(တစ်)
လက်မောင်းအောက်ဘက်ကနေ တရွရွတက်လာတဲ့ ဝေဒနာကို ခံစားလိုက်ရတာနဲ့ တစ်ပြိုင်နက် လက်နဲ့ ပွတ်ခြေချလိုက်မိတယ်။ ဒါ ပုရွက်ဆိတ်ပဲ ဖြစ်မယ်။ သူ့ကို အလွတ်ပေးလိုက်ရင် တခြားနေရာတွေကို ကိုက်လိမ့်မယ်။ ဒါကို ကြောက်လို့ သွက်သွက်ကလေး ပွတ်ခြေလိုက်တယ်။ သာမန်အချိန်တွေမှာ ဆိုရင်တော့ ဒီလိုမကိုက်ဘဲ လက်ပေါ်၊ ကိုယ်ပေါ်မှာ တက်နေရင် လက်နဲ့ တောက်ချလွှတ်လိုက်တာများပေမဲ့ အိပ်ရာထဲမှာဆိုတော့ အဲဒီလို တောက်ချလိုက်ရင် အိပ်ရာပေါ်ပဲ ပြန်ကျပြီး အိပ်ပျော်နေတဲ့ မိသားစုရဲ့ နားတွေ၊ မျက်စိတွေ၊ နှုတ်ခမ်းတွေ အကိုက်ခံကုန်ကြရရင် အနေရခက်လိမ့်မယ်။ အဲဒါနဲ့ပဲ ဒီပုရွက်ဆိတ်ကို ကိစ္စပြတ်သွားအောင်ဆိုပြီး ပွတ်ခြေသတ်လိုက်တယ်။ ပုရွက်ဆိတ် တရွရွတက်လာလို့ ယားနေတဲ့ဝေဒနာကိုပါ ဖြေဖျောက်ရင်း ပွတ်လိုက်တော့ ပုရွက်ဆိတ်ဟာ ပုရွက်ဆိတ်ပါလို့တောင် ပြောလို့မရအောင် အလုံးဒြပ်ပျက် သွားတယ်။ ခြင်သေလိုလို၊ ထွက်လာတဲ့ ချေးလိုလိုနဲ့ ဘာရယ် မသဲကွဲတော့ဘူး။
ပုရွက်ဆိတ်လေးသေးသေးမို့ ဒီလို အလွယ်သတ်မိလိုက်တာကလည်း အကြိမ်ကြိမ်ပါ။ တစ်ခါတစ်ခါ ပုရွက်ဆိတ် အနီအုံကြီးတွေကို မမြင်ဘဲ နင်းမိလိုက်တဲ့အခါ ခြေထောက်ပေါ်ရောက်လာတဲ့ ပုရွက်ဆိတ်တွေဟာ ခြေချောင်းလေးတွေကို ကိုက်တော့တာပါပဲ။ သူတို့ အစွယ်တွေက ထွက်လာတဲ့ ဖော်မစ်အက် စစ်အဆိပ်ရည်တွေဟာ အနေခက်တဲ့ ဝေဒနာကိုဖြစ်စေလို့ ခြေထောက်ကို ဗုန်းဗုန်းမြည်အောင် ဆောင့်ချ ခါထုတ်ပစ်လိုက်ရတယ်။ ဒါကို တချို့အမျိုးကောင်းသားတွေက အတင်းကုပ်ကပ်ဖက်တွယ်ပြီးတော့ ဖင်ဘူးတောင်းထောင် ကိုက်နေသေးလို့ တဗျင်းဗျင်းပွတ်ပြီး ဖိခြေသတ်ပစ်လိုက်ရတာကလည်း ဘယ်နှကြိမ် ဘယ်နှခါမှန်းတောင် မသိတော့ပါဘူး။ ပုရွက်ဆိတ် အနက်တွေတက်လည်း ဒီလိုပါပဲ။ ခန္ဓာကိုယ်ပေါ် မတက်ဖို့ ခါရင်း၊ ပွတ်ရင်းနဲ့ ပုရွက်ဆိတ်အနက်လည်း ပွတ်ခြေသတ်ပစ်မိသွားတာပါပဲ။ ပုရွက်ဆိတ်အနက်တွေက လူကို မကိုက်ပေမယ့် သူတို့ရဲ့ လျင်လျင်မြန်မြန် သွားနှုန်းတွေက ခန္ဓာကိုယ်ပေါ်မှာ ရိုးရိုးရွရွ ဖြစ်စေတယ်လေ။ သူတို့သွားနှုန်းကို