြစ်စေချင်တာကတော့ လက်ရှိရုပ်ရှင်လောကထဲမှာ တကယ်အလုပ်လုပ်နေတဲ့သူ၊ လောကသားတွေရဲ့ အခက်အခဲကို တကယ်နားလည်တဲ့သူ၊ ဖြေရှင်းပေးနိုင်တဲ့သူတွေက အမှုဆောင်အဖွဲ့ထဲမှာပါဝင်ပြီး တကယ်အလုပ်လုပ်ပေးဖို့ လိုအပ်လိမ့်မယ်။ အသစ်ဖွဲ့စည်းမယ့် ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့အနေနဲ့ကတော့ ရုပ်ရှင်လောကသားတွေရဲ့ အခြေအနေကို အမြဲနားလည်ပြီး ဖြေရှင်းပေးနိုင်တဲ့သူတွေဖြစ်အောင် ကြိုးစားမှာပါ။

■ မေး - အမှုဆောင်အဖွဲ့သစ်အနေနဲ့ ရုပ်ရှင်လောကထဲက ဘယ်လိုအကြောင်းအရာမျိုးတွေကို အဓိကကိုင်တွယ်ဖြေရှင်းသွားဖို့ လိုအပ်တယ်လို့ထင်လဲ။

■ဖြေ - အကြောင်းအရာတွေကတော့ အများကြီးပါ။ ရုပ်ရှင်လောကသားတွေမှာလည်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိနေတာပဲလေ။ အဲဒါတွေအားလုံးကို ရုပ်ရှင်လောကသားများရဲ့ ကိုယ်စားဖြေရှင်းပေးရမှာပါ။ ဒီအတွက်လည်း ကျွန်တော်တို့အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်သဘောထားဆိုတာထက် အများကိုကိုယ်စားပြုတဲ့၊ ရုပ်ရှင်လောကသားအားလုံးက ဖြစ်စေချင်တဲ့သဘော ထားဆန္ဒကို ကိုယ်စားပြုပြီး လုပ်ဆောင်သွားပါမယ်။ ဒီလိုအများကို ကိုယ်စားပြုတဲ့လုပ် ဆောင်မှုမျိုး ဖြစ်စေဖို့အတွက်လည်း ရုပ်ရှင်လောကသားအားလုံးနဲ့ ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့များသည် တစ်သားတည်းဖြစ်နေစေဖို့ ကြိုးပမ်းသွားမှာပါ။

■မေး - အမှုဆောင်အဖွဲ့သစ် ဖွဲ့စည်းမှုကိုရော ဘယ်တော့လောက်လုပ်သွား ဖြစ်မလဲ။

■ဖြေ - အမြန်ဆုံးတော့လုပ်သွားမှာပါ။ အမှုဆောင်အဖွဲ့ဝင်တွေရဲ့ မဲဆန္ဒနဲ့ပဲ ဥက္ကဋ္ဌအပါအဝင် နေရာအသီးသီး ရွေးချယ်ပြီး ဖွဲ့စည်းသွားပါမယ်။ ကျွန်တော်ကတော့ ကျရာနေရာ၊ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် အတတ်နိုင်ဆုံး ထမ်းဆောင်သွားပါမယ်။

■ မေး - အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်လို့လည်း သိပါရစေ။

■ဖြေ - အနုပညာလှုပ်ရှားမှုကတော့ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ထားပါတယ်။ ဇာတ်လမ်းအမျိုးအစား အစုံပါပဲ။ ပျော်စရာဇာတ်ကားတွေပါဝင်သလို ဒရာမာဇာတ်ကားတွေ၊ အနုပညာအရ ပရိသတ်ရင်ထဲကျန်ခဲ့မယ့် ဇာတ်ကားမျိုးတွေလည်း ပါတယ်။ အဓိက,ကတော့ ပရိသတ်တွေအတွက် ရသစုံခံစားရရှိနိုင်မယ့် ဇာတ်ကားမျိုးတွေ ရိုက်ထားပါတယ်။

■မေး - အခုနောက်ပိုင်းမှာ ဇာတ်လမ်းရွေးချယ်မှုတို့၊ ဇာတ်ရုပ်ပိုင်းဆိုင်ရာ ရွေးချယ်မှုတို့မှာရော ပြောင်းလဲဖြစ်တာမျိုးတွေ ရှိလား။

■ဖြေ - အဓိက,ကတော့ ရသစုံအောင် ဖန်တီးတာပဲရှိပါတယ်။ အရင်ကတည်းကလည်း ပုံစံစုံအောင်တော့ ရိုက်ဖြစ်တယ်။ ဒရာမာဇာတ်ကားတွေချည်းပဲ ရိုက်နေလို့ လည်းမရဘူး။ ဟာသကားချည်းပဲရိုက်လို့ လည်းမဖြစ်ဘူး။ ပရိသတ်တွေကို ပျော်စရာ၊ လွမ်းစရာ၊ မှတ်သားစရာ စသဖြင့်ရသစုံ အနုပညာတင်ဆက်မှုတွေ ပေးနိုင်အောင်တော့ ကြိုးစားပါတယ်။

■မေး - မေတ္တာသင်္ဂဟအဖွဲ့အနေနဲ့ ဆက်ပြီးလုပ်ဆောင် သွားမယ့်ရည်ရွယ်ချက်ကိုလည်း ပြောပြပါဦး။

■ဖြေ - မေတ္တာသင်္ဂဟအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကတည်းကလည်း ကျွန်တော်တို့အနုပညာရှင်တွေ၊ စေတနာရှင်တွေစုပေါင်းပြီး တကယ်လို အပ်တဲ့သူတွေ၊ လိုအပ်နေတဲ့နေရာတွေမှာ တတ်နိုင်သလောက် ပါဝင်ကူညီနိုင်တဲ့ အတွက်လည်း ဝမ်းသာရပါတယ်။ ဆက်လက်လုပ်ဆောင်သွားမယ့် ရည်မှန်းချက်ကလည်း လိုအပ်နေတဲ့သူတွေကို တတ်အားသရွေ့ပါဝင်ကူညီ လှူဒါန်းသွားဖို့ပါပဲ။

Most Read

Most Recent