ပေါ့ပ်ဘုရင်မ မက်ဒေါနား၏ အရှုပ်တော်ပုံ နှစ် ၆၀

ပေါ့ပ်ဘုရင်မ မက်ဒေါနား၏ အရှုပ်တော်ပုံ နှစ် ၆၀
Published 13 August 2018

ခေတ်တွေအားလုံးမှာကို အငြင်းပွားစရာ အကောင်းဆုံး အနုပညာရှင်တစ်ဦးကို ပြပါဆိုရင် သူကတော့ ပေါ့ပ်ဂီတဘုရင်မ မက်ဒေါနားပါပဲ။

မက်ဒေါနားဟာ အမျိုးသမီးအဆိုတော်တွေထဲမှာ ထာဝရ ရောင်းအကောင်းဆုံး ဂီတအနုပညာရှင်ဖြစ်ရုံမက တွက်ချက်လို့ မရနိုင်အောင် သြဇာကြီးမားခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ကို စူပါစကားတစ်ဦးဖြစ်စေခဲ့တဲ့ ပြင်းထန်တဲ့ လိင်ကိစ္စကနေ မက်ဒေါနားကို ဘယ်ခေတ်မှာမှ ခွဲခြားမရခဲ့ပါဘူး။ မက်ဒေါနားဟာ သြဂုတ် ၁၆ ရက်ဆိုရင် အသက် ၆၀ ပြည့်ပါပြီ။ ဒါပေမဲ့ စူးရှတောက်ပဆဲ၊ ဆန္ဒပြင်းပြဆဲ၊ သြဇာကြီးမားဆဲ ပေါ့ပ်ဂီတ အနုပညာရှင်အဖြစ် ရပ်တည်နေနိုင်ဆဲပါပဲ။

မက်ဒေါနားဟာ သူ့ထက် အသက် ၃၀ လောက်ငယ်ရွယ်တဲ့ အမျိုးသားတွေနဲ့ လူသိရှင်ကြား တွဲခုတ်ပြီး နွဲ့နှောင်းပျော့ပျောင်းတဲ့  ရုပ်သွင်ကို ထိန်းထားနိုင်ဆဲပါပဲ။ သူ့အသက်ထက်ဝက်လောက်ပဲရှိတဲ့ အမျိုးသမီးတွေတောင်မှ သူ့လို ခန္ဓာကိုယ်မျိုး ရှိနေအောင် ထိန်းထားဖို့ မလွယ်ပါဘူး။ မက်ဒေါနားဟာ ဂီတဖျော်ဖြေရေးလောကမှာ အသက်အရွယ်ကြီးလာချိန်အထိ လန်းဆန်းတက်ကြွပြီး ပရိသတ်ကို ဖမ်းစားထားနိုင်ဆဲဖြစ်တဲ့ ပထမဆုံး အမျိုးသမီးလို့လည်း ဆိုနိုင်ပါတယ်။

သူ့ဘဝမှာ ထင်ရှားတဲ့ အခိုက်အတန့် တချို့ကို ကြည့်ကြပါစို့။

 

■ MTV ထဲ လိင်ကိစ္စကို သယ်လာသူ

MTV ဟာ သူ့ရဲ့ ပထမဆုံး ဗီဒီယိုဂီတဆုကို ၁၉၈၄ ခုနှစ်မှာ ထုတ်ပြန်တဲ့အခါ သက တမ်းနုလှတဲ့ အဲဒီကွန်ရက်က မက်ဒေါနားရဲ့ ဆွဲဆောင်မှုပြင်းထန်လှတဲ့ သရုပ်ဆောင်ချက်နဲ့အတူ ဂရမ်မီဆုတို့ အော်စကာဆုတို့လို ခိုင်မာပြီးသား ဆုတွေရဲ့ ငြီးငွေ့ဖွယ်ပုံသေနည်းကို အလျင်အမြန် ချိုးဖျက်ပစ်လိုက်ပါတယ်။

