လမ်းဖယ်ခြင်းအနုပညာ

လမ်းဖယ်ခြင်းအနုပညာ
Published 17 July 2018

နံနက်မိုးလင်းပြီ။ နံနက်မိုးလင်း အိပ်ရာထသည်နှင့် ယနေ့ အလုပ်သွားမည်ဟု ဝန်ထမ်းတစ်ဦးက စဉ်းစားသည်။ ကျောင်းသွားရမည်ဟု ကျောင်းသားတစ်ဦးက တွေးသည်။ အကယ်စင်စစ် လူတစ်ဦး အသက်ရှင်နေခြင်းသည် အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရသော ခရီးတစ်ခုကို သွားနေရခြင်းဖြစ်ပါသည်။ ခရီးတစ်ခုကို သွားနေသရွေ့ လမ်းများကို ဖြတ်သန်းရမည် ဖြစ်ပါသည်။

ဖြတ်သန်းရမည့် လမ်းများသည် ဖြောင့်ဖြူးနိုင်သကဲ့သို့ အခက်အခဲ ပိတ်ဆို့မှုများနှင့်လည်း တွေ့နိုင်မည်ဖြစ်သည်။ ထိုအခက်အခဲ ပိတ်ဆို့မှုများကို မိမိက ကျော်လွှားရသကဲ့သို့ အခြားသူများ၏ လမ်းများကိုလည်း မိမိက ပိတ်ဆို့ထားမိတတ်ပါသည်။ ထိုသို့ ပိတ်ဆို့ထားမိသော အများနှင့်ဆိုင်သော လမ်းများကိုကောင်းစွာ လမ်းဖယ်ပေးတတ်အောင် ကြိုးစားရမည်ဖြစ်သကဲ့သို့ မပိတ်ဆို့မိအောင် ဆင်ခြင်ရန် ကြိုးစားရမည် ဖြစ်ပါသည်။

သို့သော် ယနေ့ လူ့အဖွဲ့အစည်းတွင် ရှင်သန်နေကြသော လူအများစုသည် လူတစ်ဦး၏ အခြေခံကျင့်ဝတ်ဖြစ်သော အခြားသူ၏လမ်းကို မပိတ်ဆို့ရဟူသော သဘောတရားကို ကောင်းစွာ နားလည်လက်ခံ ကျင့်သုံးကြခြင်း မရှိကြပါ။ ဝမ်းနည်းစရာ ကောင်းလှပါသည်။

ကျွန်တော်၏ကားကို မုန့်ဟင်းခါးဆိုင် ရှေ့လမ်းဘေးတွင် ထိုးရပ်လိုက်သောအခါ ဘေးတွင် ကားဆိုင်ကယ်တစ်စီးမျှ ရပ်ထားခြင်း မရှိသေးပါ။ ကားကိုရပ်ထားခဲ့ပြီး ဆိုင်ထဲဝင် မုန့်ဝယ်၍ ပြန်ထွက်လာသောအခါမှ ကားရှေ့တွင် ဆိုင်ကယ်နှစ်စီး ကားနောက်တွင် ဆိုင်ကယ်တစ်စီး ကားနှင့် ခြောက်လက်မပင်မကွာသော အနေအထားနှင့် ရပ်ထားသည်ကို တွေ့ရလေသည်။

ကားကိုထွက်နိုင်ရန် ကားနောက်တွင် ကပ်လျက်ရပ်ထားသော ဆိုင်ကယ်ကို ရွှေ့ပေးရန် မုန့်ဟင်းခါးသည်ကို အကူအညီ တောင်းမိသည်။ မုန့်ဟင်းခါးသည်က အသံကျယ်ကျယ်ဖြင့် “ဘယ်သူ့ဆိုင်ကယ်လဲ၊ ကားထွက်ဖို့ နည်းနည်းရွှေ့ပေးပါ” ဟု ဆိုင်ထဲက လူများကိုပြောသည်။ ဆိုင်ကယ်ပိုင်ရှင်က ဆိုင်ထဲတွင် ရှိနေပါသည်။ ဆိုင်ကယ်ဖယ်ခိုင်းသံကို ကြားသောအခါ “ရှေ့ကနေ ထွက်ပေါ့” ဟု ပြောသည်။ ဆိုင်ရှင်က “ရှေ့မှာလည်း ဆိုင်ကယ်တွေပိတ်နေတာ ဘယ်လိုထွက်မလဲ” ဟု ထပ်ပြောသည်။ “အဲဒါဆို ရှေ့က ဆိုင်ကယ်တွေ ဖယ်ခိုင်းလိုက်ပေါ့” ဟု ထိုင်ရာက မထ ပြန်ပြောသည်။ ဘယ်သူ့မှ ဂရုမစိုက်ဟူသော ပုံစံဖြင့်။

