အကယ်ဒမီစိုးသူနှင့် တွေ့ဆုံခြင်း

အကယ်ဒမီစိုးသူနှင့် တွေ့ဆုံခြင်း
Published 6 September 2018

‘အချိန်ကာလတစ်ခုမရောက်ရင် အမှန်တရားဆိုတာ  မပေါ်လာသေးတာရှိတယ်။ အမှန်တရား ပေါ်လာတဲ့အခါကျရင် အားလုံးသိသွားမှာပါ’

 

ပြည်ပမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီးနောက် ဇာတ်ကားရိုက်ကူးခြင်းများ မပြုလုပ် ဖြစ်ဘဲ ဂီတလုပ်ငန်း အနည်းငယ်ကိုသာလုပ်ကိုင်ခဲ့သူ အကယ်ဒမီစိုးသူ၏ ပထမဆုံးပြန်လည်ရိုက်ကူးမှုအဖြစ် ‘တရားလား’ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်တော့မည်ဖြစ်သည်။ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့နှင့်တွဲဖက်ကာ ဇာတ်ကား ရိုက်ကူးမှုများပြုလုပ်သွားမည့် အကယ်ဒမီ စိုးသူက ယင်းဇာတ်ကားတွင် အောင်မြင်သည့် သူဌေးတစ်ဦးဇာတ်ရုပ်တွင် ပါဝင်တော့မည်ဖြစ်သည်။ တစ်ကျော့ပြန် သရုပ်ဆောင်မှုများအားပြန်လည်တွေ့မြင်ရတော့မည်ဖြစ်သည့် အကယ်ဒမီစိုးသူနှင့် တွေ့ဆုံ၍ ဇာတ်ကားအတွက်ပြင်ဆင်ထားမှုများ၊ ကမ်းလှမ်းလာသည့်ဇာတ်ကားများထဲမှ ယခုဇာတ်ကားကို ရွေးချယ်လက်ခံဖြစ်သည့်အကြောင်းနှင့် လတ်တလောတွင် အကယ်ဒမီစိုးသူမှပြန်လည် တရားစွဲဆိုထားသည့်ဖြစ်ရပ်အပေါ် အမြင်များအား မေးမြန်းဖြစ်ခဲ့သည်။

 

မေး- ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ဘယ်လို ဆုံးဖြတ်ဖြစ်ခဲ့တာလဲ။

ဖြေ- ရိုက်ကြဖို့ပြောထားတဲ့ထဲက တစ်ကားပေါ့နော်။ ဒါကို အရင်ရိုက်ဖြစ်တာပါ။ မရိုက်ဖြစ်တာက ပြည်ပသွားလိုက်တဲ့အချိန်ကတည်းကဆိုတော့ ၂၀၀၁ လောက်ကတည်း ကပေါ့။ ၁၇ နှစ်လောက်ကြာပြီးမှ ပထမဆုံး ပြန်ရိုက်ဖြစ်တာ။ ပြန်ရောက်တော့လည်း သီချင်းတွေဘာတွေပဲ ရိုက်ဖြစ်တယ်။ ဇာတ်လမ်းအနေနဲ့ ပထမဆုံး ပြန်ရိုက်ဖြစ်တာပါ။

 

မေး-ဒီဇာတ်လမ်းကိုမှ ဘာကြောင့်ရွေးဖြစ်ခဲ့တာလဲ ဆိုတာလည်း သိချင်ပါတယ်။

ဖြေ- အကုန်လုံးကခင်နေကြတော့ ရိုက်ပေးချင်တယ်။ ဒါပေမဲ့ ကိုယ့်ဘက်က တာဝန်မကျေမှာစိုးတော့ ငြင်းဖြစ်တာများတယ်။ တိုက်ဆိုင်တဲ့ကားလေးတွေ သုံးလေးကားရွေးထားတဲ့အထဲက အကြောင်းတိုက်ဆိုင်တဲ့ ဒီကားလေး စရိုက်ဖြစ်တာပေါ့။

 

မေး- ဇာတ်ကားထဲမှာ သရုပ်ဆောင်ရမယ့် ကာရိုက်တာကရော။

ဖြေ- စီးပွားရေး လုပ်တယ်။ အောင်မြင်တယ်။ လုပ်တိုင်းအောင်မြင်လာတဲ့အခါမှာ မှားတာ မှန်တာ သိပ်မသိချင်တော့ဘူး။ အတ္တတွေ များလာတဲ့အခါ သူလိုလူတွေနဲ့ ထပ်တွေ့တဲ့အခါ ပေါက်ကွဲကုန်ကြတာပေါ့။ အဲဒီလိုဇာတ်ရုပ်မျိုးပါ။

 

မေး-ဇာတ်လမ်းကနေ ဘယ်လိုရသမျိုးကို ပရိသတ်တွေကို ပေးနိုင်မယ်လို့ရောထင်လဲ။

ဖြေ- ဒီဇာတ်လမ်းကခေတ်နဲ့လည်းကိုက်တယ်။ လူတွေနဲ့လည်း အင်မတန်ကိုက်တယ်။ လူတွေရဲ့ဘဝကိုထင်ဟပ်တယ်။ ကြည့်တဲ့ ပရိသတ်တွေအတွက်ရသလည်း ပေးနိုင်မှာဖြစ်သလို အကျိုး ပြုလည်းဖြစ်မယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့်လည်း ရိုက်ဖြစ်တာပါ။

 

