လွတ်လပ်စွာ စုဝေးထုတ်ဖော်ပြောကြားခွင့် မထိပါးစေရန် ငြိမ်းစုစီ ပြင်ဆင်သည့်ဥပဒေကြမ်းကို ဆွေးနွေးရာတွင် UDHR နှင့် ICCPR ပြဋ္ဌာန်းချက်များကို အလေးထားစဉ်းစားသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

လွတ်လပ်စွာ စုဝေးထုတ်ဖော်ပြောကြားခွင့် မထိပါးစေရန် ငြိမ်းစုစီ ပြင်ဆင်သည့်ဥပဒေကြမ်းကို ဆွေးနွေးရာတွင် UDHR နှင့် ICCPR ပြဋ္ဌာန်းချက်များကို အလေးထားစဉ်းစားသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
Published 21 March 2018

ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ပယ်ဖျက်ပေးရန် ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ပွဲ မတ် ၅ ရက်က ပြုလုပ်စဉ်

ဒီမိုကရေစီ၏ အဓိကစံနှုန်းတစ်ရပ်ဖြစ်သော လွတ်လပ်စွာ စုဝေးထုတ်ဖော်ပြောကြားခွင့် မထိပါးစေရန် ငြိမ်းစုစီပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးရာတွင် UDHR နှင့် ICCPR ပြဋ္ဌာန်းချက်များကို အလေးထားစဉ်းစားသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မတ် ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်တွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) အပိုဒ် ၁၉ ၌ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိသည်ဟုလည်းကောင်း၊ အပိုဒ် ၂၀ ၌ လူတိုင်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်ရှိသည်ဟု လည်းကောင်း၊ အပိုဒ် ၂၉၊ အပိုဒ်ခွဲ ၂ တွင် မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် လူတိုင်းသည် အခြားသူများ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ လေးစားရန်အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် တရားမျှတသော လိုအပ်ချက်များဖြစ်သည့် ကိုယ်ကျင့်တရား၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန် အလို့ငှာလည်းကောင်း၊ ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အလားတူ ပြည်သူရေးရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၁၉၊ အပိုဒ်ခွဲ (၁) ၌ လူတိုင်းတွင် မိမိ၏ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် စွဲကိုင်ခွင့်ရှိသည်ဟု လည်းကောင်း၊ အပိုဒ် ၁၉ အပိုဒ်ခွဲ (၂) တွင် လူတိုင်းတွင် လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသည်ဟု လည်းကောင်း၊ အပိုဒ် ၁၉၊ အပိုဒ်ခွဲ (၃) တွင် အဆိုပါအခွင့်အရေးများကို ကျင့်သုံးရာတွင် ကန့်သတ်ချက် တစ်စုံတစ်ရာ ပြုလုပ်နိုင်ကြောင်း၊ သို့ရာတွင် ယင်းတို့သည် အခြားသူများ၏ အခွင့်အရေးများ သို့မဟုတ် ထင်ပေါ်ကျော်ကြားမှုများကို လေးစားရန်အတွက်လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေး၊ အများပြည်သူ အေးချမ်းသာယာရေး၊ ပြည်သူ့ကျန်းမာရေး သို့မဟုတ် ကိုယ်ကျင့်တရားအတွက် ကာကွယ်ပေးရန်လည်းကောင်း ဥပဒေပြဋ္ဌာန်းချက်အရနှင့် လိုအပ်ချက်အရ ပြုလုပ်သည့် ကန့်သတ်ချက်မျိုးသာ ဖြစ်ရမည်ဟု ဖော်ပြထားကြောင်း ပါရှိသည်။

ထို့ပြင် ပြည်သူရေးရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၂၀၊ အပိုဒ်ခွဲ (၂) တွင် ခွဲခြားဆက်ဆံမှု၊ ရန်လိုမှု သို့မဟုတ် အကြမ်းဖက်မှုဖြစ်စေမည့် အမျိုးသားရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးမုန်းတီးမှုဆိုင်ရာ မည်သည့်ဟောပြောလှုံ့ဆော်မှုမျိုးကိုမဆို ဥပဒေအရတားမြစ်ရမည်ဟုလည်း ဖော်ပြထားကြောင်း ပါရှိသည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ၂၀၁၈ ခုနှစ် မတ် ၇ ရက်တွင် အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်တွင်လည်း မကြာမီဆွေးနွေးမည်ဟု သိရှိပါကြောင်းနှင့် အဆိုပါဥပဒေကြမ်းသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီဘဲ နိုင်ငံသားများ၏ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ထိပါးစေသည်ဟုဆိုကာ ပြည်သူများအကြား ကန့်ကွက်လှုပ်ရှားမှုများ ဖြစ်ပွားနေကြောင်းကိုလည်း သိရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒီမိုကရေစီ၏ အဓိကစံနှုန်းတစ်ရပ်ဖြစ်သော လွတ်လပ်စွာ စုဝေးထုတ်ဖော်ပြောကြားခွင့်ကို မထိပါးစေရေးအတွက် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ဆွေးနွေးရာတွင် အထက်ဖော်ပြပါ UDHR နှင့် ICCPR ပြဋ္ဌာန်းချက်များကို အလေးထားစဉ်းစားသင့်ကြောင်း အကြံပြုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့ပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့သည့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ဆွေးနွေးရန် ပြည်သူ့လွှတ်တော်မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၆၀ နှင့် ရွေးကောက်ခံအရပ်သားကိုယ်စားလှယ် ၂၀ တို့က စာရင်းသွင်းထားသည်။

Most Read

Most Recent