သုံးဖက်မြင်လူမှုဘဝ-၂

သုံးဖက်မြင်လူမှုဘဝ-၂
Published 11 August 2018

Photo: Heart As Arena

ကိုဝင်းသိန်းသမီးလေး ၁၀ တန်းအောင်တယ်လို့ သိရတော့ ကိုဝင်းသိန်းကို ပြန်သတိရဖို့ ဖြစ်လာတယ်။ ညဘက်ဆိုရင် ကိုဝင်းသိန်းနဲ့အတူ ပါလာတတ်တဲ့ လေးနှစ်အရွယ် ကလေးမလေးတောင် ၁၀ တန်းအောင်တဲ့အရွယ်ဆိုတော့ ၁၂ နှစ်၊ ၁၃ နှစ်လောက်တော့ ကြာခဲ့ပြီ။ ကိုဝင်းသိန်းကတော့ သူ့သမီးကလေး ၁၀ တန်းအောင်တာလည်း ဂုဏ်မယူနိုင်၊ မပျော်နိုင်တော့ပါဘူး။ သူ ကွယ်လွန်ခဲ့တာတောင် လေးငါးခြောက်နှစ်တော့ ရှိလောက်ပြီထင်တယ်။

အောက်ခြေလူတန်းစားဘဝကို ကိုယ်ကိုယ်တိုင် နှစ်များစွာ ကျင်လည်လာရသူ၊ ကိုယ်ကိုယ်တိုင်လည်း အောက်ခြေလူတန်းစားတစ်ယောက်မို့ တစ်ခါတစ်ခါမှာ ဇာတ်နာတာတွေ တော်ပါပြီကွာလို့ တကယ့်ဘဝတွေကို လှောင်သလိုလို ပြောတတ်သူတွေကို ဘာမှတုံ့ပြန်လိုစိတ် မရှိပေမယ့် စိတ်ထဲကတော့ သိပ်မကောင်းလှဘူး။ ငတ်နေတာတွေ၊ ပရမ်းပတာ ပျက်စီးနေတဲ့ဘဝတွေဆိုတာ မမြင်ချင်၊ မကြားချင်ရင် ရှောင်နေလို့ ရချင်ရမယ်၊ အောက်ခြေနင်းပြား သန်း ၁၀၀၀ ကို မရှိဘူး ငြင်းဆိုဖို့ကတော့ မဖြစ်နိုင်ဘူးပေါ့။ တစ်ခါတလေ ဆောင်းည ချမ်းချမ်းစီးစီးတွေမှာ ပလက်ဖောင်းပေါ် အစီအရီ အိပ်နေကြတဲ့ မိသားစုတွေကို မြင်ရရင် ချမ်းလွန်းလို့ လူးလွန့်နေတဲ့ ကလေးငယ်တစ်ယောက်ကို မြင်လိုက်ရရင် ကိုယ်တိုင်ငိုချင်လာမိတာပဲ။ ကိုယ်သိထားတဲ့ လောကဓံကိုး။ ဒါပေမဲ့ ကိုဝင်းသိန်းနဲ့ ပေါင်းခဲ့သင်းခဲ့ရတဲ့ အချိန်တွေတုန်းကတော့ နှပ်တွေပေနေတဲ့ ပါးပြောင်ပြောင်နဲ့ အင်္ကျီကလေးက ပေပေရေရေ ဖရိုဖရဲနဲ့ ကိုဝင်းသိန်းတို့ သားအဖကိုကြည့်ပြီး ကျွန်တော့်မှာ ကောင်းကောင်းသနားတတ်တဲ့ စိတ်မျိုးတောင် မဝင်တတ်သေးဘူးနဲ့ တူပါတယ်။

