သရုပ်ဆောင်နန်းဆုဦးနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်နန်းဆုဦးနှင့် တွေ့ဆုံခြင်း
Published 12 September 2018

လတ်တလော ရုံတင်ပြသတော့မည့် ချူဆီရုပ်ရှင်ဇာတ်ကားမှာ အသက်ငယ်ရွယ်သော်လည်း မပြေလည်သည့် ဘဝပြဿနာကိုဖြေရှင်းရန် ကေတီဗွီတွင် အလုပ်လုပ်ကိုင်နေရသူ မိန်းကလေးတစ်ဦးအဖြစ် သရုပ်ဆောင် နန်းဆုဦးက ပါဝင်ထားသည်။ ပါဝင်ခွင့်ရသည့် ဇာတ်ရုပ်တိုင်းတွင် ပီပြင်စွာ ပုံဖော်တတ်သူတစ်ဦးအဖြစ် ပရိသတ် လက်ခံအားပေးမှု ရရှိထားသည့် သရုပ်ဆောင် နန်းဆုဦးက ချူဆီဇာတ်ကားတွင် ပါဝင်ရသည့် ထိုက်ထိုက်ဇာတ်ရုပ်တွင်လည်း မည်ကဲ့သို့ ပုံဖော်ထားသည်ကို အကဲဖြတ်နိုင်တော့မည် ဖြစ်သည်။ သရုပ်ဆောင်နန်းဆုဦးနှင့် တွေ့ဆုံ၍ ချူဆီဇာတ်ကား ရိုက်ကူးမှု အမှတ်တရများ၊ ပါဝင်ခွင့်ရသည့်ဇာတ်ရုပ်များတွင် စိတ်နှစ်ကြိုးစားမှုများအကြောင်း မေးမြန်းဖြစ်ခဲ့သည်။

■ မေး - ချူဆီဇာတ်ကားမှာ ပါဝင်ထားတဲ့ ဇာတ်ကောင်စရိုက်ကို ပြောပြပေးပါဦး။

ဖြေ - ချူဆီဇာတ်ကားမှာက ကေတီဗွီမှာ အလုပ်လုပ်နေတဲ့ ကောင်မလေးတစ်ယောက်။ ဘဝကအဆင်မပြေဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝကို ရုန်းကန်နေရတဲ့ ကောင်မလေးနေရာက ပါဝင်ခဲ့တာပါ။

■ မေး - ဒီလိုဇာတ်ရုပ်မျိုးကို အရင်က သရုပ်ဆောင်ဖူးတာရှိလား။

ဖြေ - ဒီလိုဇာတ်လမ်း ဖရိန်မျိုးကိုတော့ အရင်က မရိုက်ခဲ့ဖူးဘူး။ ဒီကာရိုက်တာ အနေနဲ့လည်း အသစ်တစ်ခု ဖြစ်ပါတယ်။ ညီမအတွက် စိတ်လှုပ်ရှားစရာတွေ ကြုံခဲ့ရတဲ့ ဇာတ်ရုပ်ဖြစ်ပါတယ်။

■ မေး - ဒီလိုဇာတ်ရုပ်မျိုးမှာ အံဝင်အောင် သရုပ်ဆောင်တဲ့အခါ ဒီလိုမိန်းကလေးတွေရဲ့ဘဝကို လေ့လာဖြစ်ခဲ့တာမျိုးရှိလား။

ဖြေ - ဒီဇာတ်ကားရိုက်ကူးချိန်မှာ ကေတီဗွီမှာပဲနေတယ်။ ကေတီဗွီမှာ ရိုက်တာများတယ်။ သူတို့တွေရဲ့ ဝတ်စားဆင်ယင်မှု၊ အပြုအမူ အပြောအဆိုတွေတင်မကဘဲ သူတို့တွေရဲ့ စိတ်ခံစားမှု၊ ခံယူချက်၊ ဘဝရဲ့ အခက်အခဲ ဆိုတာတွေကိုလည်း သိခွင့်ရတယ်။ ကေတီဗွီမှာ အလုပ်လုပ်နေရတဲ့ ဘဝတွေနေရာမှာ ကိုယ်ကဝင်ပြီး သရုပ်ဆောင်ရတဲ့အခါ အများကြီး ပိုပြီးနားလည်သွားပါတယ်။

■ မေး - မင်းသမီးတွေ အများကြီးပါတဲ့ ဇာတ်ကားဆိုတော့ သူတို့နဲ့အမှတ်တရ ဖြစ်ရတာမျိုးရှိလား။ ရိုက်ကူးစဉ်မှာ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းရတာမျိုးတွေရောရှိလား။