မီအောင် အမြန်ပွတ်ရတော့ သေကုန်ကြတာပေါ့။ မတတ်နိုင်ဘူးဆိုတဲ့ စကားလုံးလောက်နဲ့ ပုရွက်ဆိတ်တွေရဲ့ အန္တိမခရီးကို ပေါပေါပဲပဲ ပဲ ထားပစ်လိုက်မိတယ်။ တကယ်ရော ပုရွက်ဆိတ်လေးတွေရဲ့ဘဝက အပေါစားဆန်နေသလား။ သူတို့ဘဝ၊ သူတို့အသက်တွေဟာ တန်ဖိုးမဲ့နေသလား။ အသက်တစ်သက်ကို (ဒါမှမဟုတ်) အသက်တစ်အုပ်တစ်မကြီးကို ပေးဆပ်လိုက်ရဖို့ဆိုတာ ကြက်ကလေး၊ ငှက်ကလေးတွေထက်ကို လွယ်လွန်းနေသလားပဲ။
(နှစ်)
တကယ်တော့ ပုရွက်ဆိတ်လေးတွေဆိုတာ ကျွန်တော်တို့ ငယ်ဘဝတွေထဲမှာတော့ ဟီးရိုးဖြစ်ခဲ့တဲ့ သတ္တဝါငယ်လေးတွေပါ။ စာဖတ်သူတွေလည်း ကမ္ဘာကျော် အီစွတ်ပုံပြင်တွေထဲက ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပမာလေး ကို ဖတ်ရတိုင်း ပုရွက်ဆိတ်လေးရဲ့ လုံ့လကို ချီးကျူးခန်းဖွင့်ခဲ့မိမှာပါပဲ။ ကျွန်တော်တို့လည်း ချီးကျူးချင်ချင်၊ မချီးကျူးချင်ချင် အတန်းသားတွေအကုန်လုံး ချီးကျူးအပ်တယ်လို့ အော်ကျက်ခဲ့ရတာပါ။ ပုရွက်ဆိတ်လေးရဲ့ ဝီရိယနဲ့ လုံ့လတွေကို အားကျဖို့ အနှိုင်းပြုပြောဆိုတာ ခံခဲ့ကြရတာပါ။ အသက်လေးတွေက ငယ်ကြသေးတယ်ဆိုတော့လည်း ထူးထူးထွေထွေတွေ သတိမထားမိကြဘူးပေါ့။ အသက်အရွယ်လေးရမှ ဗဟုသုတလေး ဟိုဟာ နည်းနည်း၊ ဒီဟာနည်းနည်းဖြစ်လာမှ ပုရွက်ဆိတ်လေးတွေရဲ့ ဗီဇအသိဉာဏ်ကို အံ့သြခဲ့ရတာ။ သူတို့ဟာ အမျိုးသားရေးဝါဒလို့ အော်နေသူတွေထက် သူတိုမျိုးရိုးကို သူတို့ ပိုပြီးချစ်ကြ၊ စောင့်ရှောက်ကြတယ်။ ပုရွက်ဆိတ်ဘုရင်မကြီးကို အမှူးထားပြီး တောင်ပံရှိတဲ့ ပုရွက်ထီး၊ ပုရွက်မကော၊ တောင်ပံမရှိတဲ့ ပုရွက်ထီး၊ ပုရွက်မကော၊ တောင့်တောင့်တင်းတင်း အလုပ်သမားပုရွက်တွေကော၊ သေးသေးကွေးကွေး ပုရွက်လုပ်သားတွေကော၊ သူနာပြု ကလေးထိန်းပုရွက်တွေကော၊ ပုရွက်စစ်သားတွေကောဟာ ကိုယ့်တာဝန်ကိုယ်ယူပြီး ကျရာကဏ္ဍအသီးသီးမှာ မခိုမကပ်ဘဲ၊ ကျေကျေပွန်ပွန်နဲ့ ပုရွက်ဆိတ်ပြည်ကြီးအတွက် အလုပ်လုပ်ကြတယ်။ ကိုယ့်တာဝန် ကိုယ်ကျေတာဟာ တိုင်းပြည်ကို စောင့်ရှောက်တာပဲ မဟုတ်လား။