ကြမ်းပြင်ပေါ်မှာ သူ့ရဲ့အတွင်းခံတွေ ပေါ်အောင် လူးလှိမ့်ပြရင်း Boy Toy (ကောင်လေးတွေအတွက် ကစားစရာ) လို့ ရေးထားတဲ့ ခါးပတ်ခေါင်းကြီးနဲ့ သတို့သမီး ဝတ်စုံကို ဝတ်လို့ Like a Virgn(အပျိုစင် တစ်ယောက်လို)  ဆိုတဲ့ သီချင်းကို ဆိုဖို့ မက်ဒါနားဟာ ငါးမီတာ (၁၆ပေ) အလျား ရှိတဲ့ ကိတ်မုန့်ထဲကနေ ထွက်ပေါ်လာပါတယ်။

မက်ဒေါနားရဲ့ ကျော်ကြားမှုက ခိုင်မာသွားခဲ့ပြီး ဆွဲဆောင်မှုပြင်းထန်လွန်းတဲ့ ဂီတဗီဒီယိုတွေ ထပ်ကာထပ်ကာ ထွက်လာခဲ့ပါတယ်။

 

■ ဆုတောင်းမှုတစ်ခုလို

၁၉၈၉ ခုနှစ်မှာ သူ့ရဲ့ စတုတ္ထမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Like a Prayer (ဆုတောင်းမှုတစ်ခုလို) စထွက်လာတော့ မက်ဒေါနားဟာ ပိုပြီးကြီးမားတဲ့ ပရိသတ်ရဖို့ မျှော်လင့်လာပါတယ်။ ကမ္ဘာတစ်လွှားမှာ လွှင့်တဲ့ Pepsi ကုမ္ပဏီရဲ့ ကြော်ငြာဗီဒီယိုနမူနာ ထွက်ပေါ်လာခဲ့ပါတယ်။ ရုပ်မြင်သံကြားမှာ အကျော်ကြားဆုံး Show တစ်ခုဖြစ်တဲ့ The Cosby Show လည်း တစ်ခုအပါအဝင်ပေ့ါ။

MTV မှာ စတင်ပွဲထွက်လာတဲ့ ဗီဒီယိုသက်သက်ကိုက ကြည့်သူတွေကို အံ့သြမှင်သက်သွားစေခဲ့ပါတယ်။ ဘာသာရေးသရုပ်ဖော်ပုံတွေကို လိင်ကိစ္စနဲ့ ရောယှက်အသုံးပြုထားလို့ပါပဲ။ အမေရိကန် ပြည်ထောင်စုရဲ့ ဒေသတချို့မှာ အငြင်းပွားနေဆဲအကြောင်းအရာတစ်ခုဖြစ်တဲ့ လူမျိုးခြားချစ်ကြိုက်မှုကို ဖော်ပြရင်း မက်ဒေါနားဟာ Ku Klux Klan လို့ခေါ်တဲ့ (လူဖြူကြီးစိုးရေး၊ လူဖြူအမျိုးသားရေးနဲ့ ရွှေ့ပြောင်း အခြေချမှုဆန့်ကျင်ရေး) လူမျိုးရေးခွဲခြားမှုရဲ့ အမှတ်သင်္ကေတ မီးလောင်နေတဲ့ လက်ဝါးကပ်တိုင်တွေရှေ့မှာ ကခုန်မှုတွေနဲ့ လူမည်းသူတော်စင်ရုပ်တုကို ချစ်မှုပြုနေပုံတွေ လုပ်ပြခဲ့ပါတယ်။

ဗာတီကန်က ကန့်ကွက်ဆန္ဒပြမှုပြုလုပ်ပြီး ဘာသာရေးအဖွဲ့တွေက Pepsi ကို သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ နောက်တော့ Pepsi ဟာ မက်ဒေါနားနဲ့လုပ်တဲ့ သူ့ရဲ့  ကြော်ငြာအစီအစဉ်တွေကို ဖျက်သိမ်းခဲ့ရပါ တယ်။

 