ကိုဝင်းသိန်းနဲ့ ကျွန်တော်ဟာ သိပ်မကျယ်လှတဲ့ ကမ္ဘာကြီးထဲက ကျယ်ဝန်းလှတဲ့ ခြံကြီးတစ်ခုမှာ အလုပ်အတူတူလုပ်ရင်း ဆုံတွေ့ခင်မင်ခဲ့ကြတာ။ သူက မနက်ဆိုရင် ခြံသန့်ရှင်းသမား၊ ညဆိုရင် ညစောင့်၊ ကျွန်တော်ကတော့ ညစောင့်သက်သက်။ ညစောင့်အလုပ်ဆိုတာ ဘယ်လိုများပါလိမ့်လို့တွေးရင်း ကျယ်ဝန်းလှတဲ့ ခြံကြီးထဲကို အိပ်ရာလိပ်ကလေးပိုက်ပြီးငေးရင်း စရောက်တဲ့နေ့ကစလို့ ကိုဝင်းသိန်းရဲ့ ဖေးမမှုနဲ့ စခဲ့ရတာပါပဲ။

“ဒီလိုပါပဲ ညီလေးရာ။ ဘာမှမဟုတ်ပါဘူး။ မင့် ဒီခြံကြီးကို ဘယ်သူခိုးကမှ စိတ်မဝင်စားဘူး။ ခြံထဲက ငါတို့လို အလုပ်သမားနဲ့ ဟိုကောင်ပဲ ခိုးတာ”

လက်တခါခါ ခေါင်းတခါခါနဲ့ ခပ်ထွေထွေနဲ့ ပထမဆုံးညမှာပဲ သူက စသင်ခန်းစာ ပေးရှာတယ်။ ပြီးတော့ သူ့သမီးကလေးနဲ့ မိတ်ဆက်ပေးနေပါသေးရဲ့။ ကျွန်တော်လည်းပဲ ကိုဝင်းသိန်းကို ခင်သွားတယ်။ ပထမညမှာတော့ ကိုဝင်းသိန်းရဲ့ သင်ခန်းစာကိုလည်း နားမလည်ပါဘူး။ ခြံထဲက အလုပ်သမားနဲ့ ဟိုကောင်ပဲ ခိုးတယ်ဆိုတာတွေ ဘာတွေပေါ့။ ဟိုကောင်ဆိုတာလည်း ဘယ်သူ့ကို ရည်ညွှန်းမှန်းမသိ။ ပထမဆုံးညမှာတော့ ကိုဝင်းသိန်းနဲ့အတူ ခြံကျယ်ကြီးရဲ့ များပြားလှတဲ့ ဂိတ်တံခါးပေါက်တွေထဲက တစ်ခုမှာ ကိုဝင်းသိန်းရဲ့ သင်ခန်းစာ တစ်ထွေးကြီးကို နာယူရင်း ပြီးခဲ့ရတာပေါ့။

ကိုဝင်းသိန်းနဲ့ ကျွန်တော်နဲ့ စခင်တဲ့ အချိန်မှာ ကိုဝင်းသိန်းအသက်ဟာ အလွန်ဆုံးရှိမှ ၃၅၊ ၄၀ ပေါ့။ ဒါပေမဲ့ စိတ်ညစ်လို့မှ သီချင်းမညည်းတတ်တဲ့ လူတစ်ယောက်။ သူဟာ အရက်စွဲနေပြီ၊ လူပုံပန်းက ဖျော့တော့နေပြီ၊ ခြေထောက်တွေ ဖောသွပ်နေပြီ။ မိန်းမနဲ့ ကွဲတာ တစ်နှစ်ကျော်နေပြီ။ လူ့ဘဝကို နာကြည်းနေပြီ။ ထွက်ပေါက် ပိတ်နေပါပြီ။ မနက်ခင်းဆိုရင် ကျွန်တော်ဟာ အိပ်ရာလိပ်ကလေးခေါက် အိမ်ကိုပြန်သွား၊ ည ၆ နာရီခွဲမှ ခြံကျယ်ကြီးထဲကို ပြန်လာ။ ခြံကျယ်ကြီးထဲက ဂိတ်တဲကလေးကိုမှီပြီး စာဖတ်နေ၊ ကိုဝင်းသိန်းကတော့ ထပ်ကာထပ်ကာ ထည့်လွန်းလို့ အညှိတောင် တက်နေတဲ့ ပုလင်းဖြူထဲက အရက်ဖြူကို တစွပ်စွပ်သောက်ရင်း သူ့သမီးကလေးကို ချော့သိပ်နေ။ သမီးကလေး အိပ်ပျော်သွားချိန်မှာတော့ သူနဲ့ ကျွန်တော်ဟာ ဂိတ်တဲနံဘေးက ကွန်ကရစ်လမ်းပေါ် လမ်းသားမပေါ်တော့အောင် ကျနေတဲ့ သစ်ရွက်ခြောက်တွေပေါ် ည ၁၂ နာရီ၊ ၁ နာရီအထိ လမ်းတွေလျှောက်၊ စကားတွေပြော။ တချို့ညတွေမှာတော့ သူ့အရက်ဖြူပုလင်းကို ကျွန်တော်လည်း ယူယူမော့ပေါ့။ အဲဒီလို ညပေါင်း ၅၀၀ ကျော်အောင် သူနဲ့အတူတူ ဖြတ်သန်းခဲ့ဖူးပါတယ်။