လူတစ်ဦး၏ အခြေခံကျင့်ဝတ်ဖြစ်သော အများပိုင်သောလမ်းတွင် အခြားလူများကို လမ်းမပိတ်ရ။ ပိတ်ဆို့မိလျှင်လည်း ဖယ်ပေးရမည်ဟူသော သဘောတရားကို သိဟန်မတူ။ ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းသည် လမ်းဖယ်ပေးခြင်း အနုပညာကို နားမလည်သော လူများ များပြားလှပါသည်။

ဆေးရုံတက်နေသော မိတ်ဆွေတစ်ဦးကို ကြည့်ရန် ဆေးရုံသို့ ညနေစောင်းတစ်ခုတွင် ရောက်သည်။ ဆေးရုံသို့ဝင်သော ဝင်ပေါက်တွင် တစ်ဘက်၌ ဆိုင်ကယ် Taxi တစ်စီးက ကျောက်ချရပ်ထားသည်။ ဝင်ပေါက်အလယ်၌ မိန်းကလေးနှစ်ဦးက ဆိုင်ကယ်တစ်စီးနှင့် ရပ်နေသည်။ ကားကို ဝင်ရန် ဝင်ပေါက်ကို ခေါင်းတည်လိုက်သောအခါ မိန်းကလေးနှစ်ဦး၏ ဆိုင်ကယ်က ဘေးသို့ နည်းနည်းရွှေ့ပေးသည်။ သို့သော် ကားက ဝင်မရ။ ထို့ကြောင့် ကားကိုရပ်၍ စောင့်သည်။ ဆိုင်ကယ် Taxi သမားက လှည့်မကြည့်သလို မိန်းကလေးနှစ်ဦးကလည်း ဆိုင်ကယ်ပေါ်ခွရင်း ဖုန်းပွတ်နေကြသည်။ ကားမှန်ကိုချပြီး လမ်းဖယ်ပေးရန်ပြောသည့်အခါ ဆိုင်ကယ် Taxi မောင်းသမားက မိန်းကလေးနှစ်ဦးကို လှမ်း၍ “ဖယ်ပေးလိုက်လေ” ဟု ပြောသည်။ မိန်းကလေးနှစ်ဦးက မဖယ်ချင်ဖယ်ချင်ပုံဖြင့် ဆိုင်ကယ်ကိုဘေးသို့ ရွှေ့သွားသည်။ ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းသည် ကိုယ့်ပိုင်နက်ဟု ယူဆသော နေရာတွင် ဗိုလ်လုပ်နေရာ ယူထားတတ်သော လမ်းမဖယ်ခြင်း အနုပညာသည်များ ပေါလှပါသည်။

လမ်းမကြီးပေါ်တွင် ကားမောင်းနေစဉ် ဝီစီမှုတ်သံနှင့် ကားခေါင်မိုးပေါ်မှ အချက်ပြ မီးသံတို့ကြောင့် မောင်းလက်စကားကို လမ်းဘေးသို့ဆွဲချပြီး ရပ်လိုက်ရသည်။ လမ်းမပေါ် မောင်းနေကြသော ကားဆိုင်ကယ်များအားလုံးလည်း လမ်းဘေးရောက်ကုန်ကြသည်။ ဖြတ်သွားသောကားတန်း၏ လမ်းဖယ်ခိုင်းခြင်း အနုပညာမှာ မညက်ညောလှပါ။ ပိုမိုယဉ်ကျေး လိမ်မာညက်ညောသော လမ်းဖယ်ခိုင်းခြင်း အနုပညာကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းသည် ကောင်းစွာသင်ယူရန် လိုသည်ဟု ထင်မိပါသည်။

အဝေးပြေးကားလမ်းမကြီးပေါ်တွင် ခပ်စုတ်စုတ် ကုန်တင်ကားတစ်စီး မောင်းနေသည်။ ဒရိုင်ဘာကလည်း ခပ်စုတ်စုတ်လူ ဖြစ်ဟန်တူသည်။ သူ၏နောက်မှ အိမ်စီး ဆလွန်းကားတစ်စီးသည် ကျော်တက်ရန် လမ်းတောင်းသည်။ ကုန်တင်ကားက ဖယ်မပေး။ အရှိန်တင်မောင်းသည်။ ကားကို ဘယ်ညာ ရမ်းခါ၍ မောင်းသည်။ အိမ်စီး ဆလွန်းကား ကျော်သွား၍ ဘာမျှ နစ်နာစရာမရှိသော်လည်း ကုန်တင်ကားက အကျော်မခံ။ လမ်းကို ပိတ်ထားသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် ကိုယ့်အတွက်လည်း အကျိုးမရှိသည့်အပြင် အခြားသူအတွက် အကျိုးယုတ်စေသော ကိစ္စမျိုးကို မြိန်ရေရှက်ရေ ရွေးချယ်လုပ်တတ်သောသူ များလှပါသည်။ လမ်းဖယ်ခြင်း အနုပညာကား သူတို့နှင့် ဝေးကွာလွန်းပေစွ။