ပျားပန်းခပ်သွားလာနေတဲ့ ပုရွက်ဆိတ်တွေကို ပကတိမျက်စိနဲ့ ကြည့်ရင်တော့ ဘာမှထူးခြားလှတယ် မထင်ရပေမဲ့ အနုစိတ်ကြည့်ရင်တော့မြို့ပြကြီးတစ်ခုမှာ သွားလာလုပ်ကိုင်နေထိုင် စားသောက်နေကြတဲ့ စိတ်ဓာတ်မြင့်လူတွေလို မြင်တွေ့ရမှာပါ။ ခွဲမရအောင်တူကြတဲ့ ပုရွက်ဆိတ်တွေဟာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့သူ၊ ဘီယာဆိုင်ထိုင် နေတဲ့သူ၊ အရည်မရ အဖတ်မရ ဖေ့စ်ဘွတ်သုံးစွဲနေတဲ့သူ၊ ဂိမ်းဆော့နေတဲ့သူ၊ အရပ်ထဲ လှည့်လည် အတင်းတုတ်နေတဲ့သူတွေရယ်လို့ အားအားလျားလျားတွေ မရှိပါဘူး။ သူတို့ကို ကြည့်လိုက်ရင် အလုပ်တစ်ခုတည်းကို ဝိုင်းလုပ်နေတာ ရှိချင်ရှိ။ ဒါမှမဟုတ်လည်း ကျရာတာဝန်တွေကို လုပ်ကိုင်နေကြတာတွေချည်းပါပဲ။ သူတို့ခမျာ ပုရွက်အုံပြင်ပမှာ အထွေထွေ တာဝန်ယူတဲ့ သူကယူ။ ရိက္ခာသယ်တဲ့သူက သယ်။ အဆောက်အအုံသစ် တိုးချဲ့ဖို့ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ချီတဲ့သူက ချီနေကြတယ်။ တချို့အကောင်တွေက ပုရွက်အုံအတွင်းနဲ့အပြင် အဝင်အထွက်လုပ်ရာ လမ်းကြောင်းတွေမှာ ပိတ်ဆို့နေတာတွေကို ရှင်းလို ရှင်းနဲ့။
အိမ်တွင်းမှုလုပ်တဲ့ ပုရွက်ဆိတ်တွေကျတော့ သူတို့ စနစ်တကျ တည်ဆောက်ထားတဲ့ အိပ်ခန်းတွေ၊ အစာသိုလှောင်ခန်းတွေ၊ ပစ္စည်းသိုလှောင်ခန်းတွေကို ရှင်းနေ၊ လင်းနေကြတယ်။ စင်ကာပူကိုမီဖို့တွေ၊ ထိုင်းကို ကျော်တက်ဖို့တွေ ဆိုပြီး ကြီးကြီးကျယ်ကျယ် ကုန်းအော်နေသူတွေထက်၊ စနစ်ကျတဲ့ မြို့ပြတစ်ခု အဖြစ်၊ ပုရွက်ဆိတ်တိုင်းပြည်ကို တည်ဆောက်ထားနိုင်ကြတယ်။ ကိုယ့်တိုင်းပြည်က ပေါက်ဖွားလာတဲ့ ကိုယ့်ကလေးငယ်တွေကို စောင့်ရှောက်တဲ့နေရာမှာလည်း ပုရွက်တွေကို အထင်မကြီးဘဲ မနေနိုင်ပါဘူး။ ဘယ်သူဘယ်ဝါ ရဲ့ ရင်သွေးငယ်ရယ်လို့ မခွဲခြားဘဲ ဘုံစနစ်နဲ့ တိုင်းပြည်ရဲ့အနာဂတ် အညွန့်အခက်၊ အတက်၊ အလက်တွေကို ပြုစုစောင့်ရှောက်ကြတယ်။ သူတို့ကလေးသူငယ်တွေကို စောင့်ရှောက်ကြပုံက အောချစရာပါ။ ပုရွက်ဥတွေနဲ့ ပုရွက်ဆိတ်လေးတွေကို သီးသန့်အခန်းမှာ သိပ်ကြတယ်။ အသိုက်အအုံ ပြောင်းမယ်၊ ရွှေ့တယ်ဟဲ့ဆို ကလေးထိန်း သူနာပြုပုရွက်တွေဟာ ဖြူဖွေးတဲ့ဥတွေကို မေးရိုးတွေနဲ့ညှပ်ပြီး သယ်ပိုးသွားကြတယ်။ တချို့ဥလေးတွေ က အချိန်တန်လို့ ပိုးလမ်းလေးတွေအဖြစ် ပေါက်ဖွားလာတော့ ပုရွက်လုပ်သားတွေက တာဝန်ခွဲယူတဲ့သဘောအဖြစ်နဲ့ ပိုးလမ်းတွေ ပိုမိုသန်စွမ်းလာအောင် နေပူရာထုတ်ပြီး နေလှန်းပေးကြပြန်တယ်။ သူနာပြု ကလေးထိန်း ပုရွက်တွေကတော့ ခြေထောက်မထွက်သေးတဲ့ လှိမ့်ရုံလောက်သာ တတ်နိုင်တဲ့ ပုရွက်ငယ်လေးတွေကို အစာခွံ့ကျွေးတယ်။ သန့်ရှင်းရေး လုပ်ပေးတယ်။ ဦးခေါင်းမှာ ရှိတဲ့ ဦးမှင်တွေနဲ့ ညင်ညင်သာသာ ပွတ်သပ်ချော့မြှူပေးကြတယ်။ ညရောက်လာတဲ့အခါမှာတော့ ပုရွက်အုံကြီးရဲ့ အလုံခြုံဆုံးနဲ့ အနွေးထွေးဆုံးရှိလှတဲ့ အောက်ဘက်အကျဆုံး အခန်းတွေဆီ ပိုးလမ်းနဲ့ မပေါက်သေးတဲ့ ဥတွေကို သယ်ယူရွှေ့ပြောင်းပေးပြီး သိပ်ထားကြပြန်တယ်။ နေ့ဘက်ရောက်မှ ပုရွက်အုံရဲ့ ထိပ်ဘက်အပိုင်းဆီ ပြန်ပို့ပေးတယ်။ လေကောင်းလေသန့်နဲ့ နေရောင်ခြည်ကို ရရှိစေတယ်။ အရင်ပေါက်တဲ့အကောင်တွေက အလုပ်လုပ်ကိုင်နိုင်တဲ့အထိ သန်စွမ်းလာတော့ နောက်ထပ်ပေါက်လာတဲ့ ပိုးလမ်းနဲ့ ပုရွက်ဆိတ်ပေါက်တွေအတွက် ပြုစုစောင့်ရှောက်ရေးတာဝန်တွေကို ပခုံးထမ်း ဝင်ယူလိုက်တာ။ ဒါဟာ စုပေါင်းလုပ်အားနဲ့ ဘုံဝါဒကို ကျင့်သုံးကြတာများလား။ လုပ်နိုင်သလောက် လုပ်၊ လိုအပ်သလောက် ထုတ်သုံးဆိုတဲ့ ဆိုရှယ်လစ်ပုရွက်ဘောင်ကို ထူထောင်နေကြတာများလား။
(သုံး)
အခုလို မိုးတွေ တအားရွာပြီးရေတွေ တအားကြီးနေတာ တွေ့ရတော့ ပုရွက်ဆိတ် လေးတွေကို မချီးကျူးဘဲ မနေနိုင်ပြန်ဘူး။ ပုရွက်ဆိတ်တွေဟာ လေလာမှာ၊ မိုးရွာမှာကို မိုးလေဝသပညာရှင်တွေထက် ပိုပြီး အကဲခတ်တတ်တယ်။ မိုးရွာမှာကို သိရပြီဆိုကတည်းက ပုရွက်ဆိတ်တွေဟာ ရေလွတ်ရာကို ရွှေ့ကုန်ပြီ။ ပုရွက်အလုပ်သမားတွေ၊ ပုရွက်ကလေးထိန်းတွေ၊ ပုရွက်စစ်သားတွေနဲ့ ပုရွက်ဘုရင်မကြီးဟာ မိုးလွတ်မယ့်နေရာဆီ ချီတက်သွားကုန်ပြီ။ မီးတောင်ခြေရင်းမှာ နေကြတဲ့ ဂျပန်လူမျိုးတွေလည်း အဲဒီလိုပဲလေ။ မီးတောင်ပေါက်တော့မယ်ဆိုတာနဲ့ သူတို့ရဲ့ အိမ်တွေကို ခေါက်သိမ်း၊ ယူစရာပစ္စည်းတွေကို ယူ၊ ထည့်စရာပစ္စည်းထည့်လို့ ချော်ရည်ပူ လွတ်ရာကို ထွက်ခွာသွားကြပြီ။ ချော်ရည်တွေ စီးဆင်းလာတော့ သူတို့အားလုံးက ဘေးလွတ်ရာမှာ ရောက်နေကြပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းသူပြည်သားတွေ ရေကြီးတဲ့ ဒဏ်ခံနေရတာ မြင်ရတွေ့ရတော့ စိတ် မကောင်းဘူး။ ဘာလို့များပါလိမ့်လို့ စဉ်းစားမရဘူး။ မဖြစ်စဖူး၊ အဖြစ်ထူးလို့ များလား။ ဖြစ်လေ့ဖြစ်ထရှိလျက်နဲ့ တင်ကြိုမပြင်ဆင်ထားလို့လား။ ကျွန်တော် မဝေခွဲတတ်ပါဘူး။
ဟိုး လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်လောက်က ဟင်္သာတနားက ရွာလေးက ကိုခင်ထွန်းတို့ အိမ်သွားလည်တော့ ဘုရားအိုးစင်အထက်က ရွှံ့ရစ်ရာလေးကို လှမ်းပြတယ်။ “အဲဒီအထိ ရေကြီးထားတာ” တဲ့။ “ဒါဆို ခင်ဗျားတို့အိမ်တိုင်ကို အဲဒီထက်မက မြှင့်ဆောက်ထားလေဗျာ” လို့တောင် ပြောခဲ့ဖူးသေးတယ်။ ကိုခင်ထွန်းအနေနဲ့ ဆောက်ဖြစ်လား၊ မဆောက်ဖြစ်လား မသိရပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ပုရွက်တို့ထုံးကို နှလုံးမူရမှာပါပဲ။ ဖြစ်ကာမှ ကယ်ပါ၊ ကူပါ တစာစာအော်နေတာထက် ပုရွက်ဆိတ်လေးတွေကို တုထားကြရင် မကောင်းဘူးလား။ ဖြစ်ကာမှ ဟိုလူ့အပြစ်၊ ဒီလူ့အပြစ် ပုံချနေတာထက် မဖြစ်ခင်ကတည်းက တင်ကြိုပြင်ဆင်ထားကြရင် ကောင်းမှာပေါ့။ ဖြစ်မှာကိုမသိလို့၊ ရှေးရှေးကာလတွေတုန်းက မဖြစ်ခဲ့ဖူးလို့ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ကျွန်တော်တို့မြို့မှာတော့ ငယ်ငယ်ကတည်းက တဘောင်ကြားဖူးထားတာ ရှိနေတယ်။ မြို့တဘောင်မှာက ကိုးခန်းကြီးဘုရားတောင်၊ တုတ်ထောက်ရှာရမယ်တဲ့။ ဘယ်ကိုးခန်းလည်းဆိုတာက မသေချာပါဘူး။ လေခွင်းတောင်ခြေက ကိုးခန်းလား၊ လောကမာရဇိန်နဲ့ လောကရန်နှိမ်နားက ကိုးခန်းလား။ ဘာရယ်လို့တော့ မသေချာဘူး။ ဘယ်ရယ်လို့လည်း မကွဲပြားဘူး။ တဘောင်ရဲ့သဘောအရ ဖြစ်လာတာ၊ မဖြစ်လာတာလည်း ကံသေကံမ မဟုတ်ပြန်ဘူး။ ဒါပေမဲ့လည်း ပုရွက်တို့ ထုံးကို နှလုံးသွင်းမိသွားလို့၊ ရေဘေးကို ဖြေရှင်းဖို့ဆိုပြီး ရေလုံပီပါကြီးသုံးလုံးကို