ခြံကျယ်ကြီးကို ညစောင့်ခအတွက် တစ်ညကို ၂၀၀ ကျပ်။ ကိုဝင်းသိန်းတို့လို မနက်ခင်းမှာပါ သန့်ရှင်းရေးအလုပ်၊ ဥယျာဉ်မှူး အလုပ်လုပ်ကြရသူတွေကတော့ နေ့ရောညပါအတွက် ၅၅၀ ကျပ် ရကြတယ်။ အဲဒီကာလတုန်းကတောင် အင်မတန်နည်းတဲ့ လုပ်ခပါ။ မှတ်မိသလောက် အဲဒီတုန်းက လက်ဖက်ရည် တစ်ခွက်ကို ၄၅ ကျပ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ကြရပါတယ်။ အဲဒီအလုပ်မှာ မြဲနေဖို့ကိုတောင် ကျွန်တော်တို့ဟာ ဟိုကောင့်မျက်နှာကို ကြည့်နေခဲ့ရတာပါပဲ။ ပထမဆုံးညမှာ ကိုဝင်းသိန်း ရည်ညွှန်းပြောဆိုခဲ့တဲ့ ဟိုကောင်ဆိုတာ ကျွန်တော်တို့ကို အလုပ်ခန့်တဲ့ ခြံခေါင်းကို ပြောတယ်ဆိုတာ သိလာပြီးတဲ့နောက်မှာ နောက်ဆက်တွဲ သိလာရတာတွေကတော့ များပါတယ်။ တကယ်တမ်း ကျွန်တော်တို့ အလုပ်တွေအတွက် သတ်မှတ်ထားတဲ့ လုပ်အားခက ညစောင့်အတွက် ၂၅၀ ကျပ်၊ နေ့ဘက် ခြံသန့်ရှင်းရေးပါ လုပ်သူတွေအတွက် တစ်နေ့လုပ်အားခက ၆၅၀ ကျပ်ဖြစ်ပြီး။ ပိုတဲ့ပိုက်ဆံကို ခြံခေါင်းဟာ ကျွန်တော်တို့ဆီက နေ့စဉ် အမြတ်ထုတ်နေတာပါပဲ။ ဒါက ခြံထဲမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၁၅ ယောက်အတွက် လျှို့ဝှက်ချက်တစ်ခု မဟုတ်ဘဲ အကုန်လုံး သိနေကြတဲ့ ကိစ္စတစ်ခု ဖြစ်နေပြီ။

ခြံထဲက အလုပ်သမားတွေဟာ လစ်ရင်လစ်သလို ခြံခေါင်းကို မေတ္တာပို့ကြပါတယ်။ လစ်ရင်လစ်သလို ခြံထဲမှာရှိတဲ့ အဖိုးတန် သစ်ပင်ပန်းမန်တွေကို ခိုးယူရောင်းချကြပါတယ်။ ရှိရင်ရှိသလို မြက်ရိတ်စက်ထဲက ဓာတ်ဆီကို ခိုးထုတ်ကြပါတယ်။ ကျွန်တော်တို့လို ညစောင့်တွေ အတွက်ကတော့ ကိုယ့်ဘာသာကိုယ် မအိပ်ချင်ရင်သာ အုပ်မိုးနေတဲ့ သစ်ပင်ကြီးတွေကြားက ကြယ်တွေကို ငေးကြည့်နေဖို့ပဲ။

ခြံခေါင်းရဲ့ ခေါင်းပုံဖြတ်မှု လူပါးဝမှုဟာ ဒီလောက်နဲ့ ပြီးသေးတာ မဟုတ်ပါဘူး။ သူကတော့ ဝန်ထမ်းဖြစ်ပြီး ကျန်တဲ့အလုပ်သမားတိုင်းဟာ နေ့စားမို့ သူမထင်ရင် မထင်သလို ထုတ်ပစ်လို့ရနေတော့ အလုပ်သမား အတော်များများဟာ သူ့မျက်နှာကို အမြဲတမ်းကြည့်ရင်း ဖားယားနေရတော့တာပေါ့။ နောက်ပြီးရှိတဲ့ အလုပ်သမားတွေဆီကနေတင် ခေါင်းပုံဖြတ်တာမဟုတ်ဘဲ မရှိတဲ့ အလုပ်သမားတွေဆီကပါ ခေါင်းပုံဖြတ်တတ်သူပါ။ သဘောကတော့ သတ်မှတ်ထားတဲ့ အလုပ်သမားဦးရေပြည့်အောင် ဘယ်တော့မှ မခန့်ဘဲ လူစာရင်းတင်တဲ့ အခါမှာတော့ အပြည့်အဝတင်ပြီး လစာထုတ်စားတာမျိုးပေါ့။ ခြံခေါင်းဟာ အဲဒီအချိန်က အသက် ၄၀ ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ဒါပေမဲ့ တချို့ညတွေမှာ ညစောင့်ထဲက တချို့အဘိုးအိုကြီးတွေကို သူ့ကို နှိပ်ပေးနင်းပေးဖို့ စာနာမှုမဲ့ အရှက်အကြောက်မဲ့ ခိုင်းစေတတ်ပါသေးတယ်။

ကိုဝင်းသိန်းဟာ တခြားအလုပ်သမားတွေလို မဟုတ်ဘဲ တတ်နိုင်သလောက် သူ့နည်းသူ့ဟန်နဲ့ အဲဒီခြံခေါင်းကိုရှောင်ပြီး အလုပ်လုပ်လေ့ရှိပေမယ့် သူ့နည်းသူ့ဟန်နဲ့သူပဲ ခြံခေါင်းရဲ့ဝဋ်ကို ခံရရှာပါတယ်။ အလုပ်ကို ကလေး ခေါ်ခေါ်လာတဲ့ ကိုဝင်းသိန်းကို ခြံခေါင်းက မကြည်လင်ပါဘူး။ ဒါကို ကိုဝင်းသိန်းကလည်း သိပါတယ်။ ဒါပေမဲ့ ထိန်းပေးမယ့်သူ မရှိတဲ့ ကလေးကို ကိုဝင်းသိန်းဟာ ခေါ်ခေါ်လာရပါတယ်။ အလုပ်ကို ပိုလုပ်ပြပါတယ်။ ခြံခေါင်း ကြည်ဖြူအောင်ပေါ့။ ဒီလိုကြားထဲကပဲ တစ်ညမှာ ကျွန်တော်ဟာ ခြံထဲကို ညစောင့်အိပ်ဖို့ ရောက်အလာ ဂိတ်တဲထဲမှာ သမီးကလေးကိုဖက်ပြီး တအီးအီးနဲ့ ငိုနေတဲ့ ကိုဝင်းသိန်းကို တွေ့လိုက်ရပါတယ်။ အဲဒီ တစ်ညလုံး ကိုဝင်းသိန်းကို ဘာအကြောင်းရယ်လို့ ကျွန်တော် မေးမရပါ။ ပုလင်းကို မော့လိုက် ကလေးကို ဖက်ငိုလိုက်နဲ့ ကိုဝင်းသိန်း၊ မျက်လုံး ကလယ်ကလယ်နဲ့ ဘာမှန်းမသိရှာဘဲ ဖအေကို ငေးနေရှာတဲ့ ကလေးလေးကိုကြည့်ရင်း အဲဒီညမှာ ကျွန်တော်ဟာ ကျွန်တော့်ဘ၀ အပြင်ဘက်က ဘဝနှစ်ခုအတွက် ငြိမ်သက်စွာပဲ ကြေကွဲနေမိခဲ့ပါတယ်။