ဖြေ - ဒီကားထဲမှာ နန်းဆုရဲ့ စီနီယာအစ်မတွေပါတယ်။ အရမ်းလည်း ပျော်စရာကောင်းတယ်။ အစ်မတွေကလည်း သူတို့အတွေ့အကြုံတွေကို နန်းဆုတို့ကို မျှဝေတယ်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှ ရိုက်ခွင့်ရတာဆိုတော့ တကယ်ပျော်စရာ ကောင်းပါတယ်။

■ မေး - ဒီဇာတ်ကားက ကိုမင်းဦး ဒါရိုက်တာအဖြစ် ပထမဆုံးဖန်တီးတဲ့ကားဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုအတွေ့အကြုံတွေ ရခဲ့လဲ။

ဖြေ - ဦးမင်းဦးက အရမ်းကို Flexible ဖြစ်တယ်။ အရမ်းလည်း Relax ဖြစ်တယ်။ တစ်ချိန်လုံး ရယ်မောပြီး ပေါ့ပေါ့ပါးပါးဖြစ်တယ်။ အလုပ်နဲ့ ပတ်သက်ရင်တော့ Serious တော့ ဖြစ်တယ်။ အိုက်တင်ပိုင်းနဲ့ပတ်သက်ရင် သူ မကြိုက်မချင်း ပြန်လုပ်ခိုင်းတယ်။ ညီမတို့အတွက် တကယ့်ကို အဆင်ပြေပါတယ်။ အလုပ်ကိုသေချာ အာရုံစိုက်ပြီး ကြိုးစားရသလို အလုပ်ပြီးရင်လည်း စိတ်သက်သောင့်သက်သာနဲ့ နေခွင့်ရှိတယ်ဆိုတော့ အမှတ်တရပါပဲ။

■ မေး - ဒီဇာတ်ကားထဲမှာ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ရင်ရော ဘယ်လိုပြင်ဆင်ခဲ့လဲ။

ဖြေ - ဒီဇာတ်ကားထဲမှာ ဝတ်ဆင်ဖို့အတွက်ကတော့ ဇာတ်ညွှန်းဦးမိုးနီလွင်၊ ဦးမင်းဦးတို့နဲ့ တိုင်ပင်ပြီး ဝတ်ဆင်ဖြစ်ခဲ့တာပါ။ အဓိကတော့ ကေတီဗွီမှာ အလုပ်လုပ်ကြတဲ့ကောင်မလေးတွေ ဝတ်ဆင်တတ်ကြတဲ့ပုံစံကို အဓိကထား ပြင်ဆင်ခဲ့ပါတယ်။

■ မေး - ကျော်ထက်အောင်နဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ အတွေ့အကြုံဆိုရင်ရော။

ဖြေ - ကိုကျော်ထက်အောင်က အိုက်တင်ပိုင်းမှာလည်း ပရော်ဖက်ရှင်နယ်ဆန်ပါတယ်။ အဆင်ပြေပါတယ်။ နန်းဆုတို့အားလုံး အပေးအယူမျှမျှ လုပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။

■ မေး - ချူဆီဇာတ်ကားနဲ့ ပတ်သက်လို့ ပရိသတ်ကို အကြိုပြောပြချင်တာများ ရှိမလား။

ဖြေ - ဒီဇာတ်ကားမှာ ညီမအနေနဲ့ကတော့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ တစ်ခုပဲစိုးရိမ်တာက တချို့ Scene တွေမှာ လိုအပ်သွားခဲ့မယ်ဆိုရင် ကြိုပြီးတောင်းပန်ထားချင်ပါတယ်။ ၁၄ ရက်နေ့ ရုံတင်တဲ့အခါ ဒီဇာတ်ကားမှာ နန်းဆုရဲ့ သရုပ်ဆောင်မှုအပေါ် ဝေဖန်မှုအားပေးမှု Feedback လေးတွေလည်း သိချင်ပါတယ်။

■ မေး - ဒီဇာတ်ကားက ပရိသတ်တွေအတွက် ဘယ်လိုရသမျိုး ပေးနိုင်မယ်လို့ထင်လဲ။

ဖြေ - လက်ရှိရုံတင်နေတဲ့ ဇာတ်ကားတွေထဲမှာတော့ ရသအသစ်တစ်မျိုး ထပ်ပေးနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ထင်ပါတယ်။