မေး-ဘယ်ရက်လောက်စရိုက်ဖြစ်မလဲ။

ဖြေ- နောက်လေးရက်လောက်ဆို စရိုက်ပါ ပြီ။ ရန်ကုန်နဲ့ နယ်မြို့တချို့မှာ ရိုက်မှာပါ။

 

မေး- တွဲဖက်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေနဲ့ရော ဘယ်လိုညှိနှိုင်းသရုပ်ဆောင်ဖြစ်မလဲ။

ဖြေ- ကစ်ကစ်နဲ့က ကြော်ငြာလည်း ရိုက်ဖူးတယ်။ မဂ္ဂဇင်းကာဗာလည်းတွဲရိုက်ဖူးတယ်။  တီတီနဲ့ကတွဲမရိုက်ဖူးပေမယ့် အပြင်မှာခင်နေပြီးသားပေါ့။ ဇာတ်ကားထဲမှာကတော့ တစ်ယောက်ချင်းစီရဲ့ကာရိုက်တာအလိုက် သရုပ်ဆောင်ကြမယ်။ အဆင်ပြေမှာပါ။

 

မေး- ပရိသတ်တွေက ကိုစိုးသူဇာတ်ကားရိုက်တာကို တော်တော်လေးစောင့်ခဲ့တယ်ဆိုတော့ သူတို့အတွက် ပြောချင်တာများရှိမလား။

ဖြေ- သူတို့အတွက်ရိုက်ပေးဖြစ်တာက အဓိကပါ။ ပရိသတ်ကကျွန်တော့်ကိုအားပေးကြတယ်ဆိုပေမယ့် ကျွန်တော့်ဘက်က အနုပညာဖန်တီးမှုအသစ်တစ်ခု ရိုက်ကူးတာမျိုး တာဝန်မကျေဘူး။ ဒါကြောင့် သူတို့အတွက် ရိုက်ကူးဖြစ်မှာပါ။ သူတို့အားပေးနေတာကိုလည်း ကျေးဇူးတင်တယ်။

 

မေး-သီချင်းအသစ်တွေရော ထပ်လုပ်ဖြစ်ဖို့ရှိမလား။

ဖြေ- သီချင်းတွေလည်း လုပ်ဖြစ်ပါမယ်။ တီးဝိုင်းက ညီအစ်ကိုတွေရော ကျွန်တော်လည်း လုပ်ချင်တယ်။

 

မေး- ဇာတ်ကားအတွက် ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ- ကာရိုက်တာပိုင်းအတွက်ကတော့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးထားပါတယ်။ အားလုံးပြင်ဆင်ပြီးမှပဲ ရိုက်ကူးဖြစ်တာပါ။

 

မေး-ကိုစိုးသူနဲ့ပတ်သက်လို့ အွန်လိုင်းမှာ အားပေးကြတာတွေလည်းရှိသလို ဝေဖန်မှုကြုံရတာလည်း ရှိမှာ ပဲလေ။ အဲဒါတွေအပေါ် ဘယ်လိုမြင်လဲ။

ဖြေ- ဘာမှပြောစရာတော့မရှိပါဘူး။ ဒါက လူတိုင်းကြုံရတဲ့ကိစ္စပဲလေ။ သူတို့မှာလည်း ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတာပဲလေ။ သူတို့အမြင် သူတို့ပြောကြတာပေါ့။ အဲဒီအပေါ်ပြောစရာတော့မရှိပါဘူး။ ကိုယ်ကရိုးသားဖို့လိုတယ်။ မှန်ဖို့လိုတယ်။ ဒီအရွယ်မှာတော့ အကုန်လုံးကိုလည်း နားလည်နိုင်တဲ့အတွက် အရေးမကြီးပါဘူး။ အချိန်တစ်ခုရောက်လာရင်တော့ အားလုံးနားလည်သွားမှာပါ။

 

မေး-လက်ရှိ တရားစွဲဆိုထားတဲ့ကိစ္စနဲ့ပတ်သက်လို့ ပြောပြချင်တာမျိုးရှိမလား။

ဖြေ- အဲဒါကတော့အကျိုးတော်ဆောင်ရှေ့နေကြီးက သူ့ကိုပဲမေးပါလို့ပြောထားပါတယ်။ ကျွန်တော်တို့ကို မဖြေပါနဲ့လို့လည်း ပြောပါတယ်။ သူညွှန်ကြားတာကိုပဲ လိုက်နာပါမယ်။ ကိုယ်က မှန်ဖို့ရိုးသားဖို့ပဲလိုတာပါ။ ဘဝမှာ လူတိုင်းကြုံကြရတဲ့ကိစ္စပါ။ ကြီးတာနဲ့သေးတာပဲ ကွာမှာပါ။ ဘာသာရေးနဲ့ထိတွေ့မှုလည်းရှိတော့ ခံစားမှုလည်း အထွေအထူး မရှိပါဘူး။ ထေရဝါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အသက်ရှင်ရပ်တည်နေရ တဲ့အချိန်က တန်ဖိုးရှိပါတယ်။ အကောင်းဆုံး အလုပ်တွေလုပ်နေဖို့ပဲ အရေးကြီးပါတယ်။ ဘက်စုံထောင့်စုံ တာဝန်ကျေတဲ့သူ တစ်ယောက်ဖြစ်ချင်တယ်။ ဒီဆန္ဒပဲရှိပါတယ်။ အချိန်ကာလတစ်ခု မရောက်ရင်အမှန် တရားဆိုတာ မပေါ်လာသေးတာရှိတယ်။ အမှန်တရား ပေါ်လာတဲ့အခါကျရင် အားလုံးသိသွားမှာပါ။

 

Most Read

Most Recent