မနက်ခင်းမှာ ဟိုမေးဒီမေးနဲ့ သိရတာက နေ့လယ်ဘက်တုန်းက ခြံခေါင်းဟာ ကိုဝင်းသိန်းကို အလုပ်သမားတွေကြားမှာပဲ အမှိုက်ပုံကို မီးရှို့ဖို့ပြောထားတာ မရှို့သေးလို့ဆိုတဲ့ ပြစ်ချက်နဲ့ ပါးကို တဖြောင်းဖြောင်း ရိုက်ခဲ့ပါသတဲ့။ ပြီးတဲ့နောက် ဆင်းခဲ့သမျှ လုပ်အားခကို ပစ်ပေးပြီး အလုပ်ထုတ်ပစ်လိုက်ပြီ ဖြစ်ပါသတဲ့။ နောက်ညတွေမှာ ကိုဝင်းသိန်းနဲ့ သူ့သမီးလေးမရှိတဲ့ ဂိတ်တဲထဲ ကျွန်တော်ဟာလည်း အရက်ဖြူတစ်လုံးနဲ့ ဖြတ်သန်းနေခဲ့ရပါတယ်။ ကျွန်တော်လည်း အဲဒီကနေ အလုပ်ထွက်ပါတယ်။ ညစောင့်အလုပ်ထက်စာရင် အများကြီး နှစ်ဆလောက် ဝင်ငွေရှိတဲ့ စက်ရုံကြီးတစ်ခုမှာ အလုပ်လုပ်ရင်း အချိန်တွေ ကုန်လွန်ခဲ့ပါတယ်။ ပိုပြီး ပိန်လှီ၊ ပိုပြီး လေးကန်၊ ပိုပြီး ဖောသွပ်နေတဲ့ ကိုဝင်းသိန်းကို တစ်ချက်တစ်ချက်မှာတော့ သူ့သမီးကလေးကို ဆွဲလျက်သား တွေ့ရတတ်ပါတယ်။ သူ ဘယ်နေရာတွေမှာ ဘယ်လိုအလုပ်ကြမ်းတွေ လုပ်နေတယ်တော့ ကျွန်တော် မသိနိုင်ပါ။ တစ်ခါတလေမှာ တွေ့ရတဲ့အချိန်တွေမှာ သူ့သမီးငယ်လေးကို ကျောင်းစိမ်းဝတ်ကလေးနဲ့ တစ်ကြိမ် နှစ်ကြိမ် တွေ့လိုက်ရလို့ ကျွန်တော့်မှာ လှိုက်လှိုက်လှဲလှဲ ဝမ်းသာနေမိပါသေးတယ်။ ဒါကို ကိုဝင်းသိန်း မမေ့ပါလား။ ဒါပေမဲ့ ကျွန်တော်ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုဝင်းသိန်းဟာ နောက်သုံးနှစ်ကျော်လောက်မှာ တိတ်ဆိတ်စွာပဲ ကွယ်လွန်ခဲ့ပါတယ်။

