ဂျပန်ကမ်းလွန်ပင်လယ်ပြင်၌ အမေရိကန် စစ်သင်္ဘော တိုက်မိမှုတွင် သင်္ဘောအုပ်ချုပ်သူ အရာရှိ ရာထူးမှ ဖယ်ရှားခံရ

ဂျပန်ကမ်းလွန်ပင်လယ်ပြင်၌ အမေရိကန် စစ်သင်္ဘော တိုက်မိမှုတွင် သင်္ဘောအုပ်ချုပ်သူ အရာရှိ ရာထူးမှ ဖယ်ရှားခံရ
Published 19 August 2017

ဇွန် ၁၇ ရက်က ဖိလစ်ပိုင်ကုန်တင်သင်္ဘောနှင့် တိုက်မိပြီးနောက် အမေရိကန်ဖျက်သင်္ဘော USS Fitzgerald တွင် ပျက်စီးနေမှုကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

ဂျပန်ကမ်းလွန်ပင်လယ်ပြင်တွင် အမေရိကန် ရေတပ်သား ခုနစ်ဦး သေခဲ့ရသည့် ဖိလစ်ပိုင်အလံ လွှင့်ထူထားသည့် ကုန်တင်သင်္ဘောတစ်စင်းနှင့် အမေရိကန်ရေတပ် သင်္ဘောတစ်စင်းတို့ တိုက်မိခဲ့မှု ဖြစ်စဉ်တွင် ရေတပ်သင်္ဘောမှ အုပ်ချုပ်သူ အရာရှိကို ရာထူးမှ ထုတ်ပယ်မည်ဖြစ်ပြီး အခြား သင်္ဘောအမှုထမ်းများလည်း ပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည်ဟု အကြီးတန်း ရေတပ်ဗိုလ်ချုပ်ကြီး တစ်ဦးက သြဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

USS Fitzgerald သင်္ဘောမှ အပြစ်ပေးခံရသူများထဲတွင် သင်္ဘောအုပ်ချုပ်သူ အရာရှိ၊ အမှုဆောင် အရာရှိ၊ အကြီးတန်းသင်္ဘော အမှုထမ်းတို့ ပါဝင်ပြီး အားလုံးသည် သင်္ဘောပေါ်ရှိ ၎င်းတို့ တာဝန်များ အားလုံးမှ ရပ်ဆိုင်းခံရမည်ဟု ရေတပ်စစ်ဆင်ရေး ဒုတိယအကြီးအကဲဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး ဘီလ်မိုရန်က ပြောကြားခဲ့သည်။ “ဒီရာထူး နေရာတွေမှာ ဆက်လက်ဦးဆောင်စေဖို့ သူတို့ရဲ့ အရည်အချင်းကို ကျွန်တော်တို့ဘက်က ယုံကြည်မှု မရှိတော့တဲ့အတွက် သင်္ဘောကနေ တာဝန်ရပ်ဆိုင်းလိုက်ပါတယ်။ သူတို့ဟာ သင်္ဘောကို ပြန်မလာတော့ပါဘူး” ဟု မိုရန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဇွန် ၁၇ ရက် အစောပိုင်းက ဂျပန်ကမ်းရိုးတန်း အလွန်ရှိ အသွားအလာများသော သင်္ဘောလမ်းကြောင်း တစ်ခုထဲတွင် USS Fitzgerald သည် ဖိလစ်ပိုင်အလံ လွှင့်ထူထားသည့် ACX Crystal နှင့် တိုက်မိခဲ့ရာ သင်္ဘောအမှုထမ်း ခုနစ်ဦးသည် အိပ်စင်အတွင်းမှာပင် ရေနစ်သေဆုံးခဲ့ရသည်။

ယင်းတိုက်မိမှုအတွက် စုစုပေါင်း အပြစ်ပေးခဲ့ရသည့် သင်္ဘောအမှုထမ်းဦးရေသည် တစ်ဒါဇင်ကျော်ရှိမည်ဟု ခန့်မှန်းရသည်။

အခြားသော စုံစမ်းစစ်ဆေးမှု အမျိုးမျိုး၏ ရလဒ်များ ထပ်မံထွက်လာပါက ယင်းတို့အပေါ် မူတည်ပြီး ထိုသင်္ဘောအမှုထမ်းများသည် အပြစ်ပေးမှုများနှင့် ထပ်မံရင်ဆိုင်ရနိုင်သည်ဟု မိုရန်က ပြောကြားခဲ့သည်။ “သူတို့ အပြစ်ထပ်ပေးခံရမယ်၊ မပေးခံရတော့ဘူးလို့ ပြောတာ မဟုတ်ဘူး။ ဆိုလိုတာက ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ မပြီးသေးဘူး ဆိုတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းမတော်တဆ ဖြစ်စဉ်အတွင်း ရေနစ်သေဆုံးခဲ့ကြသူများသည် အသက် ၁၉ နှစ်မှ ၃၇ နှစ်အကြား ရှိကြကြောင်း သိရသည်။ ၎င်းတို့ကို မတော်တဆဖြစ်ပြီး တစ်ရက်အကြာတွင် ရေမြုပ်နေသော အိပ်ဆောင်ထဲမှ ရေငုပ်သမားများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်မိမှုအတွင်း Fitzgerald သင်္ဘောတွင် ကြီးမားသော ဟက်တက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ထိုဖြစ်စဉ်နှင့် ပတ်သတ်ပြီး ထုတ်ပြန်ခဲ့သော ကနဦး တွေ့ရှိချက်များအရ သင်္ဘောအမှုထမ်း ခုနစ်ဦးသည် တာဝန်ချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ အမှားအယွင်းကြောင့် သေဆုံးရခြင်း မဟုတ်ဟု သိရသည်။

Ref: AFP

Most Read

Most Recent