■ MTV အတွက် ဟော့လွန်းသူ

နောက်တစ်နှစ်ကြာတော့ မက်ဒေါနား ဟာ MTV အတွက်တောင် အငြင်းပွားဖွယ် ဖြစ်လာပါတော့တယ်။ MTV ဟာ မက်ဒေါ နားရဲ့ Justify My Love (ကျွန်မအချစ်ကို ညှိပေးပါ) ဗီဒီယိုကို ပိတ်ပင်ခဲ့ပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေက ရုပ်ရှင်တွေကို ပြန်လှုံ့ဆော်ပြီး တမင် အဖြူအမည်းနဲ့ ရိုက်ကူးမှုပြုလုပ်ထားတဲ့ ပြင်သစ်ဖက်ရှင် ဓာတ်ပုံဆရာ ယန်းဘက်ပတစ်မွန်ဒီနိုရဲ့ လက်ရာ Justify My Love ဟာ ကာမသာယာမှု အတွက် သံကြိုးတွေနဲ့ တုပ်နှောင်ထားတဲ့ အလေ့အထနဲ့ ဟိုတယ်တစ်ခုက ထူးခြား ဆန်းကြယ်တဲ့ တခြားလိင်ဆက်ဆံမှုကို ဖော်ကျူးထားပါတယ်။ နောက်တော့ သရုပ်ဆောင်သူတွေက ရိုက်ကူးစဉ်အတွင်း သရုပ်ဆောင် မှုနဲ့ အရှိတရားကြားက နယ်နိမိတ်မျဉ်းတွေကို မှုန်ဝါးထားတယ်လို့ ပြောခဲ့ကြပါတယ်။

အငြင်းပွားဖွယ်ဖြစ်အောင် ပြုလုပ်မှုနဲ့ ငွေရှာတဲ့ပုံစံကို ဖန်တီးရင်း မက်ဒေါနားရဲ့ Justify My Love ဟာ Video - Single တွေထဲမှာ ထာဝရရောင်းအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီပုံစံဟာ Youtube ခေတ်မှာတော့ ပျောက်ကွယ်လို့ သွားခဲ့ပါပြီ။

 

■ လမ်းပေါ်ကို အငြင်းပွားမှု သယ်လာသူ

မက်ဒေါနားရဲ့ ရွှတ်နောက်နောက်ပုံစံတွေဟာ ကင်မရာထဲမှာသာ မဟုတ်တော့ပါ ဘူး။ မက်ဒေါနားဟာ ဖမ်းစားပုံအသစ်တစ်ရပ်ကို သူ့ရဲ့နယ်လှည့်ဖျော်ဖြေပွဲတွေထဲ သွတ်သွင်းခဲ့ပါတယ်။ အဲဒီဖျော်ဖြေပွဲအတော်များများဟာ သူ့ကို ဝင်ငွေ ဒေါ်လာသန်း ၁၀၀ ကျော်ရစေခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ပြုလုပ်တဲ့ မက်ဒေါနားရဲ့ Blood Ambition နယ်လှည့်ဖျော်ဖြေပွဲဟာ အဲဒီအချိန်မှာ အများလက်မခံသေးတဲ့ လိင်တူချစ်ကြိုက်မှု သရုပ်ဖော်အကတွေကနေတစ်ဆင့် လိင်ကိစ္စကို တခမ်းတနားထုတ် ပြမှုနဲ့အတူ တော်လှန်မှုဆန်တဲ့ ခံစားချက်တစ်ရပ်ကို သယ်ဆောင်လာခဲ့ပါတယ်။

မက်ဒေါနားက Like a Prayer သီချင်းကို သီဆိုနေတဲ့အချိန်မှာ ကချေသည်တွေက သူ့ကို ကာမအာရုံခံစားရအောင် လိင်အင်္ဂါကို နှိုးဆွပေးနေဟန် သရုပ်ဆောင်ခဲ့ကြပါတယ်။ ဒါကြောင့် တိုရွန်တိုက ရဲတပ်ဖွဲ့ဟာ မက်ဒေါနားကို ဖမ်းဆီးထိန်းသိမ်းမယ်လို့တောင် ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ရဲတပ်ဖွဲ့က နောက်ဆုတ်သွားခဲ့ပါတယ်။