ဟိုင်းလတ်ကားနှစ်စီးနဲ့ တိတ်ဆိတ်လှတဲ့ နာရေးကားပေါ်မှာ တချို့လူတွေဟာ အော်ဟစ်ရယ်မောလို့ပါပဲ။ ဘယ်သူပို့ချသွားတယ်မသိတဲ့ မသာပို့ရင် ကုသိုလ်ရမယ်ထင်တဲ့စိတ်နဲ့ လိုက်ပို့ကြတဲ့ အရပ်ထဲက မိန်းမကြီး၊ မိန်းမငယ်တချို့ တခြားယောကျ်ား ကြီးငယ်တချို့နဲ့ပေါ့။ သူတို့ဟာ ကိုဝင်းသိန်းကို တကယ်ပဲ သိကြရဲ့လားလို့ နာရေးကားပေါ်မှာ ကျွန်တော် စဉ်းစားနေမိပါတယ်။ နောက်ပြီး ကိုဝင်းသိန်းသမီးလေးကို ဘယ်သူ စောင့်ရှောက်မယ်ဆိုတာကိုလည်း ကျွန်တော် တွေးပူနေမိပါတယ်။ ကံကောင်းထောက်မစွာပဲ ကိုဝင်းသိန်းရဲ့ နာရေးမှာ ကိုဝင်းသိန်းရဲ့ ကွဲနေတာကြာပြီဆိုတဲ့ ဇနီးဆိုသူကို တွေ့လိုက်ရပါတယ်။ ကိုဝင်းသိန်းလို မည်းခြောက်ခြောက်၊ ကိုဝင်းသိန်းလို မှုန်တေတေနဲ့ပါပဲ။ ဒါပေမဲ့ ကိုဝင်းသိန်းရဲ့ သမီးလေးအတွက် အနည်းငယ် စိတ်အေးဖို့တော့ ဖြစ်ခဲ့တာပေါ့။

နှစ်ကာလတွေ ရွေ့လျားပြီးတဲ့နောက် ဒီနေ့တွေမှာတော့ ကိုဝင်းသိန်းသမီးလေးဟာ ၁၀ တန်း အောင်ပါသတဲ့။ ဒါဟာ ပျော်စရာပါ။ အကောင်အထည်ကြီးအနေနဲ့ မရှိတော့တဲ့ ကိုဝင်းသိန်းဆိုတဲ့ လူရဲ့ ဖြစ်တည်မှုအကြောင်း တစ်ခုကနေ ဖြစ်လာတဲ့ ပျော်စရာ အကျိုးဆက်တစ်ခုပါ။ ဒါဟာ တကယ့်ကို အဆုံးသတ်လှတဲ့ ဇာတ်လမ်းမျိုးပါ။ ကိုဝင်းသိန်းလည်း အသက်ရှင်နေသေးရင် ပျော်နေဦးမှာပဲ။ ဘယ်လိုပျော်ရမယ်တော့ သူ သိလောက်မယ်ထင်ပါရဲ့။ အဲဒါကို ကျွန်တော် မြင်ယောင်ကြည့်လို့ ရပါတယ်။ ခုနေခါမှာ ၁၀ တန်းအောင်သွားပြီဆိုတဲ့ ကိုဝင်းသိန်းရဲ့ သမီးလေး ဘယ်လိုရှိနေမလဲ ကျွန်တော် မသိပါဘူး။ ငယ်တုန်းက ရုပ်ပုံကလေးကိုသာ ပြန်မြင်ယောင်ရင်း ဒီကလေးတော့ ဒီလိုပျော်နေကောင်းရဲ့လို့ တွေးကြည့်ပျော်မိရုံပါပဲ။ လူတိုင်းအတွက် မှတ်ဉာဏ်ထဲ အတင်းဆွဲသိမ်းထားရမယ့် ပျော်စရာ ပုံရိပ်ကလေးတွေ၊ မျက်လုံးပျောက်သွားလောက်အောင် ရယ်ရင်း ကြည်နူးရမယ့် ပျော်စရာ ဇာတ်လမ်းကလေးတွေက လိုအပ်ပါတယ်။ မှတ်ဉာဏ်ထဲ နာကျင်စရာချည်း တင်းကျမ်းပြည့်နေတဲ့ ကျွန်တော်တို့ဘ၀ ကျွန်တော်တို့ကမ္ဘာမဟုတ်လား။

Most Read

Most Recent