ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပါဝင်သည့် ရှစ်လေးလုံးပြည်သူ့ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တည်ထောင်ခွင့်ပြု

ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပါဝင်သည့် ရှစ်လေးလုံးပြည်သူ့ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တည်ထောင်ခွင့်ပြု
Published 29 April 2018

ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပါဝင်တည်ထောင်ထားသည့် ရှစ်လေးလုံးပြည်သူ့ပါတီ မှတ်ပုံတင်လျှောက်ထားခြင်း ကနဦးလုပ်ငန်းစဉ်အဖြစ် ပါတီတည်ထောင်ခွင့်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က The Daily Eleven သတင်းစာကို ဧပြီ ၂၈ ရက်က ပြောကြားသည်။

ရှစ်လေးလုံးပြည်သူ့ပါတီအား ဧပြီ ၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပါတီတည်ထောင်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။

“တည်ထောင်ခွင့်ပြုလိုက်တာပါ။ တည်ထောင်ခွင့်ပြုပြီးတော့မှ မှတ်ပုံတင်ဖို့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်ပြီးလျှောက်ပါလိမ့်မယ်။ သူတို့တင်ပြတဲ့အခါ လုပ်ထုံးလုပ်နည်းနဲ့အညီ ကျွန်တော်တို့ကလည်း ကန့်ကွက်ရန် ရှိ မရှိ ကြေညာတာတွေ ဘာတွေ ဆက်လုပ်ရဦးမှာပေါ့နော်” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ရှစ်လေးလုံးပြည်သူ့ပါတီအား ဧပြီ ၂၆ ရက်က တည်ထောင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပါတီဗဟိုကော်မတီအစည်းအဝေးကို ယနေ့ (ဧပြီ ၂၉ ရက်) တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီ ဦးဆောင်အဖွဲ့ဝင် ဦးရဲနိုင်အောင်က ပြောကြားသည်။

ဦးကိုကိုကြီးအပါအဝင် ပါတီတည်ထောင်လိုသူများက နိုင်ငံရေးပါတီတစ်ရပ်အား ရှစ်လေးလုံးပါတီအမည်ဖြင့် ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင်လျှောက်ထားခဲ့သည်။

ထိုသို့လျှောက်ထားမှုအပေါ် သက်ဆိုင်ရာဌာနအသီးသီးက ပါတီတည်ထောင်လိုသူများ၏ နောက်ကြောင်း ကိုယ်ရေးရာဇဝင်များအား စိစစ်ပြီးဖြစ်သော်လည်း ရှစ်လေးလုံးပါတီအမည် အသုံးပြုခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များနှင့် ဦးကိုကိုကြီး ဦးဆောင်သော ပါတီတည်ထောင်လိုသူများ မတ် ၂၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပါတီအမည်အား အသုံးပြုခြင်းမပြုရန် ပြောဆိုခြင်းမပြုသော်လည်း ပါတီအမည်အပေါ် ကန့်ကွက်မှုနှင့် အငြင်းပွားမှုများနိုင်မည်လားဆိုသည့် အချက်ပေါ်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါအမည်ကိစ္စရပ်နှင့် ပတ်သက်၍ ဧပြီ ၁ ရက်တွင် ရန်ကုန်မြို့၌ ပါတီဖြစ်မြောက်ရေး ကော်မတီဝင်များ စုံညီအစည်းအဝေးကျင်းပခဲ့ပြီး ပါတီအမည်အား ‘ရှစ်လေးလုံးပြည်သူ့ပါတီ’ ဟု အမည်ပြောင်းလဲ၍ မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရှစ်လေးလုံးပြည်သူ့ပါတီသည် ပါတီတည်ထောင်ခွင့် ကျလာပြီဖြစ်သဖြင့် ပါတီမှတ်ပုံတင်ရရှိရေး ဆက်လက်လျှောက်ထားရန်အတွက် ပထမရက် ၃၀ နှင့် ပါတီဝင်အင်အားတင်ပြရန် ဒုတိယ ရက် ၉၀ စုစုပေါင်းရက် ၁၂၀ အတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များစွာ ကျန်ရှိနေသေးသည်။

ထို့ပြင် ပါတီမှတ်ပုံတင်ရရှိပါက အနီးကပ်ဆုံး ရွေးကောက်ပွဲတစ်ခုခုတွင် အနည်းဆုံး မဲဆန္ဒနယ်သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent