အလှဝိဇ္ဇာ ပန်းချီဦးကိုလေး

အလှဝိဇ္ဇာ ပန်းချီဦးကိုလေး
Published 30 August 2018

ပန်းချီဦးကိုလေးနှင့် ပန်းချီဦးကိုလေး၏ လက်ရာအချို့

ပန်းချီဦးကိုလေးသည် ရှည်လျားသော စာနယ်ဇင်း ပန်းချီတစ်ခေတ်တွင် သရဖူဆောင်းခဲ့သူ ဖြစ်သည်။ အလှဝိဇ္ဇာ ပန်းချီဦးကိုလေးဟု အနုပညာ အသိုင်းအဝိုင်းနှင့် စာဖတ်ပရိသတ်များက သတ်မှတ်ခြင်းခံခဲ့ရသူလည်း ဖြစ်သည်။ ဦးကိုလေး၏ ရှုမဝမဂ္ဂဇင်းဖုံးမှ ဖက်ရှင်အမျိုးမျိုးနှင့် မိန်းမချောလေးများမှာ ထိုခေတ် မိန်းကလေး ပရိသတ်များကို လွှမ်းမိုးနိုင်ခဲ့သည်။ အချို့က ရှုမဝအဖုံးမှ အဝတ်အစား ဖက်ရှင်အတိုင်း ချုပ်ဝတ်ခဲ့ကြသည်ဟု ဆိုသည်။ “ဦးကိုလေး၏ မိန်းမချောလေးများမှာ မြန်မာ မိန်းကလေးများတွင် တွေ့ရန် မလွယ်ကူသော်လည်း အနောက်အလှ လုံးဝမဟုတ်ချေ။ ဦးကိုလေး၏ စုတ်ဖျားမှ ထွက်လာသော သီးခြား မိန်းကလေးများသာ ဖြစ်ပေသည်” ဟု ကာတွန်း ဦးဘထွေးက ဆိုခဲ့သည်။ ပန်းချီဆရာကြီး ဦးဝင်းဖေကလည်း “ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာစာပေ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်လောက ပြန်လည်နိုးထလာတာနဲ့အတူ လှပတဲ့အမျိုးသမီးပုံတွေကို အထူးရေးအား ကောင်းလှတဲ့ ပန်းချီဆရာ ဦးကိုလေးဟာ အထင်ရှားဆုံး သရုပ်ဖော် ပန်းချီပညာရှင် တစ်ယောက်ဖြစ်ခဲ့ပါတယ်” ဟု ဆိုခဲ့သည်။

ပန်းချီဦးကိုလေးကမူ သူ၏ မိန်းမချောလေးများနှင့် ပတ်သက်၍ “သည်အဖြစ်ကတော့ ဒီလိုရှိပါသည်။ ပန်းချီဆရာ၏ ခံစားချက်တွင် အကျုံးဝင်ပါသည်။ ကျွန်တော့်အနေနှင့် ငယ်စဉ်ကစ၍ ယခုအသက်အရွယ်အထိ ကျက်သရေရှိသော၊ လှပသော၊ ကြည်နူးစရာကောင်းသော အာရုံများကိုသာ မျက်စိထဲတွင် မြင်နေသည်။ အခြားသူတစ်ပါးအားလည်း ကျွန်တော့်လိုပင် ခံစားစေချင်သည်။ ၎င်းဓာတ်ခံစိတ်ကြောင့်ပင် ယခုအရွယ်အထိ လှပသောရုပ်ပုံများကို ရေးဆွဲခြင်း ဖြစ်သည်ဟုပင် ကျွန်တော် ယူဆပါသည်” ဟု တင်ပြခဲ့လေသည်။

ဦးကိုလေးကို ၁၉၂၀ ပြည့်နှစ်တွင် ရွှေတောင်မြို့၌ အဖ ဦးချစ်၊ အမိ ဒေါ်မမတို့မှ မွေးဖွားခဲ့သည်။ ဦးချစ်မှာ မြန်မာဆေးဆရာ နှင့် ပန်းရန်လုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ ဦးကိုလေးတွင် ကိုကြီးအမည်ရှိ အစ်ကိုတစ်ဦးလည်း ရှိလေသည်။ ဦးကိုလေးသည် ငယ်စဉ်ကပင် ပုံဆွဲ ဝါသနာပါခဲ့သည်။ ကျောင်းဆင်းလျှင် လည်ပတ် ဆော့ကစားခြင်းမရှိဘဲ အိမ်ပြန်ကာ ပုံဆွဲနေတတ်သည်။ အိမ်သူ အိမ်သားများ၏ ပုံများကို ရေးဆွဲပေးခဲ့သည်။ ပန်းချီအခြေခံကို ရွှေတောင်မှ ဦးမောင်စိန် (ဆရာစိန်) ထံတွင် သင်ကြားခဲ့သည်။ ငယ်စဉ်ကပင် မိန်းမချော ရုပ်များရေးဆွဲရန် စိတ်ဝင်စားခဲ့သည်။ ပြည်မြို့သို့ ပြောင်းရွှေ့၍ အထက်တန်းပညာ သင်သောအခါ ပုံဆွဲဆရာ ထိပ်တင်ကြီးထံတွင် ပန်းချီကို ဆက်လက် လေ့လာခဲ့သည်။

တေးဂီတတွင်လည်း ဝါသနာကြီးခဲ့ရာ ဂီတာတီးခြင်း၌ လက်စွမ်းထက်သူ ဖြစ်သည်။ ဦးကိုလေးသည် အသက် ၁၈ နှစ်အရွယ်တွင် ပြည်မြို့မှ တေးသီချင်းရေးဆရာ သဟာယ ဆရာတင်နှင့် ဆက်သွယ်၍ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုစဉ်က မြန်မာပြည် ပန်းချီအသင်း (ဘားမားအတ်ကလပ်) သို့ တက်ရောက်၍ ပညာဆည်းပူးခဲ့သည်။ ပန်းချီ ဦးဘလုံ၏ လက်ရာများကို နှစ်သက်ခဲ့ပြီး ကူးယူလေ့ကျင့်ခဲ့သည်။ ပန်းချီ ဦးအုန်းလွင်ထံတွင် တပည့်ခံရန်လည်း ရည်ရွယ်ခဲ့သော်လည်း ဒဂုန်မဂ္ဂဇင်းတွင် အလုပ်ရသွားသဖြင့် မသင်ဖြစ်တော့ပေ။

စစ်ကြိုခေတ် ဒဂုန်မဂ္ဂဇင်း ပန်းချီပြိုင်ပွဲတွင် ရှုမျှော်ခင်း ပန်းချီရေးဆွဲရာ၌ ပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ဒဂုန်မဂ္ဂဇင်းတိုက်တွင် လခစား ပန်းချီဆရာအဖြစ် အမှုထမ်းခဲ့သည်။ “မြန်မာ့အဆွေမှာ ကျွန်တော် ပုံဆွဲပြတော့ အစ်ကိုကြီး ဦးတင်နွယ်က သဘောကျတယ်။ ဒါနှင့် ကျွန်တော့်ကို လခစား ပန်းချီဆရာ ခန့်လိုက်တပဲ။ လခစား ပန်းချီဆရာတွေထဲမှာ ကျွန်တော် အသက်အငယ်ဆုံးပဲ” ဟု ကာတွန်းဦးဘထွေးကို ပြောခဲ့ဖူးသည်။ ထိုအချိန်တွင် စာနယ်ဇင်း သရုပ်ဖော် ပန်းချီဆရာကြီးများမှာ ဦးဘလုံ၊ ဦးဘစိန်၊ ဦးအုန်းလွင်၊ ဦးငွေကိုင်၊ ဆရာမြစ်၊ ဦးထွန်းကြွယ်တို့ ဖြစ်ကြသည်။ ဦးကိုလေးသည် ဒဂုန်မဂ္ဂဇင်းတွင် နှစ်အတန်ကြာ လခစား ပန်းချီဆရာအဖြစ် လုပ်ကိုင်ပြီးနောက် ဘားလမ်းတွင် ကိုယ်ပိုင်ပန်းချီလုပ်ငန်း ဖွင့်ခဲ့သည်။ ထိုအချိန်တွင် ပန်းချီ ဦးငွေကိုင်ထံမှ ပန်းချီပညာကို ဆက်လက် ဆည်းပူးခဲ့သည်။