Blond Ambition  နယ်လှည့်ဖျော်ဖြေပွဲဟာ မက်ဒေါနားရဲ့ တွင်ရစ်ခဲ့မယ့် ဖက်ရှင် ဖော်ပြချက်တွေလည်း ထားခဲ့ပါသေးတယ်။ အဲဒါကတော့ ရှေ့ကို ကန်တော့ပုံ ချွန်ထွက်နေတဲ့ ဘရာစီယာကို အပြင်ဘက်မှာ ဝတ်ဆင်ခြင်းပါပဲ။ ရေးဆွဲပေးတဲ့ ဖက်ရှင်ဒီဇိုင်နာကတော့ ယန်းပေါဂေါ့တီယာပါ။

Photo: People

■ လိင်မူစာအုပ်

လိင်နှိုးဆွမှုဆန်ဆန် ခွေးတစ်ကောင်ကို ခွစီးထားတဲ့ပုံအပြင် ပက်လက်လှန်ခြေထောက် မြှောက်ထားတဲ့ပုံစံနဲ့ ပုံတွေထည့်သွင်းထားပြီး Sex လို့ ရိုးရိုးရှင်းရှင်း အမည်တပ်ထားတဲ့ အပျော်ဖက် စာအုပ်တစ်အုပ်ကို ထုတ်ဝေလိုက် ခြင်းနဲ့အတူ မက်ဒေါနားဟာ ၁၉၉၂ ခုနှစ်မှာ တချို့သူ့ပရိသတ်တွေ ထင်ကြသလိုမျိုး ခေတ်ရှေ့ အများကြီးရောက်နေခဲ့တယ် ဆိုပါတော့။

အဲဒီစာအုပ်ဟာလည်း အရောင်းရဆုံး စာအုပ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာအုပ်ဟာ တစ်ပြိုင်နက်ထွက်လာတဲ့ သူ့ရဲ့ဂီတအယ်လ်ဘမ် Erotica ကို အရိပ်မိုးသွားခဲ့ပါတယ်။

မက်ဒေါနားဟာ အဲဒီစာအုပ်ထုတ်တဲ့အတွက် ဘာမှ နောင်တမရဘူးလို့ အခိုင်အမာဆိုခဲ့ပြီး Sex ဆိုတဲ့စာအုပ်ဟာ သူ့ကို ပရိ သတ်တချို့ ထပ်ရစေခဲ့ပါတယ်။ အဲဒီပရိသတ်က မက်ဒေါနားဟာ ညစ်ညမ်းပုံတွေ အသစ် ပြန်လည်မွေးဖွားခြင်းရဲ့ တပ်ဦးပါပဲလို့တောင် ဆိုကြပါသေးတယ်။

 

■ ထုတ်ပြန်ချက်အနမ်း

မကြာသေးခင်နှစ်တွေအထိ မက်ဒေါနားဟာ သတင်းခေါင်းစီးတွေကို နေရာယူထားနိုင်တဲ့ သက်ကြီးအနုပညာရှင်တစ်ဦးဖြစ် နေဆဲပါပဲ။

၂၀၀၃ ခုနှစ် MTV ဂီတဗီဒီယိုဆုပေးပွဲမှာ မက်ဒေါနားဟာ သူ့ထက်ငယ်ရွယ်သူ ဂီတစတားနှစ်ဦးဖြစ်တဲ့ ခရစ္စတီနာအဂွီလာရာ၊ ဘရစ်တနီစပီးယားတို့နဲ့ နှုတ်ခမ်းချင်းတေ့ နမ်းနေတဲ့ပုံတွေ ထွက်ပေါ်လာပါတယ်။ အဲ ဒီအမျိုးသမီးနှစ်ဦးဟာ မက်ဒေါနားနဲ့ ရမက် ပြင်းထန်တဲ့ပုံစံမျိုးတွေနဲ့ နမ်းခဲ့ကြတာပါ။

၂၀၁၅ ခုနှစ်မှာတော့ မက်ဒေါနားဟာ Coachella ပွဲတော်မှာ ရုတ်တရက် ထွက်ပေါ်လာပါတယ်။ မက်ဒေါနားဟာ အဲဒီပွဲမှာ အဓိကဖျော်ဖြေသူ ကနေဒါရက်ပါ Drake ကို ပြင်းပြင်းထန်ထန် နမ်းပြပြီး ပရိသတ်ကို ဖမ်း စားပြခဲ့ပါသေးတယ်။

Most Read

Most Recent