တင်ကြိုအသင့်ပြင်ထားလိုက်တယ်။ ပြီးတော့ပီပါ ပေါ်တင်မယ့် ပျဉ်ပြား၊ အပေါ်က မိုးမယ့် အမိုး၊ ဘေးမှာကာမယ့် အကာ၊ အပေါ်ကိုတင်သွားမယ့် ရေဘူး။ ပီပါဖောင်ပေါ်မှာ မွှေးမယ့်မီးဖို၊ အားလုံးဟာ အသင့်ပဲလေ။ အဲဒါ ၁၀ နှစ် တောင် ပြည့်တော့မယ်။ ဒီကာလအတွင်းမှာ ဘာမှဖြစ်မလာခဲ့ပေမဲ့ မြို့အကြောင်းကို ပြန်စဉ်းစားလိုက်တိုင်း ငလျင်ကြောပေါ်က မြို့ဆိုတာကြီးက ကြက်သီးဖြန်းဖြန်းထစေတယ်။ မြို့ပတ်လည်မှာရှိတဲ့ ပေါင်းလောင်ဆည်၊ ငလိုက်ဆည်၊ ရေဆင်းဆည်၊ ချောင်းမကြီးဆည်ဆိုတာတွေကလည်း ကျွန်တော့်ကို ပုရွက်ဆိတ်တို့ထုံးကို ပိုပြီးနှလုံးမူစေခဲ့တယ်။
(လေး)
အဲဒီလို အတုမြင်အတတ်သင်ပေးခဲ့တဲ့ ပုရွက်ဆိတ်တွေကို ကျွန်တော် လွယ်လွယ်သတ်မိနေတာဟာ ကောင်းသလား။ စေတနာမဖြစ်ဘဲ သတ်သတ်နေရတာကိုပဲ ကျေနပ်နေလေသလား။ ပုရွက်ကလေးငယ်ငယ်မို့ သူ့အသက်က အစ၊ သူ့ဘဝနဲ့ သူ့အသိဉာဏ်တွေကိုပါ တန်ဖိုးမထားမိလေသလား။ တစ်နေ့ကတော့ FM ရေဒီယို နားထောင်ရင်း ကားစီးလာတာ ပုရွက်ဆိတ်တွေရဲ့ သက်တမ်းကို အမေးအဖြေ လုပ်နေတာနဲ့ ကြုံလို့ ဆင်းချိန်တန်တာတောင် မဆင်းသေးဘဲ နားထောင်ဖြစ်လိုက်တယ်။ အဲဒီမှာ ကျွန်တော် အံ့သြရတယ်။ ယူကျုံးမရလည်း ဖြစ်သွားတယ်။ ကိုယ်သတ်ခဲ့သမျှ ပုရွက်ဆိတ်တွေရဲ့ အသက်အတွက် နှမြောတသ ဝေဒနာလည်း ခံစားမိသွားတယ်။ ကျွန်တော် သတ်လိုက်တာ ပုရွက်ဆိတ် ဘယ်နှကောင်လဲ။ သတ်လိုက်တဲ့ ပုရွက်ဆိတ်တွေဟာ ဘယ်နှနှစ်သား ရှိနေပြီလဲ။ ပုရွက်ဆိတ်ဘဝနဲ့ တစ်နှစ်နေပြီးပြီလား။ ငါးနှစ်စာ ရှင်သန်ပြီးပြီလား။ ပုရွက်ဆိတ်လားမြောက်တာ နှစ်ပတ်လား။ တစ်လလား။ အခုလား။ ကြာပြီလား။ ဘာမှမဝေခွဲနိုင်ဘူး။ ဒါပေမဲ့ နောက်ဆိုရင် ပုရွက်ဆိတ်တွေကို ကျွန်တော် မသတ်တော့ဘူး။ သူတို့လည်း သူတို့နေရမယ့် သက်တမ်းကို အပြည့်နေချင်ရှာမှာပေါ့။ ကျွန်တော်တို့ ၇၅ နှစ် သက်တမ်းလောက်ရှိတာတောင် သက်တော်ရာကျော် ရှည်စေသော်ချင်ကြသေးတာ။ သူတို့လည်း သက်တော် ၃၀ ရှည်စေသော် ချင်ကြမှာပါပဲ။ ဟုတ်တယ်လေ။ ပုရွက်ဆိတ်တွေက ၂၈ နှစ်လောက် ရှင်သန်နေနိုင်ကြတာကိုး။