ဒုတိယ ကမ္ဘာစစ်ဖြစ်ချိန်တွင် ဇာတိရွှေတောင်မြို့သို့ ပြန်ခဲ့သည်။ စစ်အတွင်း ရေဆေးဖြင့် လူပုံတူများ ရေးဆွဲခြင်း၊ ကုန်ပစ္စည်း ကြော်ငြာ ဆိုင်းဘုတ်များ ရေးခြင်းအပြင် ရုပ်ရှင်ပိုစတာများကိုလည်း ရေးဆွဲခဲ့သည်။ ရွှေတောင် အာရှလူငယ် အစည်းအရုံးတွင် ဂီတမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ အေဝမ်းထွက်ဖြစ်သဖြင့် အေဝမ်းသီချင်းများကို ကြိုက်သည်။ ဂီတာ၊ တယောအပြင် စန္ဒရားဖြင့် သီချင်းကြီးပုဒ်ရေ အတော်များများကိုလည်း တီးနိုင်ခဲ့သည်။ စစ်ကိုင်းလှရွှေနှင့်လည်း ခင်မင်သူဖြစ်သည်။ ပန်းချီဆွဲရာတွင် သူကြိုက်သော သီချင်းများကို ညည်း၍ ရေးဆွဲနေခဲ့သည်။

ထိုစဉ်က မြန်မာ့သမိုင်းဝင် တိုက်ပွဲပန်းချီကားများ ရေးဆွဲရန် ရွှေတောင်သို့ ရောက်လာသော စစ်ပန်းချီအဖွဲ့မှ ပန်းချီ ဦးအမ်တင်အေးထံမှ ရေဆေးပညာကို ရခဲ့သေးသည်။ စစ်ကြီးပြီးချိန်တွင်လည်း ရွှေတောင်မြို့တွင် နေထိုင်ကာ ဝတ္ထုမျက်နှာဖုံးများ ရေးဆွဲခဲ့သည်။ သုခ၏ ပိုက်ဆံ၊ သန်းဆွေ၏ ချစ်ကြွေးမပြေ စသော ဝတ္ထုမျက်နှာဖုံးများကို ဆွဲပေးခဲ့သည်။ ကိုလေးပန်းချီဆရာ ဟူသော ဆိုင်းဘုတ်ကို အင်္ဂလိပ်ဘာဖြင့် ရေးထားကာ မဟာမိတ်တပ်သား စစ်ဗိုလ်၊ စစ်သားများကို ပုံတူများ ရေးဆွဲပေးရင်း ဝင်ငွေဖြောင့်ခဲ့သည်။ ပန်းချီလုပ်ငန်းမှာ အောင်မြင်ခဲ့သည်။

၁၉၄၇ ခုနှစ် ရွှေတောင်သားများ ဖြစ်သော ဦးကျော်၊ တင့်တယ်တို့နှင့်အတူ ရှုမဝမဂ္ဂဇင်းကို ထုတ်ဝေကာ ပန်းချီပိုင်းကို ပင်တိုင် တာဝန်ယူ ရေးဆွဲခဲ့သည်။ “အခြားစာအုပ်တိုက်များမှ ပုံလာ၍ အပ်လျှင် ရှုမဝတိုက်မှပုံများ မပြီးစီးသေး၍ လက်မခံနိုင်ခဲ့သဖြင့် တခြားတိုက်များ၏ မျက်မုန်းကျိုးခြင်းကိုပင် ခံခဲ့ရသည်” ဟု ဦးကိုလေးက အမှတ်ရခဲ့သည်။ ရှုမဝတွင် ဖက်ရှင်ပုံများသာမက သက်ဆိုင်ရာ စာများကိုလည်း ရေးပေးခဲ့သည်။ မြပိုးထည်တိုက် ကြော်ငြာများကိုလည်း ဦးငွေကိုင်၊ ဦးအုန်းလွင်တို့နှင့်အတူ ရေးဆွဲခဲ့သည်။ စစ်ကြိုခေတ်က ငုံဖူးခဲ့သော ဦးကိုလေး၏ ပန်းချီအနုပညာမှာ ငွားငွားစွင့်စွင့် ပွင့်လန်းလာခဲ့လေသည်။ ဝတ္ထုမျက်နှာဖုံးနှင့် စာနယ်ဇင်းများတွင် ဦးကိုလေး၏ လက်ရာများ လွှမ်းမိုးလာခဲ့သည်။

“အဲဒီခေတ်က ရောင်စုံ ဓာတ်ပုံတွေကလည်း မထွန်းကားသေးပါဘူး။ ရောင်စုံဘလောက်ရိုက် နည်းပညာကလည်း သိပ်ခေတ်မမီသေးတဲ့အတွက် မဂ္ဂဇင်း မျက်နှာဖုံးတွေအဖြစ် အလွန်အသုံးများတဲ့ အမျိုးသမီးအလှတွေကို ပန်းချီဆရာကြီး ဦးကိုလေးက အများဆုံး ရေးဆွဲပေးခဲ့ရတာ ဖြစ်ပါတယ်။ သူ့ခေတ်နဲ့ သူ့အခါ ဆရာဦးကိုလေး ရေးဆွဲပေးတဲ့ အမျိုးသမီးတွေရဲ့ အလှရုပ်ရည်မျိုးကို အများပြည်သူက နှစ်သက် လက်ခံကြတာလည်း ပါပါတယ်။ အမျိုးသမီးပုံတွေကို ပန်းချီဆရာကြီးတွေ အားလုံး ရေးဆွဲကြတာပါပဲ။ ဒါပေမဲ့ ဆရာ ဦးကိုလေး ရေးဆွဲတဲ့ ရုပ်ရည်အလှမျိုးလောက် မနှစ်သက်ကြပါဘူး။ ဥပမာ ဆရာကြီး ဦးစန်းလွင်ရဲ့ လက်ရာတွေဆို အနုစိတ်အပိုင်းမှာ ဆရာကြီး ဦးကိုလေးထက် ကြိုးပမ်း အားထုတ်ထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဆရာဦးကိုလေး ရဲ့ အမျိုးသမီးအလှတွေကိုပဲ ပိုနှစ်သက်ကြပါတယ်” ဟု ပန်းချီဆရာကြီး ဦးဝင်းဖေက ဆိုခဲ့လေသည်။

ဦးကိုလေး၏ ပန်းချီလက်ရာများမှာ ဆရာကြီးများနှင့် မတူဘဲ မူပိုင်ဟန်သစ် ထွက်ပေါ်လာခဲ့သည်။ ရှုမဝအပြင် ထိုခေတ်က ထုတ်ဝေသော ပဒေသာ၊ ကလောင်စုံ၊ စုံထောက်၊ အရှေ့တိုင်းမဂ္ဂဇင်း၊ ဒဂုန်၊ သတင်းစုံ ဂျာနယ်များတွင်လည်း ပန်းချီပုံများ ရေးဆွဲပေးခဲ့ရသည်။ ဝတ္ထုမျက်နှာဖုံး၊ အတွင်းသရုပ်ဖော်ပုံများအပြင် ကုန်ပစ္စည်းကြော်ငြာ၊ ပြက္ခဒိန်၊ အထူးထုတ် သတင်းစာများ၊ ဂျာနယ် မျက်နှာဖုံးများတွင်လည်း ဦးကိုလေး၏ လက်ရာများ လွှမ်းမိုးနေခဲ့သည်။ ကာတွန်းဆရာကြီး ဦးဘဂျမ်းက “မင်းရော ငါ့လို ရာပါကလေး ဖြစ်နေပြီ” ဟု ဆိုခဲ့သည်။ ရာပါကလေး ဆိုသည်မှာ ဦးကိုလေး၏ ပန်းချီပုံများမှာ နေရာတကာတွင် ပါနေခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