မြို့တွင်းလမ်းမပေါ်တွင် ထော်လာဂျီတစ်စီး မောင်းနေသည်။ လမ်းပေါ်ရှိ ကားများ၊ ဆိုင်ကယ်များကို ဂရုမစိုက်ဘဲ ယာဉ်ကြော မှန် မှား မစဉ်းစား။ မောင်းချင်သလို မောင်းသည်။ လမ်းကို လုမောင်းသည်။ မကျေနပ်လျှင် တိုက်သွား။ ရှောင်မပေးလျှင် ဝင်တိုက်မည်ဟူသော ပုံစံဖြင့် မောင်းနေခြင်းဖြစ်သည်။ လမ်းမှန်အတိုင်း မောင်းနေသော ကားဆိုင်ကယ်များက ရှောင်မောင်းရသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် လမ်းလုခြင်း အနုပညာနှင့် ညစ်စုတ်စုတ်လူများ များလှပါသည်။

အလယ်တန်းကျောင်းသူသမီးကို ကျောင်းသို့ ကားဖြင့် လိုက်ပို့သည်။ ကားကို ကျောင်းပေါက်အနီးတွင် လမ်းဘေးသို့ ကပ်ရပ်ပေးလိုက်သည်။ သမီး ကားပေါ်က ဆင်းပြီးလျှင် ကားကို မောင်းထွက်မည်။ ကျွန်တော် မောင်းထွက်လျှင် ကျွန်တော်၏ ကားနောက်တွင် တန်းစီထားသော ကားက ဝင်ရပ်မည်။ ထို ကားပေါ်မှ ကျောင်းသား သို့မဟုတ် ကျောင်းသူဆင်းမည်။ ပြီးလျှင် ပြန်ထွက်မည်။ အရာအားလုံးသည် စနစ်တကျရှိမည် ဖြစ်ပါသည်။

ကျွန်တော် ကားရပ်လိုက်ပြီး သမီးကို ကားပေါ်မှဆင်းရန် ပြောလိုက်သောအခါ သမီးသည် သူ၏ ကျောပိုးအိတ်ကို ယူ၍လွယ်လိုက်သည်။ ထို့နောက် လက်ဆွဲခြင်းကိုယူ၍ ကားခုံပေါ်မှ ထီး၊ စာအုပ်၊ မုန့်ထုပ်များကို တစ်ခုစီ ကောက်ထည့်သည်။ အတော်ကြာသည်အထိ ကားပေါ်က မဆင်းနိုင်သေး။ ကျွန်တော်၏ကားနောက်မှ ကားများ လမ်းမပေါ်တွင် ကန့်လန့်ဖြစ်ကုန်ကြသည်။ ကျွန်တော်၏ကားသည် လမ်းပိတ်ထားမိပြီဖြစ်သည်။ သမီး ကားပေါ်က ဆင်းပြီးနောက် ကားကို မောင်းထွက်လာခဲ့သည်။ ညနေ သမီး ကျောင်းဆင်းလျှင် သမီးကို လမ်းဖယ်ခြင်း အနုပညာအကြောင်း သင်ပေးရမည်။ သမီးသည် လမ်းဖယ်ခြင်း အနုပညာကို ကောင်းစွာ နားလည်ရန် လိုအပ်မည်ဖြစ်ပါသည်။

လူတို့သည် အသက်ရှင်နေသရွေ့ နေ့စဉ် ခရီးသွားနေကြရသည်။ လူ့အဖွဲ့အစည်းကြီးသည် ကောင်းမွန်စွာ ရွေ့လျားနေနိုင်ရန် လမ်းများ မပိတ်ဆို့ရန်လိုသည်။ သို့ဆိုလျှင် ထိုလူ့အဖွဲ့အစည်းအတွင်းမှ လူအများစုသည် လမ်းဖယ်ခြင်းအနုပညာကို ကောင်းစွာနားလည် ကျင့်သုံးတတ်သော လူယဉ်ကျေးများဖြစ်ရန် မလွဲမသွေ လိုအပ်ပါသည်။ သင်သည်လည်း လမ်းဖယ်ခြင်းအနုပညာကို ကောင်းစွာ နားလည်ကျင့်သုံးတတ်သူ ဖြစ်ပါ၏လား။ သင်ပါဝင်သော သင်၏လူ့အဖွဲ့အစည်းသည် ယဉ်ကျေးတိုးတက်သော လူ့အဖွဲ့အစည်းဖြစ်ရန် လမ်းဖယ်ခြင်းအနုပညာကို ယခုစတင်၍ ကျင့်သုံးရန် လိုအပ်မည် ဖြစ်ပါသည်။

Most Read

Most Recent