မိတ်ဆွေ အငြိမ်းစားကျောင်းဆရာနဲ့ အငြိမ်းစားပညာရေး အရာရှိတို့ဟာ ကျောင်းတွေမှာသင်ဖို့ ပြည်သူ့နီတိဖတ်စာတွေအတွက် စည်းဝေးဆွေးနွေးပြုစုကြတာ ကြားသိရပါတယ်။
သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနဲ့ ဖတ်စာတွေ ပြုစုကြရတာ အချိန်အထိုက်အလျောက်တော့ ဆရာတို့တွေ ယူကြရမယ်လို့ ထင်ပါတယ်။ မျက်မှောက်မှာ မြန်မြန်သင်နိုင်လေ ကောင်းလေဖြစ်မှာလို့ ဆိုချင်ပါတယ်။
နိုင်ငံလွတ်လပ်ရေးရတဲ့ နောက်နှစ်မှ မွေးလာတဲ့ ကျွန်တော့်အဖို့ မြူနီစီပယ်ကျောင်းသားဘ၀ အလယ်တန်းကျောင်းသားဘဝလောက်မှာသာ ပြည်သူ့နီတိကို အဖျားအနားလောက် မီတယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဆိုရှယ်လစ်ပြည်သူ့နီတိနဲ့ ထိတွေ့ခံစားခဲ့ရသေးတယ်လို့ ဆိုရပါမယ်။
မြူနီစီပယ်က လမ်းတွေထဲမှာ လေးထောင့် အမှိုက်ပုံး သံသေတ္တာကြီးလိုပဲ ချထားပေးတယ်။ အမှိုက်သိမ်းတယ်။ ကျွန်တော်တို့ ကလေးတွေ လူငယ်တွေက ရေမြောင်းတွေကို အုန်းလက်တွေနဲ့ ထိုးပြီး ဆေးကြောသန့်ရှင်းရေးတွေ လုပ်ကြတယ်။ ခုလို မိုးတွင်းဆို အဲဒီရေမြောင်းကြမ်းပြင်မှာ ငါးကလေးတွေ ဖားတစ်ပိုင်း ငါးတစ်ပိုင်းကလေးတွေ အလှမွေးငါးကျွေးလို့ရတဲ့ တီနီနီကလေးတွေဟာ ရေစပ်စပ် ကြည်ကြည်ကလေးမှာ မြင်နိုင်ကြတာပေါ့။ အဆောက်အအုံ မဆိုထားနဲ့ လမ်းတွေပေါ်တောင် ကွမ်းတံတွေး မတွေ့ကြရလှဘူး။ ဘတ်စ်ကားပေါ် နေရာမလုဘူး။ လူကြီးလူအိုတွေကို နေရာပေးတယ်။ တွဲကူဖေးမ တင်ချပေးလေ့ ရှိကြပါတယ်။
အခုတော့ ရုံးချိန် ကျောင်းချိန်တချို့ YBS စီးတဲ့ လူငယ်လူရွယ်တွေက ကားနောက်ဘက်နေရာချောင်လျက် မှတ်တိုင်ရောက်ရင် အနောက်ပေါက်၊ အလယ်ပေါက်က ဆင်းရမှာဖြစ်လျက် ရှေ့နားတင် ထိကပ်ရပ်နေကြတော့ နောက်ခရီးသည်က တက်မရ ဖြစ်ပါတယ်။ ဒရိုင်ဘာက နောက်ခြမ်းအထက်ဆင့်ထိ တက်သွားပေးကြပါလို့ အော်ပြောရပါတယ်။ ဒါလည်း တချို့က မရွေ့ကြဘူး။
တချို့လူငယ်များလည်း သူတို့မှာ ကျောပိုးအိတ်ကြီးနဲ့ ရမ်းခါလိုခါ၊ အိတ်ကြီးနဲ့ ဖိညှပ်ထားလိုထားနဲ့ပါ။
အပတ်စဉ် ရွှေတိဂုံဘုရားမှာ သန်မြန်ကြတဲ့ လူငယ်ကိုတွေ့တာ ဘုရားဖူးများတဲ့ ဓာတ်လှေကားမုခ်မှာ အတွေ့ရများပါတယ်။ တချို့များ တန်းမစီ ကြားဖြတ်ဝင်တာ ရှိပါသေးတယ်။
ပြောရင်တော့ များနိုင်ပါတယ်။ ဒါမျိုးကလေးတွေကြောင့် မြန်မြန်သင်နိုင်လေ ကောင်းလေလို့ ဆိုတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့မှာ ပြည်သူ့နီတီ ဟောပြောပွဲ ကျွန်တော်လည်း ပါဝင်ခွင့်ရခဲ့ပါတယ်။ မြန်မာစာရေးဆရာကလပ်နဲ့ ရွိုင်ယော် မြန်မာတီးမစ်တို့ ပူးပေါင်း ဆောင်ရွက်ပါတယ်။ အထက (၃) ကြည့်မြင်တိုင်မှာ ဖြစ်ပါတယ်။ နောင်တော်ကြီး ဆရာညို (ဒေါက်တာခင်မောင်ညို)၊ အစ်ကိုလေး ဦးကြည်သန်း (မောင်ဒီပ-ပညာရေး) တို့နဲ့ အတူတကွပါ။
ဆရာညိုက သူငယ်စဉ် မိသားစုအိမ်မှာရော ကျောင်းမှာပါ စာတော်ဖို့ ဆုရဖို့ ကြိုးစားတာထက် ဉာဏ်ဖွင့်ခဲ့တာ...သူ ဉာဏ်ဖွင့်လို့ သိခဲ့သလောက် အချင်းချင်းကိုလည်း မျှဝေပေးမခဲ့တာ။ ဒီလိုနဲ့ ပညာရ၊ ပါရဂူဘွဲ့ရ ဆရာဖြစ်ခဲ့ရတာ ပြည်တွင်းပြည်ပ အတွေ့အကြုံတွေကို ပြောခဲ့ပါတယ်။ ပြည်သူ့နီတီမှာ ‘စိတ်ကောင်းရှိဖို့ ပထမ’ ပါလို့ တောင်မြို့ဆရာတော်ရဲ့ လမ်းညွှန်မှုကို ဖွင့်ဆိုပြောခြင်း ဖြစ်ပါတယ်။
ဆရာမောင်ဒီပ (ပညာရေး) က မကြာခင် ကျင်းပမယ့် ‘ဒုတိယအကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဆု ပြည်သူ့နီတိပြိုင်ပွဲ’ အကြောင်း ရှင်းလင်းဟောပြောပါတယ်။ ကျွန်တော်ပြောပြီးတော့ အပိတ်မှာ သူက ကလေးတွေကို ပြည်သူ့နီတိ အပြုအမူအတွက် မေးခွန်းကလေးတွေ မေးပါတယ်။ ယောကျ်ားလေးနဲ့ မိန်းကလေးတွေ တစ်လှည့်စီ အပြိုင်အဆိုင် ဖြေခိုင်းပါတယ်။ မှန်တဲ့သူကို ရွိုင်ယော်မြန်မာတီးမစ်က အမှတ်တရဆုလက်ဆောင် ချီးမြှင့်တော့ စည်စည်ကားကား ပျော်ပျော်ပါးပါးပါပဲ။
ကျွန်တော်ကတော့ ပြည်သူ့နီတိ ခြေရာကောက်ကို ပြောခဲ့ပါတယ်။ လောကနီတိ အစပျိုးနိဒါန်းချီပြီးတော့ပါ။
ပင်းယခေတ် စတုရင်္ဂဗ စွယ်စုံပညာရှင် အမတ်ကြီးပြုစုခဲ့လို့ ရှိလာခဲ့တဲ့ လောကနီတိ။ ဖွင့်ဆိုချက်က လူတို့အကျိုးစီးပွားကိုပြတဲ့ ကျမ်းဖြစ်ကြောင်း၊ ဂါထာပုဒ်ရေ ၁၆၇ ပုဒ်မှာ ရှေးကျတဲ့ တချို့ကလွဲရင် ခေတ်အစဉ်အဆက် လောကနီတိဟာ လမ်းပြညွှန်နေမှာလို့ ပညာရှင်များက ဆိုထားကြတယ်ဆိုပါတယ်။ ကလေးတွေနဲ့ ဆရာဆရာမတို့ကို နမူနာဖတ်ပြခဲ့တဲ့ ဂါထာတချို့-
- သားက မကောင်းမှုပြုလျှင် အမိပြုရာ ရောက်သည်။
- တပည့်က မကောင်းမှုပြုလျှင် ဆရာပြုရာ ရောက်သည်။
- တိုင်းသူပြည်သား မကောင်းမှုပြုလျှင် ‘မင်း’ ပြုရာရောက်သည်။
- ‘မင်း’ မကောင်းမှုပြုလျှင် ပုရောဟိတ် ပြုရာရောက်သည်။
ဂါထာ-၁၂၈
ဂါထာ-၂ က လောကနီတိသည် အမိ၊ အဖ၊ ဆရာ၊ မိတ်ဆွေမည်၏။ ဒါ့အပြင် ဂါထာ အမှတ် ၁၉ မှာ ‘ဆူး’ ကို ဘယ်သူချွန်ပေးသလဲ။ ‘သမင်းမျက်လုံးကို ဘယ်သူလှအောင်ပြုပေးသလဲ’၊ ရွှံ့ထဲမှာ ပေါက်တဲ့ ‘ကြာ’ အနံ့ကောင်းအောင် ဘယ်သူပြုသလဲ။ အမျိုးကောင်းသား ‘စိတ်ထား’ ကို ဘယ်သူပြုပေးသလဲ။ ဘယ်သူမပြု ကိုယ်သာပြုပါတယ်။
ဒီလိုအစပျိုးပြီးတော့ ကျွန်တော်ခြေရာကောက်တဲ့စာအုပ်က ‘နိုင်ငံတော်မူလတန်းကျောင်းများအတွက် ပြည်သူ့နီတိ’ ပါ။ ‘သိပ္ပံမောင်’ ကလောင်အမည်ရှင်က ပြုစုပါတယ်။ ၁၉၄၇ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေပါတယ်။ လွတ်လပ်ရေးရလုရခင်နှစ်ပဲလေ။ အဲဒီစာအုပ်မှာ မန္တလေးတိုင်း ပညာဝန်မင်းရဲ့ ဟောပြောချက်ကို အမှာစာသဘော ဖော်ပြထားပါတယ်။ ဘာသာရပ်တွေကို သင်ကြားတဲ့ ‘ပညာဗိမာန်’ ရဲ့ အမိုးဟာ ပြည်သူ့နီတိပါတဲ့။ အဲဒီ အမိုးသာမရှိခဲ့ရင် ကျောင်းသားကျောင်းသူ ကလေးတွေဟာ တိုင်းပြည်ရဲ့ သားကောင်း သမီးကောင်းရတနာ မဖြစ်နိုင်ပါဘူးတဲ့။ ရှေးခေတ်ကျောင်းဆရာကြီးတို့ရဲ့ အသိစိတ်ဓာတ်နဲ့ စေတနာကို ကျွန်တော်သုံးသပ်ပါတယ်။
နောက် ကျွန်တော်ခြေရာကောက်ခဲ့တယ်လို့ ပြောခဲ့စာအုပ်ကလေး ‘ကျောင်းတွင်းဒီမိုကရေစီ’။
မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း၊ အကျိုးဆောင်အုပ်ချုပ်ရေးမှူး ဆရာကြီး ဦးသန့် (ပန်းတနော်အမျိုးသားကျောင်းအုပ်ကြီး) (နောင်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်) တို့ရဲ့ စေတနာပါ။ အဲဒီစာအုပ်ကလေး ထွက်ရှိခဲ့တာ ၁၉၅၂ ခုနှစ် မေလ လွတ်လပ်ရေးရပြီး လေးနှစ်ကျော်ကျော်မှာပေါ့။ ကျွန်တော် တွေ့ရကောက်ခဲ့ရတဲ့ စာအုပ်က စတုတ္ထအကြိမ် ၁၉၅၄။ အုပ်ရေတစ်သောင်း၊ ၅၃ နဲ့ ၅၃ ခုနှစ်တို့မှာ စုစုပေါင်း အုပ်ရေသုံးသောင်း ထုတ်ခဲ့သေးတယ်။