■ မေး - ဥပါဒါန်ဇာတ်ကားက ပုံမှန်ရိုက်ကူးနေကျ ဇာတ်လမ်းမျိုး မဟုတ်ပေမယ့် ပရိသတ်အားပေးမှု များပြားခဲ့တယ်။ ဒီအပေါ်မှာ နန်းဆုဦးရဲ့ စိတ်ခံစားမှုကိုလည်း သိချင်ပါတယ်။

ဖြေ - ဥပါဒါန်ဇာတ်ကားက ရိုက်ကူးစဉ်တုန်းကလည်း ဘာသာရေးနဲ့ ပတ်သက်ပြီး အသိပညာပေးတဲ့ဇာတ်ကားဖြစ်တော့ လွဲမှားလို့ရဘူး။ နန်းဆုပါဝင်ရတဲ့ ဇာတ်ရုပ်ကလည်း ဘာပဲဖြစ်ဖြစ် စိန်ခေါ်မှုတွေ ရှိတယ်ဆိုတော့ ပရိသတ် အထင်အမြင် လွဲမှားစရာဖြစ်မှာ၊ ဒါမှမဟုတ် ဘာသာရေးနဲ့ ပတ်သက်လို့ တစ်ခုခုလေး လွဲချော်သွားမှာကို တကယ်စိတ်ပူခဲ့ပါတယ်။ ဒါပေမဲ့ ရုံတင်ပြသတဲ့အချိန်တုန်းက ပရိသတ်တွေက အရမ်းအားပေးကြတယ်။ ဇာတ်ကားကပေးချင်တဲ့ Message လေးကိုလည်း သဘောကျကြတယ်ဆိုတော့ တကယ့်ကိုပျော်ရွှင်ရပါတယ်။ ဒီလို တန်ဖိုးရှိတဲ့၊ ပရိသတ်တွေအတွက် ဇာတ်ကားကြည့်ရင်းနဲ့ကို ထိုက်တန်တဲ့အတွေးလေးတစ်ခု လက်ဆင့်ကမ်းလိုက်နိုင်တဲ့ ဇာတ်ကားမျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက် တကယ်ပျော်ရပါတယ်။

■ မေး - နောက်ထပ်လုပ်ဆောင်နေတဲ့ အနုပညာလှုပ်ရှားမှုတွေလည်း ပြောပြပေးပါဦး။

ဖြေ - သစ္စာချည်တိုင် ဇာတ်လမ်းတွဲလေး ရိုက်နေပါတယ်။ ဒါပြီးသွားရင်လည်း နောက်ထပ်ဇာတ်ကားတွေ ကမ်းလှမ်းထားတာတော့ ရှိပါတယ်။ နန်းဆုပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရုံတင်ဖို့တွေ ရှိပါတယ်။

■ မေး - နန်းဆုဦးဆိုရင် ဇာတ်ရုပ်တွေက တစ်ကားနဲ့တစ်ကား ကွဲပြားနေတာ အမြဲတမ်း တွေ့ရတယ်နော်။ ဇာတ်ရုပ်တွေကို ရွေးချယ်လက်ခံဖြစ်တာလား။

ဖြေ - အများအားဖြင့်တော့ နန်းဆုရိုက်ရတဲ့ ပုံစံတွေက ကွဲပြားတာများတယ်။ ဥပါဒါန်မှာဆိုရင် ဘာသာရေးနဲ့ ပတ်သက်တဲ့ကား၊ အခု ဒီဇာတ်ကားကတော့ လက်ရှိခေတ်ရေစီးကို ပြထားတဲ့ကားပေါ့။ ထပ်တင်မယ့်အနန္တတို့ ဘာတို့ကတော့ Science Fiction ပေါ့နော်။ ရသတွေကတော့ တစ်ကားနဲ့တစ်ကား မတူဘူး။ နန်းဆုကို လာပြောတဲ့ ဇာတ်ကားတွေထဲကမှ ကိုယ်နဲ့လည်း လိုက်ဖက်တာ၊ ကိုယ်ကြိုးစားကြည့်လို့ရမယ့် ဇာတ်ရုပ်မျိုးကို လက်ခံရတာပေါ့။ ကိုယ်လုပ်နိုင်တာကိုလည်း အကောင်းဆုံး ကြိုးစားပါတယ်။

■ မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များ ရှိဦးမလား။

ဖြေ - နန်းဆုကတော့ ကိုယ်ပါဝင်ခွင့်ရတဲ့ ဇာတ်ကားတိုင်း၊ ဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံး ကြိုးစားနေပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုစကားလေးတွေလည်း အမြဲတမ်းလိုက်နာ ဖြစ်ပါတယ်။ နန်းဆုကို အခုလိုပဲ ချစ်ခင်အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

Most Read

Most Recent