ဦးကိုလေး၏ ပုံများမှာ နုညက်ပြီး အရောင်များက စို၍ တောက်ပနေသည်။ စုတ်ချက်များမှာ မကြမ်းလွန်း၊ မနုလွန်းဖြင့် လှပ၍ နေသည်။ ထို့ကြောင့် အလုပ်အပ်သူ အများစုက မိန်းမလှပုံလေးများကို ရေးဆွဲပေးရန် တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ဦးကိုလေးကလည်း ရင်းနှီးသူများကို ပြောဆိုစည်းရုံး၍ သူ့စိတ်ကြိုက် ပန်းချီလက်ရာများကို ရေးဆွဲတတ်သည်။ “၎င်းတို့အကြိုက်ချည်း ရေးဆွဲနေရလျှင် အချည်းနှီးပင် ဖြစ်ပါမည်” ဟု ဆိုခဲ့သည်။ ဦးကိုလေးသည် အလုပ်များသော်လည်း ရက်ချိန်းမှန်အောင် ဆွဲပေးတတ်သည်။ မျက်နှာထားချိုချို အပြောချိုချိုနှင့် အများကို စိတ်ချမ်းသာစေသူ ဖြစ်သည်။

ဖိုင်းအတ်ခေါ် အနုပန်းချီကိုလည်း အချိန်ရသမျှ ရေးဆွဲခဲ့သည်။ “ဦးကိုလေး၏ ထူးခြားသော လက်ရာအမြောက်အမြား ထွက်ရှိလာရာ ဆီဆေး၊ ရေဆေး နှစ်မျိုးစလုံးတွင် အောင်မြင်လာသည်ကို ပြပွဲများ၌ တင်ပြသည့် ပန်းချီကားက အခိုင်အမာ ပြလေသည်။ ကျွန်တော့် မျက်စိထဲ စွဲနေသည့် ရေဆေး ပန်းချီကားများတွင် ရွှေတောင်ကြားဟု အမည်ပေးထားသော ကားသည် လည်းကောင်း၊ ဆီဆေးကားများတွင် မြန်မာ့ကျွန်းသစ် အမည်ဖြင့် စာပေဗိမာန်ပြပွဲတွင် တင်ပြသော ဆင်သစ်ဆွဲနေပုံ ကားများသည်လည်း ဦးကိုလေး၏ အောင်မြင်သော အညွန့်အဖူး လက်ရာများ ဖြစ်လေသည်” ဟု ပန်းချီညိုဝင်းရှင်က မှတ်ချခဲ့သည်။

ဦးကိုလေးသည် ဆေး၊ စုတ်များကို သပ်ရပ်စွာ ထားသည်။ သန့်ပြန့်စွာ ရေးဆွဲသည်။ ဆေးဘူးမှ စက္ကူပတ်ကိုပင် ဆေးမစွန်းစေဘဲ သန့်ရှင်းစွာ ထားသည်။ ပုံရေးပြီးလျှင်လည်း စုတ်တံများကို ကောင်းစွာ ဆေးကြောသည်။ တပည့်များကိုလည်း စေတနာထား ပညာသင်ပေးလေ့ ရှိသည်။ အပေါင်းအသင်းများ စုတ်၊ ဆေး၊ စက္ကူ လိုနေလျှင်လည်း အလွယ်တကူ ကူညီတတ်လေသည်။ စစ်ပြီးခေတ် ပန်းချီသမဂ္ဂမှစ၍ ပန်းချီပန်းပုကောင်စီအထိ ပန်းချီ အဖွဲ့အစည်းများတွင် အဖွဲ့ဝင် ပညာရှင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ခရီးသွား ဆောင်းပါးများလည်း ရံဖန်ရံခါ ရေးလေ့ရှိသည်။ ခရီးသွားလျှင် လမ်းတွင်တွေ့သော လူ၊ အရာဝတ္ထု၊ ရှုခင်းများကို အချိန်ရလျှင် ရေဆေးနှင့်ရေးဆွဲ၍ အချိန်မရက ခဲနှင့် ပုံကြမ်းများ ရေးမှတ်ထားလေ့ ရှိသည်။