ပြည်သူ့နီတိပညာဟာ ပြည်သူပြည်သားကောင်းတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ် သင်ကြားပို့ချတဲ့ ပညာရပ်။
၁၀-၅-၅၂ ရက်စွဲနဲ့ ဆရာကြီး ဦးသန့် ရေးခဲ့တဲ့ စကားပလ္လင်မှာ “ဒီမိုကရေစီဝါဒကို လက်ကိုင်ပြု၊ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ အားသွန်ကြိုးပမ်းလျက်ရှိတဲ့ ကျွနု်ပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတွင်လည်း...” ဆိုတဲ့ ဝါကျပါပါတယ်။ ဒါကြောင့် အင်္ဂလန်နိုင်ငံ ပြည်သူ့နီတိအသင်းရဲ့ အစီရင်ခံစာကို ဆီလျော်အောင် မြန်မာပြန်ဆိုထုတ်ဝေတဲ့ အကြောင်း၊ ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကို ကျောင်းသားကျောင်းသူတို့ ကောင်းစွာသိ၊ လက်တွေ့ကျင့်သုံးနိုင်ကြပါစေ” လို့ ဆန္ဒမွန်ပြုထားခဲ့ပါတယ်။ ပြည်သူ့နီတိကို ပြည်သူ့နီတိရှိသူမှ ဒီမိုကရေစီကိုသိ ဒီမိုကရေစီရကြမှာ။
ဒါလည်း အတိတ်မှာ ကျွန်တော်တို့ရဲ့ ပညာလောက၊ ကျောင်းအုပ်ဆရာကြီးတို့နဲ့ စာပေအသင်းကြီးရဲ့ ခံယူချက်နဲ့ စေတနာပဲလို့ ကျွန်တော် သုံးသပ်ပါတယ်။
ဆက်လက်ပြီး ကျွန်တော် ခြေရာကောက်တယ်ဆိုတဲ့စာနှစ်အုပ်က ဆရာကြီး ဦးဘဖေ (၁၉၀၆-၁၉၆၅) ပြုစုခဲ့တဲ့အတွက် ပြည်သူ့နီတိ (ပထမပိုင်း) (ဒုတိယပိုင်း) တို့ပါ။
ဆရာကြီးဦးဘဖေဆိုတာ သံတွဲမြို့ဇာတိ၊ အလယ်တန်းနည်းပြဆရာဘဝကနေ ကျောင်းအုပ်၊ ပညာမင်းကြီး အငြိမ်းစားယူပြီးတော့လည်း ပညာရေးအထူးအရာရှိအဖြစ် ထမ်းဆောင်ခဲ့တဲ့ ဆရာကြီးပါ။ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကပဲ ဆရာကြီးကို တာဝန်ပေးအပ်လို့ အဲဒီ့စာနှစ်အုပ်ကို ဆရာကြီးက ဆောလျင်စွာ ရေးသားပြုစု ပေးခဲ့တာ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ အမှာစာ ရက်စွဲက ၁၉-၇-၅၃ မို့ အဲဒီနှစ်ဝန်းကျင်ထွက်ရှိနိုင်တာမို့ လွတ်လပ်ရေးရပြီး ငါးနှစ်တာကာလပါ။
အဲဒီစာအုပ်တွေထဲက နိုင်ငံသားရဲ့ တာဝန်ဝတ္တရားမျာ၊ နိုင်ငံသားများရဲ့ အခွင့်အရေးများ၊ စေတနာ့ဝန်ထမ်းလုပ်ငန်းများ၊ တိုးတက်နေသော ကမ္ဘာနဲ့ မြန်မာဆိုတဲ့ အခန်းတွေကို ဖတ်ရှုသိရှိကြဖို့လိုတဲ့အကြောင်း ကျွန်တော်ပြောမိပါတယ်။ ကျွန်တော်တို့ရဲ့ အတိတ်က ကျောင်းဆရာကြီးတွေဟာ ခေတ်ကိုမြင်တယ်၊ ခေတ်မီတယ်၊ ခေတ်ကို ပြင်ချင်တယ်ဆိုတာ တွေ့နိုင်သိနိုင်ပါတယ်လို့ ကျွန်တော်သုံးသပ်ညွှန်းဆို လိုက်ပါတယ်။
တွေ့ခဲ့သမျှ ရတတ်သမျှ အတိတ်ကို ခြေရာကောက်တာမှာ ဒီလိုမျိုးရှိခဲ့ပေမယ့် အထက်မှာ ဆိုခဲ့သလိုပဲ ကျွန်တော်တို့ ကိုယ်တိုင် ပြည်သူ့နီတိသင်ပြမှုကို ရေးတေးတေး၊ အဖျားအနာဖြစ်ခဲ့ရာက ဆိုရှယ်လစ် စာရိတ္တဘာညာဆိုပြီး ကွေ့ပတ်သွားခဲ့သေးတာကလားဗျာ။
ဒါကြောင့် ခုအခါမှာ မြန်မြန်သင်နိုင်လေ ကောင်းလေလို့ ဆိုတာပါ။ ဖတ်စာအုပ်တွေ မရသေးခင်မှာရော ရှေ့ဆောင်ကာ လမ်းပြလမ်းညွှန် ကျင့်ကြံပြလို့သင့်တယ် ဆိုချင်ပါတယ်။ ဖတ်စာပြုစုကြသူဆရာများကလည်း ဖတ်စာထွက်မှမဟုတ် ဖတ်စာထဲ မလွဲမသွေပါရှိမယ့် ပြည်သူ့နီတိတွေကို ကျောင်းတွေက ကြိုတင်နှင့်ဖို့ နှိုးဆော်တိုက်တွန်းသင့်ကြပါတယ်။
ကျွန်တော့် ခြေရာကောက်ကို (ကြားထဲ ပုံပြင်ကလေးတွေလည်းပြောပြရင်း) ဆရာကြီး ဆန်းထွန်း (မန်းတက္ကသိုလ်) ရဲ့ “လူစွာလုပ်တာ လူချာက မကြိုက်၊ လူချာလုပ်တာ လူစွာကလည်းမကြိုက်” ဆိုတဲ့စကား။ မြန်မာမှုစာရေးဆရာကြီး ဦးသော်ဇင်ရဲ့ ကိုယ်ကျိုးမဖက် အများအတွက် ဆောင်ရွက်သူဟာ “သူမြတ်”၊ ကိုယ်ကျိုးမပျက် အများအတွက် ဆောင်ရွက်သူဟာ “သူလတ်” အဲဒီနီတိညွှန်ကြားလူသုံးစားတွင် သင်ကား မည်သူဖြစ်သနည်းဆိုတဲ့ ကဗျာကို ရွတ်ဆိုပြပြီး ကိုယ်တိုင်လည်း ပဟေဠိအဖြေညှိကြစို့လို့ နိဂုံးချုပ်ခဲ့ပါတယ်။
ပြည်သူ့နီတိ ခြေရာကောက်ကြပြီး ဆောလျင်စွာ ခရီးပေါက်ရောက်ကြစေဖို့ ဆောလျင်စွာပဲ လမ်းပြလမ်းညွှန်နိုင်ကြပါစေ။
ရန်ကုန်မြို့တော် ပြည်သူ့နီတိပြိုင်ပွဲ ကျင်းပဆုချီးမြှင့်မှု၊ မြန်မာစာရေးဆရာကလပ် ရွိုင်ယော်မြန်မာတီးမစ်တို့ ပူးပေါင်းဆောင်ရွက်မှုတို့ကိုလည်း ကျေးဇူးမှတ်တမ်းတင်ဖွယ်ပါ။