UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ NCA တွင် လက်မှတ်ရေးထိုး

UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ NCA တွင် လက်မှတ်ရေးထိုး
Published 14 February 2018

NCA သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ စုပေါင်းဓာတ်ပုံရိုက်ကူးစဉ်

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ဖေဖော်ဝါရီ ၁၃ ရက်က ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ NCA စာချုပ်တွင်ပါဝင် လက်မှတ်ရေးထိုးခြင်းအခမ်းအနားအား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) ၌ ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် စတင်ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်၊ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးကိုယ်စား မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က မိန့်ခွန်းအသီးသီး ပြောကြားခဲ့သည်။

ထို့နောက် NCA စာချုပ်အနှစ်ချုပ်အား ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းတို့က တစ်ပိုဒ်ချင်းအလှည့်ကျဖတ်ကြားခဲ့ပြီး NCA စာချုပ်လက်မှတ်ရေးထိုးခြင်း အစီအစဉ်ပြုလုပ်ခဲ့သည်။

NCA စာချုပ်အား လက်မှတ်ရေးထိုးရာတွင် အစိုးရဘက်မှ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

ထို့အတူ မွန်ပြည်သစ်ပါတီဘက်မှ ဥက္ကဋ္ဌ နိုင်ထောမွန်၊ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ စစ်ဦးစီးချုပ် နိုင်လယီကောင်း၊ လားဟူဒီမိုကရက်တစ်ပါတီအစည်းရုံးဘက်မှ ဥက္ကဋ္ဌကြာခွန်ဆာ၊ ဒုတိယဥက္ကဋ္ဌ ကြာဆော်လမွန်၊ ဗဟိုကော်မတီဝင် နာဗစ်ဘွန်တို့ NCA စာချုပ်ရေးထိုးရာတွင် ပါဝင်ခဲ့သည်။

ယင်းနောက် NCA စာချုပ်ရေးထိုးခြင်း အသိသက်သေများအနေဖြင့် ပြည်တွင်းအသိ သက်သေ ၁၀ ဦးနှင့် ပြည်ပသက်သေများအဖြစ် ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဥပရောပသမဂ္ဂတို့မှ ကိုယ်စားလှယ် စုစုပေါင်းခြောက်ဦး ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

NCA သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးသည့် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့နှင့် ငြိမ်းချမ်းရေးကော်မရှင်နှင့် ၁၈ လအတွင်း အလွတ်သဘောဆွေးနွေးမှု ကိုးကြိမ်၊ တရားဝင်ဆွေးနွေးမှုပေါင်းကိုးကြိမ် စုစုပေါင်း ၁၈ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

NCA ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ကြား အဆိုပြုချက်ရှစ်ချက်အပေါ် NCA စာချုပ်ချုပ်ဆိုခြင်းအခမ်းအနား မစတင်မီ ငြိမ်းချမ်းချမ်းရေးကော်မရှင်နှင့် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့က သီးခြားလက်မှတ်ရေးထိုးခြင်း အစီအစဉ်ပြုလုပ်ခဲ့သည်။

NCA ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့သည် NLD ပါတီဦးဆောင်သော အစိုးရလက်ထက်တွင် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသည့် ပထမဆုံးအဖွဲ့များဖြစ်သည်။

ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ DKBA၊ KNU/KNLA-PC တို့ဖြစ်ပြီး ယခုနှစ်ဖွဲ့အပါအဝင် NCA ရေးထိုးထားသည့်အဖွဲ့ ၁၀ ရှိပြီဖြစ်သည်။

Most Read

Most Recent