၁၉၇၂ ခုနှစ်တွင် စာအုပ်သရုပ်ဖော် ပန်းချီကားတစ်ချပ် ဖြစ်လာရန် ကြိုးပမ်း ဆောင်ရွက်ရပုံ အဆင့်ဆင့်၊ အခက်အခဲများကို ဖော်ပြသော “စာအုပ် ပန်းချီသရုပ်ဖော်သူ၏ ပြဿနာ” ဟူသော စာတန်းကို ဖတ်ကြားခဲ့သည်။ ၁၉၇၃ ခုနှစ် စာနယ်ဇင်း သရုပ်ဖော် ပန်းချီဆရာကြီးများ ဂါရဝပြု ကန်တော့ပွဲတွင် ကန်တော့ခံ ပုဂ္ဂိုလ်အနေဖြင့် ပါဝင်လာခဲ့ရသည်။ ပန်းချီ ဦးကိုလေးသည် ဆေးလိပ်မသောက်၊ အရက်မသောက်ပဲ မနက်တိုင်း လမ်းလျှောက် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စည်းကမ်းရှိရှိ နေသူဖြစ်သည်။ သို့သော် နောက်ပိုင်း မကျန်းမာချိန်တွင် အိမ်သားများက ပန်းချီမဆွဲဘဲ အနားယူရန် ပြောသောအခါ “ပန်းချီဆရာဆိုတာ စုတ်တံကို သေမှ လက်က ချရတယ်” ဟု ပြန်ပြောခဲ့သည်။ ကျန်မာရေး ကောင်းလျှင် အဆင်သင့် ရေးဆွဲနိုင်ရန် ဆေး၊ စုတ်၊ ဆေးစပ်ပြားတို့ ကိုယ်တိုင် ပြင်ဆင်ထားသည်။ ဗဂျီအောင်စိုးက “ခင်ဗျားဟာ ထမင်းစားဖို့ ပန်းချီရေးတာ မဟုတ်ဘူး။ ပန်းချီရေးဖို့ ထမင်းစားတဲ့လူပဲ” ဟု ပြောခဲ့ဖူးသည်။

ပန်းချီဦးကိုလေးသည် စန္ဒာမဂ္ဂဇင်းတွင် စစ်ကြိုခေတ်မှစ၍ စစ်တွင်းခေတ်၊ လွတ်လပ်ရေးခေတ်အထိ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို ပန်းချီပုံများနှင့် ကိုလေး၏ ကိုလေး အခန်းဆက် ဆောင်းပါးများ ရေးသားခဲ့သည်။ ထို့နောက် အလှဝိဇ္ဇာကြီး ပန်းချီဦးကိုလေးသည် ၁၉၈၂ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့လေသည်။ ၁၉၄၃ ခုနှစ်တွင် အကြောင်းပါခဲ့သော ဇနီး ဒေါ်ခင်ဝင်းနှင့် သားသမီး ၆ ဦး ကျန်ရစ်ခဲ့သည်။

ရည်ညွှန်း

- စာအုပ်ပန်းချီ သရုပ်ဖော်သူ၏ ပြဿနာ (ပန်းချီကိုလေး)
- သူလိုလူမျိုး (ပန်းချီကိုလေး)
- အကိုတင့်တယ် (ပန်းချီကိုလေး)
- ပန်းချီဦးကိုလေး (ဘထွေး)
- မြန်မာပန်းချီ၊ပန်းပု၊ ဗိသုကာရှင်များ (ညိုဝင်းရှင်)
- ဦးကိုလေး (နတ်နွယ်)
- ဝင်းဖေ၊ လွယ်အိတ်

Most Read

Most Recent